ဒီမိုကရေစီ ရပိုင်ခွင့်များ မရှိဘဲ ဒီမိုကရေစီကို စတင် မကျင့်သုံးနိုင်ပါ
“စာပေလွတ်လပ်ခွင့် ဆိုတာကလည်း စည်းမဲ့ကမ်းမဲ့ ဒီအချိန်မှာ လုပ်လို့ မရသေးဘူး တဲ့၊ ဒီမိုကရေစီဆိုတာ ဒီနိုင်ငံရဲ့ မွေးကင်းစ ကလေးလိုပဲ ရှိပါသေးတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လျှော့ပေါ့ပြီးတော့ ဥပဒေတွေ ပြဋ္ဌာန်းပြီး အဆင့်ဆင့်လုပ်လာရင် ဒီ ဥပဒေတွေဟာ သီးခြား ဒီလွှတ်တော်မှာ ပြဋ္ဌာန်းစရာမလိုဘဲနဲ့ တစတစနဲ့ သူတို့က လျှော့ပေါ့ပြီး တိုးလာဖို့ အခြေအနေ ရှိပါတယ်လို့ ပြောပါတယ်။”
(ပြည်သူ့လွှတ်တော်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြောကြားချက်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တဦးမှ ပြန်ပြောသော DVB သတင်း ၇-၉-၂ဝ၁၁ မှ) http://burmese.dvb.no/archives/15253
“ဒီမိုကရေစီဆိုတာ ဒီနိုင်ငံရဲ့ မွေးကင်းစကလေးလိုပဲ ရှိပါသေးတယ်” ဟု ဝန်ကြီးဦးကျော်ဆန်းက ပြောဆိုလိုက် ရာတွင် အဓိပ္ပာယ်အမျိုးမျိုး ထွက်နေသည်။
- အစိုးရနှင့် နိုင်ငံရေးပါတီတို့က ဒီမိုကရေစီကျင့်စဉ်များကို နဂိုကတည်းကပင် သိရှိနားလည်သဘောပေါက်ပြီး နိုင်ငံရေးစနစ်တရပ်ကို ဒီမိုကရေစီနည်းလမ်းများဖြင့် ယခုအချိန်တွင် လက်တွေ့ကျကျ စတင် တည်ဆောက် ကာစဖြစ်သည်၊ (သို့မဟုတ်)
- ဒီမိုကရေစီ နိုင်ငံရေးစနစ်တရပ်ကို တည်ဆောက်ရန် တာဝန်ယူထားသော အစိုးရနှင့် နိုင်ငံရေးပါတီတို့က ဒီမိုကရေစီ ကျင့်စဉ်များကို ယခုအချိန်တွင် သိရှိနားလည် သဘောပေါက်ပြီးကာစ ဖြစ်သည်၊ (သို့မဟုတ်)
- ယခုအချိန်တွင် ဒီမိုကရေစီအကြောင်း သိပ်မသိသေးဘဲ ဒီမိုကရေစီ နိုင်ငံရေးစနစ်တရပ်ကို စမ်းတဝါးဝါးဖြင့် တည်ဆောက်နေသည်။ (သို့မဟုတ်)
- ပြည်သူတို့သည် ဒီမိုကရေစီနှင့် အသားမကျသေးသဖြင့် ဒီမိုကရေစီအခွင့်အရေးများကို အကုန်ပေး၍ မဖြစ်သေး။ မွေးကင်းစ ကလေးဖြစ်၍ သူ့အရွယ်နှင့်လျော်ညီသော အခွင့်အရေးအနည်းငယ်သာ ပေးရသည်။
မည်သည့်အချက်သည် လက်ရှိပကတိဖြစ်ရပ်များနှင့် ကိုက်ညီနေကြောင်း လွတ်လပ်စွာ တွေးဆယူနိုင်ပါသည်။
ဒီမိုကရေစီသည် မွေးကင်းစကလေးဖြစ်ပြီး ခုရေတွင်းတူး ခုရေကြည်သောက်၍ မရသည့်အကြောင်း မဝေးသေး သော ကာလတခုတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိန့်ခွန်းတခု၌ ထည့်ပြောခဲ့ဖူးသည်။ သို့ဖြစ်ရာ ထိုစဉ်ကတည်းက ပြန်ကြားရေးဝန်ကြီး ဖြစ်နေခဲ့သော ဦးကျော်ဆန်း၏ ယခုပြောသောစကားသည် နအဖ စစ်ခေါင်းဆောင်ထံမှ ဆင်းသက်လာမှန်း ထင်ထင်ရှားရှား ဖြစ်သည်။
