Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for May 19th, 2011

သမတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးသည် ဆိုသော်လည်း

leave a comment »

သမတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးသည် ဆိုသော်လည်း

အကျဉ်းချခံနေရသူများအား “လွတ်ငြိမ်းချမ်းသာခွင့်” ပေးသည် ဆိုသော နိုင်ငံတော် သမတ ဦးသိန်းစိန်၏ ဆောင်ရွက်ချက်မှာ လွတ်ငြိမ်းချမ်းခွင့် အစစ်အမှန် မဟုတ်ပဲ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မဖြစ်မနေ လုပ်ပေးရသည့် “လျှော့ရက် စတိ” မျှသာ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသား ပြည်သူများအပေါ် အမှန်တကယ် ထားရှိအပ်သည့် စေတနာ မပါမှန်း၊  မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုအတွက် အထောက်အကူ မပြုမှန်း၊ ပြည်သူတို့အတွက် လူ့အခွင့်အရေး အာမခံချက် မရှိမှန်း ဆက်လက် သိသာနေဆဲ ဖြစ်သည်ကိုလည်း တွေ့ရပြန်သည်။

သို့သော် သေဒဏ် အမိန့်ချမှတ်ခံရသူများအတွက် တသက်တကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲခွင့်ပြုခြင်းကိုမူ အပြုအမူကောင်းတရပ်အဖြစ် သတ်မှတ်နိုင်ပါသည်။

တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းရာကောင်းကျိုးအတွက် နိုင်ငံသမတတို့က အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် (amnesty) နှင့် အပြစ်မှ ခွင့်လွှတ်ခြင်း (pardon) ပြုလေ့ရှိကြသည်။ ဗီယက်နမ်စစ်ပွဲအတွင်း စစ်မှုထမ်းဆောင်ရန် ငြင်းဆန်မှုကြောင့် အကျဉ်းချခံရသူ တသောင်းကျော်ကို အမေရိကန်သမတများ ဖြစ်ခဲ့ကြသော ဂျရယ်ဖို့ဒ်နှင့် ဂျင်မီကာတာတို့က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ ပြည်ထောင်စုအခွန် မပေးဆောင်ရေး ဆန့်ကျင်ခဲ့ကြသူ ဝီစကီ တော်လှန်ရေး (Whiskey Rebellion) သူပုန်အားလုံးကို အမေရိကန်သမတ ဂျော့ဝါရှင်တန်က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပြည်သူတို့၏ စာရေးသားတောင်းဆိုမှုများကြောင့် အမေရိကန်သမတ ဖရန်ကလင် ရုစ်ဘဲ့က အကျဉ်းသား လေးထောင်နီးပါးအား အပြစ်မှ ခွင့်လွှတ်ခဲ့ဖူးသည်။

ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေသူများအား ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကန့်သတ်ချုပ်ချယ် အကျဉ်းချထားခြင်းသည် နိုင်ငံအကြီးအကဲ၊  နိုင်ငံတော်သမတ တဦး၏ မည်သည့်အခါမျှ မှန်ကန်သောလုပ်ရပ် မဖြစ်ပါ။ အဆိုပါ နိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများက မှားယွင်းလျက်ရှိနေကြောင်းကိုပင် ထပ်မံ သက်သေပြရာ ရောက်သွားသည်။

ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူများ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ရန်အတွက် (အစိုးရနှင့် ပြည်သူတို့၏) အလေ့အကျင့်မျှသာ ဖြစ်သည်။ သို့ဖြစ်ရာ သမတအနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများအား အထူး စိုးရိမ် ကြောက်လန့်နေစရာ၊ ရန်ငြိုးထား ချုပ်ချယ် အကျဉ်းချထားစရာ မလိုပါ။ ဒီမိုကရေစီ ရရှိရေး ထောက်ခံအားပေး ကြိုးပမ်းနေသူများသည် ဒီမိုကရေစီ အလေ့အကျင့်များကိုသာ အခြေခံ၍ ကြိုးပမ်းနေခြင်း ဖြစ်သောကြောင့် မည်သည့်ဥပဒေနှင့်မျှ တိုင်းတာ ကန့်သတ် ချုပ်ချယ်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီနိုင်ငံ အစစ်အမှန် ဖြစ်သည်ဆိုလျှင် နိုင်ငံ၏ ဥပဒေနှင့် တရားစီရင်ထုံးများသည် ဒီမိုကရေစီ အလေ့အကျင့်များကို လိုလိုလားလား ခွင့်ပြုထားရပေလိမ့်မည်။

သမတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကို အမှန်တကယ် ဦးဆောင် တည်ဆောက်လိုလျှင် ဦးစွာအားဖြင့် ဒီမိုကရေစီ ရရှိရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ပေးကိုပေးရမည် ဖြစ်သည်။ လက်ရှိ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများကို ပြန်လည်စိစစ်ကာ ဒီမိုကရေစီရှုထောင့်မှနေ၍ ပြုပြင်သင့်သမျှ ပြုပြင်နိုင်ရေးကို အားထုတ်သင့်သည်။ ပြုပြင်ပြီးသည့်အတိုင်း လက်ရှိအုပ်ချုပ်ရေး ယန္တယားဘက်မှလည်း တိကျစွာ လိုက်နာကျင့်သုံးနိုင်ရေးကို စီမံခန့်ခွဲထားသင့်သည်။

ဒီမိုကရေစီ နိုင်ငံတော်ကို တဦးတည်းက ဦးဆောင်နိုင်သော်လည်း တဦးတည်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။ ယုံကြည်ချက် ရှိသူ၊ အရည်အချင်းရှိသူများနှင့်အတူ လက်တွဲ ကြိုးပမ်းရမည်သာ ဖြစ်သည်။ တချိန်တည်းမှာပင် သမတအနေဖြင့် ပြည်သူတို့၏ ပံ့ပိုး ကူညီမှုနှင့် ထောက်ခံ အားပေးမှုများ လိုအပ်သည်။ ကိုယ်တိုင် အမြော်အမြင် ကြီးမားဖို့၊ သန္နိဌာန် ခိုင်မာဖို့၊ စိတ်ထားဖြူစင်ဖို့၊ ကျောသား-ရင်သား မခွဲခြားဖို့၊ လောဘ-ဒေါသ-မောဟ ကင်းစင်ဖို့လည်း လိုသည်။

သမတ အလုပ်သည် နိုင်ငံရေး အလုပ်တခုဖြစ်သည်။ နိုင်ငံရေးတွင် ရန်ငြိုး၊ ဒေါသနှင့် အကြောက်တရားများ ပါရှိနေလျှင် မည်သည့်အခါမျှ အောင်မြင်နိုင်မည် မဟုတ်ပါ။ အောင်မြင်သည့်တိုင်အောင် လူထုမကြိုက်သော တဖက်စွန်းရောက် အာဏာရှင် အောင်မြင်မှုသာ ဖြစ်လာပေလိမ့်မည်။

နိုင်ငံတော်သမတ ဟု ဆိုလိုက်ကတည်းက သမိုင်းဝင် ပုဂ္ဂိုလ်မှန်း သိကြသည်သာ ဖြစ်သည်။ သမတအလုပ်တွင် ကောင်းကောင်းဆိုးဆိုး လုပ်သမျှ အသေးအဖွဲကအစ မှတ်တမ်းတင်ခံရမည်။ လူသိရှင်ကြား ထုတ်ဖော်ခံရမည်။  တရက်တလမျှသာ မဟုတ်ပဲ နှစ်ပေါင်းများစွာမက ရာစုနှစ်နှင့်ချီ၍ နာမည်ကောင်း (သို့) နာမည်ဆိုးဖြင့် သမိုင်းတွင်နေမည် ဖြစ်သည်။

အကောင်းအဆိုးကို ဆုံးဖြတ်ပေးသူမှာ ပြည်သူလူထုဖြစ်သည်။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်သူ လူတဦးစ၊ နှစ်ဦးစက ချီးကျူး ထောပနာပြုခြင်းကို ခံယူရသည်ထက် ပြည်သူ သန်းပေါင်းများစွာတို့၏ ထောက်ခံသော လက်ခုပ်သံများကို ခံယူရခြင်းက နာမည်ကောင်းဖြင့် သမိုင်းတွင်သွားသည့် သမတအဖြစ် တိုင်းပြည်အကျိုး သယ်ပိုးရကျိုး နပ်ပေလိမ့်မည်။

လွင်အောင်စိုး

၁၉-၅-၂ဝ၁၁

Download PDF – Despite declaring an amnesty

Written by Lwin Aung Soe

May 19, 2011 at 6:40 am

Follow

Get every new post delivered to your Inbox.