နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ အောင်ပွဲရ
နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ အောင်ပွဲရ
မောင်မောင်လှကြိုင်
ဟွန်ဒျူးရပ်စ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ (၂၀၀၉ ခုနိုဝင်ဘာ ၂၉) ရွေးကောက်ပွဲကို မဲမပေးပဲ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ပါတယ်။ “ပြည်သူတို့က မတရားတဲ့အမိန့် မနာခံခြင်း စီမံကိန်း” အရ ဟွန်ဒျူးရပ်စ် ပြည်သူများစွာက ရော်ဘတ်တို မစ်ချဲလက်တီရဲ့ အာဏာသိမ်း အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ မဲမပေးပဲ နေခဲ့ကြပါတယ်။
၂၀၀၉ ခု ဇွန်လ ၂၈ ရက်နေ့ အာဏာသိမ်းခဲ့ချိန်မှစကာ “ငြိမ်းချမ်းတဲ့တော်လှန်ရေး အမျိုးသားတပ်ဦး” ကို ဟွန်ဒျူးရပ်စ် အတိုက်အခံများက ဖွဲ့စည်းခဲ့ပါတယ်။ ထိုတပ်ဦးက မတရားအမိန့်များ မနာခံမှု နည်းမျိုးစုံဖြင့် ရွေးကောက်ပွဲကို သိပိတ်မှောက်ခဲ့ကြပါတယ်။ ထိုရွေးကောက်ပွဲကို အမေရိကတိုက် နိုင်ငံများစွာက အသိအမှတ် မပြုကြပါဘူး။ ထိုရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ရန် အများတောင်းဆိုထားကြတဲ့ မဲဆန္ဒများကို လျစ်လျူရှုထားလျက် အာဏာသိမ်း အုပ်ချုပ်သူများရဲ့ အရာရှိများသာ ပါဝင်စေခဲ့တာပါ။
ရွေးကောက်ပွဲ ကျင်းပစဉ်မှာ လွတ်လပ်တဲ့ တသီးပုဂ္ဂလလေ့လာသူများက အင်တာနက်များမှတဆင့် သတင်းများ မျှဝေပေးခဲ့ပါတယ်။
သမ္မတ မဲန်နျူရယ် ဖယ်လာယာ က “ယနေ့ရွေးကောက်ပွဲတွင် အချို့နေရာများမှာ မဲလာမပေးသူ ၈၀% အထိ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ မအောင်မြင်ကြောင်း” ကြေညာခဲ့ပါတယ်။ (မဲလာမပေးသူ ပျမ်းမျှ ၆၀% ရှိခဲ့ပါတယ်။) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ အမေရိကန် အခြေစိုက် လှုပ်ရှားသူ များက ဟွန်ဒျူးရပ်စ်နိုင်ငံ ရွေးကောက်ပွဲဟာ မျှတတဲ့အခြေအနေများ မရှိကြောင်း သတိပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ရွေးကောက်ပွဲမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း ကျွန်မ ပြောနိုင်ပါတယ်လို့ ဟွန်ဒျူးရပ်စ်မှ လေ့လာပြီြး ပန်လာတဲ့ လက်တင်အမေရိက ဆောင်ရွက်ရေးအဖွဲ့မှ လစ္စာ ဟောင်းဂတ် က ဆိုပါတယ်။
ဟွန်ဒျူးရပ်စ်မှာ အာဏာသိမ်းအုပ်ချုပ်မှုကို တော်လှန်ကြတဲ့ လူငယ်များ၊ အမျိုးသမီးများ၊ အနုပညာ ရှင်များ၊ ရှေ့နေများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကဲန်ပိန်းလှုပ်ရှားသူများစတဲ့ အလွှာစုံမှပြည်သူများက ကောင်းမွန်တဲ့ အကြောင်းပြချက်များနဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြပါတယ်။