အစိုးရ ဝန်ကြီးများအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးတဦးအနေဖြင့် ပြည်သူလူထုကို ပြောကြားရာ၌ အစိုးရတဖွဲ့လုံးကို ကိုယ်စားပြုပြီး ပြောဆိုရသည်ဟု နားလည်ထားပါသည်။ အစိုးရတရပ်တွင် သမ္မတနှင့်တကွ ဥပဒေပြုရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးတို့လည်း အပါအဝင်ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သော အစိုးရအာဘော်ကိုသာ ပြောဆိုရပေလိမ့်မည်။ သမ္မတနှင့်တကွ လွတ်တော်ကိုယ်စားလှယ်အားလုံးတို့သည်လည်း ပြန်ကြားရေးဝန်ကြီး ပြောဆိုသမျှအပေါ်၌ တနွယ်ငင်တစင်ပါ တာဝန်ရှိနေရပေလိမ့်မည်။
အမှန်စင်စစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိုသည်မှာ ယခုမှပင် ကြားဖူးသော စကားမဟုတ်မှန်း တကမ္ဘာလုံးက သိရှိထားခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော ၂၃ နှစ်ကျော်ကာလကပင် မြန်မာပြည်သူ လူထုတရပ်လုံးက ရှစ်လေးလုံး လူထုအုံကြွမှုဖြင့် ဒီမိုကရေစီကို တောင်းဆိုနေခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်သူမှန်သမျှ၊ အဖွဲ့အစည်း မှန်သမျှ၊ လူ့အသိုင်းအဝိုင်းမှန်သမျှ အခြေအနေပေးလျှင်ပေးသလို ဒီမိုကရေစီကျင့်စဉ်များကို ရသလောက် ကျင့်သုံးလာနေကြသည်မှာ ဆယ်စုနှစ် ၂ ခုတိုင် ရှိနေပေပြီ။ သို့ဖြစ်ရာ အာဏာရှင်စနစ်၏ အတိုက်အခံတို့အတွက် ဒီမိုကရေစီသည် မွေးကင်းစကလေး မဟုတ်တော့ပါ။
ဒီမိုကရေစီကျင့်စဉ်များကို တကယ်တမ်း မကျင့်သုံးခဲ့သူတို့မှာ မည်သူမည်ဝါဖြစ်သည်ကို လူတိုင်းပင် နားလည်နိုင် ကြပါသည်။ အာဏာရှင်တစုတဖွဲ့မှလွဲ၍ ကျန်သူတို့အားလုံးမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည်ဖြစ်စေ၊ ပံ့ပိုး ထောက်ခံသည်ဖြစ်စေ ခေတ်ဆိုးစနစ်ဆိုး၏ သားကောင်ဘဝသို့ မရောက်ချင်ဘဲ ရောက်ရသူအချင်းချင်းသာ ဖြစ်ကြသည်။ ရက်စက်စွာ နှိပ်ကွပ်တတ်သော အာဏာရှင်စနစ်အောက်တွင် ဒီမိုကရေစီအကြောင်း လေ့လာရန်၊ ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်မှာ ခက်ခဲသည့် အခြေအနေဖြစ်သောကြောင့် မလေ့လာခဲ့ရသူ၊ မကျင့်သုံးခဲ့ ရသူများအပေါ် အပြစ်မတင်ရက်ပါ။
ကျင့်ဝတ်ပိုင်းဆိုင်ရာ ဗဟုသုတများကို နဂိုကတည်းက နည်းနည်းပါးပါးမျှ သိရှိထားလျှင် တကယ်တမ်း လိုက်နာ ကျင့်သုံးရသောအခါ အတော်ပင်အဆင်ပြေတတ်ပါသည်။ မသိသေးပါက သိအောင်လုပ်ဖို့သာ ရှိတော့သည်။ စာတတ်ချင်လျှင် ကျောင်းသွားရသည် ဆိုသော ရိုးရိုးစင်းစင်း ဥပမာအတိုင်းပင်။ စာမတတ်သည့် မိဘက သားသမီးကို ကျောင်းပို့၊ စာသင်စေသောအခါ သားသမီးက စာတတ်သွားမည်ဖြစ်သည်။ သားသမီး စာတတ်ရုံ မျှဖြင့် မိဘက အလိုအလျောက် စာတတ်သွားမည် မဟုတ်ပါ။ ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင် တရားရသည် မဟုတ်ပါလော။
