အသွင်ကူးပြောင်းရေးကာလသို့ ဦးတည်ပြီ
အသွင်ကူးပြောင်းရေးကာလသို့ ဦးတည်ပြီ
ပြိုင်ပွဲဟူသည် အနိုင်ရရှိရေးအတွက် တဘက်နှင့်တဘက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ အင်အားသာသည့်ဘက်မှ အနိုင်ရပြီး အင်အားနည်းသည့်ဘက်က အရှုံးထွက်ရစမြဲ ဖြစ်သည်။ အားကစားဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ၊ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ တရားရေးဖြစ်စေ အပြိုင်အဆိုင် ဖြစ်လာသော နှစ်ဘက်မှ အနိုင်ရအောင် ကြိုးပမ်းကြသည်။ ယုတ်စွအဆုံး မိသားစုတခုအတွင်းမှ သာမန် အငြင်းပွားမှုတခုတွင်ပင်လျှင် အနိုင်ရရှိရေးအတွက် အသဲအသန် ငြင်းခုန် ရန်ဖြစ်တတ်ကြသည်။
မည်သည့်ကဏ္ဍဖြစ်စေ အနိုင်ရရှိရေးအတွက် ပြိုင်ဆိုင်မှုမှန်သမျှ နှစ်ဦးနှစ်ဘက် (သို့) အများက သဘောတူညီမှု ရှိသော မျှတသည့် စည်းမျဉ်းဥပဒေဘောင်အတွင်းမှသာ ယှဉ်ပြိုင်ရသည်။ မိသားစုဖြစ်လျှင် ထိုမိသားစု၏ စည်းကမ်းနှင့် စရိုက်ပေါ်တွင် မူတည်ပါလိမ့်မည်။ သို့သော် ဤဆောင်းပါးကိုရေးသားရသည့် ရည်ရွယ်ရင်းမှာ ပြိုင်ပွဲ မဟုတ်ပါ။ အခြေခံစည်းမျဉ်းဥပဒေများတွင် တရားမျှတမှု မရှိပါက အဓိပ္ပာယ်ကင်းမဲ့သော ပြိုင်ဆိုင်မှုကိုသာ ဖြစ်စေ သောကြောင့် ပိုမို၍ အဓိပ္ပာယ်ရှိရှိ အကျိုးဖြစ်ထွန်းနိုင်စေမည့် နိုင်ငံရေး အကျိုးအမြတ်တခုခုသာ ရည်ရွယ်ပါသည်။
ယခုနောက်ဆုံး မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ပြိုင်ပွဲတရပ် မဟုတ်တော့ပါ။ အသွင်ပြောင်းကာလသို့ အပြု သဘောဖြင့် ချဉ်းနင်းဝင်ရောက်လာနေသည်။ သူ့ဘက်ကိုယ့်ဘက် ပူးပေါင်းလျက်၊ အပြန်အလှန်ကူညီလျက် တလှေထဲစီးတခရီးထဲသွားကြသည့် ခရီးသည်များ ဖြစ်လာကြပါတော့မည်။ နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ် အတွင်း ပြည်သူများ ပထမဦးဆုံးကြုံတွေ့ရတော့မည့် မင်္ဂလာရှိသော နိုင်ငံရေးအခင်းအကျင်းဟုပင် ဆိုချင်ပါသည်။
မည်သည့် ဒီမိုကရေစီနိုင်ငံမဆို အသွင်ကူးပြောင်းရေးကာလတွင် လွတ်လပ်မှုနှင့် တန်းတူညီမှု ရှိရေးကို ရှိရှိသမျှ အင်အားစုအားလုံးတို့က ညီညာဖျဖျ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရင်ဦးဆုံးအလုပ် ဖြစ်သည်။ ထိုသို့ မလုပ် နိုင်လျှင် အသွင်ကူးပြောင်းရေးကာလက မအောင်မြင်နိုင်ဘဲ ရှိနေတတ်သည် (သို့) အချိန်ကြန့်ကြာနေတတ်သည်။ တဘက်နှင့်တဘက်ပြိုင်ဆိုင်မှု ဆိုသည်မှာ တရားမျှတမှုကို အခြေခံကျကျ တည်ဆောက်ပြီးချိန်တွင်သာရှိရသည်။ ပြိုင်ဆိုင်မှုသည် တိုးတက်မှုကို ဖြစ်စေသောကြောင့် လက်သင့်ခံနိုင်သော နည်းလမ်းတခုဟု မည်သို့ပင်ဆိုစေကာမူ တရားမျှတမှုကို အရင်ဦးစွာ တည်ဆောက်ယူရသည်။ ဒီမိုကရေစီတွင် လွတ်လပ်မှုနှင့် သဟဇာတဖြစ်စေမှုတို့ကို ထိန်းပေးထားသည့် တန်းတူညီမျှမှုက အလွန်အရေးကြီးသောစံနှုန်းတခု ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဟု ပြတ်ပြတ် သားသား ကြေညာရဲလျှင် ဤစံနှုန်းက အပြည့်အဝရှိနေသောကြောင့်သာ ဖြစ်ရပေလိမ့်မည်။
အသွင်ကူးပြောင်းရေးကာလ တလှေထဲစီးတခရီးထဲသွားနေသူတို့အချင်းချင်း အသာစီးရလိုသူများအတွက် နေရာ ရှိမည် မဟုတ်ပါ။ သို့သော် ဤခရီးကို အမှန်တကယ် သွားလိုသူဖြစ်လျှင် အများနည်းတူ တန်းတူညီမျှစွာ နေထိုင် ကျင့်ကြံဖို့တော့ လိုပါမည်။ တန်းတူညီမျှနိုင်အောင်လည်း ကျန်ခရီးသည်တို့က ဖေးမထိန်းကျောင်းရပါလိမ့်မည်။
မြန်မာနိုင်ငံ၏ အတိတ်ကာလတွင် တရားမျှတမှုကို အခြေမခံသော နိုင်ငံရေးအခြေအနေများ၌ တဘက်နှင့် တဘက် ပြိုင်ဆိုင်မှုများ ရှိနေခဲ့သည်။ နိုင်ငံသားအချင်းချင်း အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ကြသောကြောင့် သွေးထွက်သံယိုဖြစ်သူဖြစ်၊ ဘဝပျက်သူပျက်၊ သေသူသေခဲ့ကြရသည်။ နိုင်ငံသားအချင်းချင်း မခံမရပ်နိုင်သော နာကျည်းမှုများ ရှိလာခဲ့သည်။ ရန်ငြိုးနှင့် အာဃာတသည် နိုင်ငံရေး စစ်မြေပြင်၏ ထာဝရ ရှင်သန်နေသော မြက်ရိုင်းပင်များပမာ ဖြစ်နေခဲ့သည်။ တမြေတည်းနေ တရေတည်းသောက်လျက်ကပင် တဦးနှင့်တဦး ရွံရှာ မုန်းတီးနေခဲ့ကြသည်။ သံသယစိတ်များ မဖျောက်နိုင်ဘဲ ရှိနေခဲ့ကြသည်။ အကြောက်တရားပိုကာ ကြောက်ကန် ကန်နေခဲ့ကြသည်။ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုသည်မှာ ဝေလာဝေး၊ မေတ္တာထားနိုင်ဖို့ကိုပင် မလွယ်ကူသည့် ကြမ်းတမ်းခက်ထန်လိုသောစိတ်များ ဝင်နေခဲ့ကြသည်။ တဘက်ကို ဖိနှိပ်ချိုးနှိမ်ထားမှ မိမိအနေသာမည့်၊ ကောင်းစားမည့် တကိုယ်ကောင်း စိတ်ဓါတ်မျိုးကို တမင်တကာ မွေးမြူ ကျင့်သုံးသူတို့လည်း ရှိနေခဲ့ကြသည်။