ဟွန်ဒျူးရပ်စ် တော်လှန်ရေးခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘာသာ အိုလစ်ဗား နဲ့ အရာမီတာ ပယ်ရဲယီးရားတို့က ရွေးကောက်ပွဲမတိုင်မီမှာ အမေရိကကိုလာရောက်ပြီး အမေရိကန်ကွန်ဂရက် အဖွဲ့ဝင်များအား ဟွန်ဒျူးရပ်စ်မှ အခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။ ဟွန်ဒျူးရပ်စ်မှ အာဏာသိမ်း အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖန်တီးတဲ့ လူသားများဆိုင်ရာ ပဋိပက္ခများ၊ အကြမ်းဖက် ဖိနှိပ် နှိမ်နင်းမှုများ၊ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုများ၊ အဓမ္မ ဖျောက်ဖျက်မှုများ၊ အတိုက်အခံ ခေါင်းဆောင် များနဲ့ အဖွဲ့ဝင်များ နေ့စဉ်ကြုံတွေ့နေရတဲ့ ညှင်းပန်းနှိပ်စက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ဟွန်ဒျူးရပ်စ် အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ဆက်ဆံမှုများနဲ့ အမျိုးသမီး ၃၅၀ ကျော်ကို မုဒိန်းကျင့် သတ်ဖြတ်မှု အစီရင်ခံစာများကို တင်ပြခဲ့ကြပါတယ်။
အာဏာ ဆက်လက်ရယူသွားဘို့အတွက် မစ်ချဲလက်တီအစိုးရရဲ့ အလွဲသုံးပြုမူမှုများ၊ မတရား သတ်ဖြတ်ခြင်းများ၊ မုဒိန်းကျင့်မှုများ၊ အကျင့်ပျက် လာဘ်ယူ ခြစားခြင်းများ၊ တရားဥပဒေမဲ့ပြုမူမှုများရဲ့ ဖြစ်ရပ်များကိုလဲ တင်ပြခဲ့ကြပါတယ်။
“ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ပြည်သူတို့ရဲ့ ဆန့်ကျင်မှု အမှတ်အသားဖြစ်တယ်”လို့ သူတို့က ကြေညာခဲ့ကြပါတယ်။
“မဲမပေးကြပါနဲ့။ အကြမ်းဖက်နေတဲ့ အခြေအနေအောက်က ဟွန်ဒျူးရပ်စ်ရဲ့ ရွေးကောက်ပွဲ အလိုမရှိ လို့ပြောကြ” ဆိုတဲ့ ဆောင်ပုဒ်ကိုင်ဆွဲလျက် လူထုတော်လှန်ရေးကို အပြည်ပြည်ဆိုင်ရာ ထောက်ခံမှု ပိုမိုပေးကြရန် လှုပ်ရှားသူများက တောင်းဆိုကြပါတယ်။
အာဏာသိမ်းခေါင်းဆောင် မစ်ချဲလက်တီရဲ့အုပ်ချုပ်မှု ၅ လ ခန့် (၂၀၀၉ ဇွန်လမှ နိုဝင်ဘာလ) အတွင်းမှာ ပြည်သူလူထုအပေါ် အကြမ်းဖက်မှု များစွာရှိခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားများ၊ ကျောင်းသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးများအပေါ် အကြမ်းဖက်မှုများ ပါဝင်ပါတယ်။ အကြမ်းဖက်မှုတွေမှာ လူ ၂၇ ယောက်သာ သေဆုံးခဲ့တယ်လို့ အုပ်ချုပ်သူဘက်က ဆိုပါတယ်။ ဒါပေမယ့် လူရာပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်လို့ အတိုက်အခံများကတော့ ဆိုကြပါတယ်။ အတိုက်အခံတို့ရဲ့ မီဒီယာနဲ့စာနယ်ဇင်းများ အပိတ်ခံရ၊ ဆင်ဆာအထိခံရ၊ ခြိမ်းခြောက် ခံရမှုများ ရှိခဲ့ပါတယ်။ ထိုအချိန်က ထွက်ပေါ်လာတဲ့သတင်းများကတော့ အာဏာသိမ်းအုပ်စုကို ထောက်ခံတဲ့သူများရဲ့ ဖန်တီးသတင်းများသာ ဖြစ်ကြပါတယ်။
(Jelena ရေးသားတဲ့ Failed Elections in Honduras: Peaceful Resistance Boycotted Coup efforts while Repression causes one Dead and Dozens Tortured and Detained သတင်းဆောင်းပါးကို မှီးငြမ်းပါတယ်)
မောင်မောင်လှကြိုင်
၂၀၁၀ စက်တင်ဘာ ၁၆
Download PDF – here