စာတတ်လာရန်၊ အတတ်ပညာတခုရရန်၊ ကျင့်ဝတ်တမျိုး လိုက်နာရန်အတွက် အသက်ကြီးကြီး၊ အသက်ငယ်ငယ် ပြဿနာ မဟုတ်ပါ။ ဒီအသက်ဒီအရွယ်ကြီးရောက်မှ ဒီမိုကရေစီအကြောင်း လေ့လာပြီး ကျင့်ဝတ်များကို လိုက်နာ တတ်ရန် ပြင်ဆင်ရသည်မှာ ရှက်စရာဟု မည်သူမှ မပြောအပ်ပါ။ ဤကိစ္စမျိုးအပေါ် မေးငေါ့ပြောဆို လှောင်ပြောင်ကဲ့ရဲ့သူတို့သာလျှင် လူ့ပတ်ဝန်းကျင်၌ ခေတ်နောက်ကျ ကျန်ရစ်နေမည် ဖြစ်သည်။
ကလေးတယောက် ကိုရင် စဝတ်လိုက်သည်နှင့် ဆိုင်ရာကျင့်ဝတ်များကို ချက်ချင်းပင် လိုက်နာကျင့်သုံးရသည်။ ကျင့်သုံးနိုင်အောင်လည်း ဝါကြီးသူများနှင့် ဗဟုသုတပိုရှိသူများမှ လမ်းညွှန်ပြောဆိုပေးသည်ကို ခံယူရသည်။ ကိုရင်လေးက လမ်းညွှန်သြဝါဒပေးခြင်းကို မခံယူဖြစ်လျှင်၊ ကျင့်ဝတ်နားမလည်သောကြောင့် မလိုက်နာဖြစ်လျှင် သူသာလျှင် အကုသိုလ်ဖြစ်မည်ဟု လိုအပ်သလို ရှင်းပြရသည်။ ကျင့်ဝတ်လိုက်နာနေသရွေ့ ကိုရင်လေးမှာ ကုသိုလ် ရနေသည်။ ယင်းသည် ကျင့်ဝတ်လိုက်နာသော ကိုရင်လေးအတွက် ရပိုင်ခွင့် ဖြစ်သည်။
ဒီမိုကရေစီတွင်လည်း ထို့အတူဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဖြစ်သည်ဟု ကမ္ဘာသိ နိုင်ငံသိ ကြေညာလိုက်သည်နှင့် ဒီမိုကရေစီ အခွင့်အရေးများကို ချက်ချင်းပင် အပြည့်အဝပေးကာ ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးစေရသည်။ အလေ့အကျင့် မရှိခဲ့၍ ယခုစတင်လုပ်ဆောင်သောအခါ အခက်အခဲရှိမည် ဟူသော အကြောင်းပြချက်မျိုးကို လက်ခံနိုင်ပါသည်။ သို့သော် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မည်ဟု လွန်ခဲ့သော ၁၉၈၈ ခုနှစ်ကပင် စစ်အာဏာသိမ်း ခေါင်းဆောင်တို့က ပြောဆိုခဲ့သည်ဖြစ်ရာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသည့် အချိန်ထိ ၂၂ နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီအရေး ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများကို မည်သည့်အတွက် ကြောင့် မလုပ်ဆောင်နိုင်ဘဲ ရှိနေခဲ့ရသနည်း။ ဤကား သမိုင်းတွင်သည့် တာဝန်ပျက်ကွက်မှုကြီးအဖြစ် ထာဝစဉ် ရှိနေပေတော့မည်။
ကျင့်စဉ်တခုကို လိုက်နာရန် ယခုဆန္ဒရှိလျှင် ယခုပင်လုပ်ယူနိုင်သည်။ “ဒီမိုကရေစီဆိုတာ မွေးကင်းစကလေး” ဖြစ်၍ လူလားမြောက်ရန် အချိန်လိုသေးသည်ဟု တယူသန်စွဲပြီး ဒီမိုကရေစီကျင့်စဉ်များကို နောင်မှပဲ ကျင့်ယူ တော့မည်၊ ဒီမိုကရေစီ အခွင့်အရေးများကို နောင်မှပဲ ပေးတော့မည်ဟု ဆို၍ မရနိုင်ပါ။ တဖန် အပြန်အလှန်အား ဖြင့်လည်း ဒီမိုကရေစီ အခွင့်အရေးများရှိနေမှ ဒီမိုကရေစီကျင့်စဉ်များကို ကောင်းစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