ဤသို့သော နိုင်ငံရေးကြောင့် ဖြစ်ရသည့် ဆိုးကျိုးတရားများသည် လူတဦးချင်းအတွက်ဖြစ်စေ၊ အဖွဲ့အစည်းတခု အတွက် ဖြစ်စေ၊ ကုန်ကုန်ပြောရလျှင် နိုင်ငံအတွက်ပင်ဖြစ်စေ မလိုအားအပ်မှန်း၊ မကောင်းမှန်း၊ လက်မခံထိုက်မှန်း သိကြမည်သာ ဖြစ်သည်။ သို့သော် ပြန်ပြင်ယူနိုင်စွမ်း မရှိခဲ့ကြပါ။ ဤဆိုးကျိုးတရားများက တဦးချင်း တဖွဲ့ချင်း မှသည် တနိုင်ငံလုံးထိ ပြန့်နှံ့သွားသောအခါ နိုင်ငံရေးစရိုက်ဆိုးတခု ဖြစ်လာတော့သည်။ မည်သည့် နိုင်ငံရေး စရိုက်မဆို တိုင်းပြည်၏ ကံကြမ္မာ အဆိုးအကောင်းကို ဖန်တီးမြဲဖြစ်သည်။ စရိုက်ကောင်းသူသည် ကြီးပွားတိုးတက် သကဲ့သို့ စရိုက်မကောင်းသူက တက်အုပ်ချုပ်သောအခါ တိုင်းပြည်ပျက်တော့သည်။
ကျနော်တို့သည် အမိမြန်မာနိုင်ငံကြီးကို ငြိမ်းချမ်းသာယာ ဝပြောစေချင်ပါကြသည်။ အနည်းဆုံး ပတ်ဝန်းကျင် နိုင်ငံများထက် မသာလွန်သည့်တိုင်အောင် အမီလိုက်ကာ ခေတ်ပေါ်ပစ္စည်းများကြားတွင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်လိုကြသည်။ မျှတမှန်ကန်သော တရားဥပဒေ၏ အကာအကွယ်အောက်တွင် သမ္မာအာဇီဝ အလုပ်ဖြင့် သန့်ရှင်းစင်ကြယ်သောဘဝကို ပူပင်ကြောင့်ကျ ကင်းစွာ တည်ဆောက်လိုကြသည်။ အချိန်အားရလျှင် ပရဟိတအလုပ်ကို ဝင်လုပ်လိုက်ဖို့ ဆန္ဒရှိကြသည်။ သို့တည်းမဟုတ် တရားဘာဝနာ ပွားများကာ ကောင်းမှု ကုသိုလ်ပြုလျက် နေချင်ကြသည်။
ကျနော်တို့၏ ဆန္ဒများ ပြည့်ဝလာနိုင်ပါမည်လား။ တနေ့နေ့တွင် ပြည့်ဝလာနိုင်ရမည်ဟု ယုံကြည်နေမိပါသည်။ ထိုနေ့ကား မဝေးတော့ဟု ထင်သည်။ ယခုအချိန်သည်ကား နိုင်ငံရေးစရိုက်ဆိုးများကို ဖယ်ရှားစပြုလာသည့် အသွင်ကူးပြောင်းရေးကာလ ဖြစ်သည်။ စရိုက်ဆိုးများကို ကောင်းအောင် ပြန်ပြင်ယူကြသည့် အချိန်ဖြစ်သည်။ အပြုသဘောဖြင့် မြင်တတ်လာချိန်လည်းဖြစ်သည်။ ဤသို့သော မရှိစဖူး ထူးထူးကဲကဲ မင်္ဂလာအချိန်ကောင်းတွင် တိုင်းပြည်၏ ရင်းမြစ်စွမ်းအားအသီးသီးကို ပိုင်ဆိုင်ထားကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အစိုးရ တို့၏ ဦးဆောင်သူ နှစ်ဘက်စလုံးက အပြန်အလှန် ယိုင်းပင်းကူညီကာ ဖေးမလက်တွဲခေါ်ခြင်း၊ ပူးပေါင်းကာ အခြေခံတရပ်တည်ဆောက်ခြင်းဖြင့် အများပြည်သူ မျှော်မှန်းတောင့်တနေသော ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိ သည့်နေ့မှစ၍ မြန်မာပြည်သူ လူထုတရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများ ပြည့်ဝလာပါတော့မည်။
လွင်အောင်စိုး
၂၇-၈-၂ဝ၁၁
Download pdf – Toward a transitional period
Download Word – Toward a transitional period