ဒီမိုကရေစီသည် ကျင့်စဉ်တမျိုးသာဖြစ်ပြီး စနစ်မဟုတ်ပါ။ ဒီမိုကရေစီစနစ်ဟု မပြောနိုင်ပါ။ ဒီမိုကရေစီနိုင်ငံရေး စနစ်ဟုသာ ပြောနိုင်ပါမည်။ ဥပမာ – မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးစနစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်သည်။ လွတ်လပ်ရေးရခဲ့ချိန်မှစ၍ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ မသိမ်းခင်အချိန်ထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ ဖူးသည်။
ဒီမိုကရေစီကျင့်စဉ်များကို ကျင့်ကြံအားထုတ်သူ ပြည်သူတို့က အစိုးရစနစ်တရပ်ကို မိမိတို့နှစ်သက်ခံယူထားသည့် အတိုင်း တည်ဆောက်ထားသဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟူ၍ ရှိလာရခြင်း ဖြစ်သည်။ နိုင်ငံ့အာဏာက ပြည်သူ့ ထံမှ ဆင်းသက်မြဲ ဖြစ်နေသရွေ့ နိုင်ငံတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အင်အားအပြည့်အဝဖြင့် တည်ဆောက် နိုင်သည်ဖြစ်ရာ ဒီမိုကရေစီ လိုလားသော ပြည်သူတို့က ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ရွေးချယ်ခြင်းမှာ မဆန်းလှပါ။
ဒီမိုကရေစီနိုင်ငံရေးစနစ်အရ ပြည်သူတွေ၏အကျိုးကို ဦးထိပ်ပန်ဆင်မည့် သမ္မတသည်၎င်း၊ လွှတ်တော်အမတ် များသည်၎င်း ဒီမိုကရေစီ နည်းလမ်းကျသော ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်ခံရသူများ ဖြစ်နေရပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလုံးသည်လည်း ဒီမိုကရေစီကျင့်စဉ်များ၊ ရပိုင်ခွင့်များ၊ ရည်မှန်းချက်များဖြင့်သာ လွှမ်းခြုံထားရသည်။
တိုင်းပြည်တခုတွင် မည်သည့်နိုင်ငံရေးစနစ်မဆို အခြေခိုင်ခန့်တည်မြဲနေအောင် နှစ်ပေါင်းများစွာ အချိန်ယူရသည်။ လူထုတရပ်လုံးက အဆိုပါနိုင်ငံရေးစနစ်ကို ယုံကြည်သက်ဝင်ကာ ယိုင်းပင်းပံ့ပိုးပေးနိုင်မှသာ ရေရှည်တည်မြဲနိုင် သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်တရပ်ကို တည်ဆောက်ရာတွင်လည်း ထို့အတူပင် ဖြစ်ရပေလိမ့် မည်။ သို့သော် ပြည်သူလူထုတရပ်လုံးက ယုံကြည်လက်ခံကာ ထောက်ခံအားပေးနေမည်ဆိုလျှင် အချိန်တို အတွင်းမှာပင် အောင်မြင်သွားနိုင်သည်။
သို့ဖြစ်ရာ ပြည်သူတို့က ဒီမိုကရေစီ နိုင်ငံရေးစနစ်အပေါ် ယုံကြည်သက်ဝင်လာနိုင်ရေးအတွက် လူထုတရပ်လုံး အနေဖြင့် ဒီမိုကရေစီကျင့်စဉ်များကို ကျင့်ကြံအားထုတ်နိုင်မှ ဖြစ်မည်။ ဒီမိုကရေစီ ရပိုင်ခွင့်များရှိမှ ဖြစ်မည်။ အစိုးရ တာဝန်ရှိသူအားလုံးတို့ကလည်း စံနမူနာပြကာ ကျင့်ကြံအားထုတ်နိုင်မှ ဖြစ်မည်။ ကျင့်ကြံအားထုတ်မှုများကို အချိန်ဆိုင်းထားလျှင်၊ ခွင့်မပြုဘဲထားလျှင်၊ အထက်တွင်ဖော်ပြခဲ့ပြီး စကားအတိုင်း “ဒီမိုကရေစီဆိုတာ မွေးကင်းစ ကလေး” ဖြစ်၍ လူလားမြောက်ရန် အချိန်လိုသေးသည်ဟု တယူသန်စွဲပြီး ဒီမိုကရေစီကျင့်စဉ်များကို နောင်မှပဲ လိုက်နာကျင့်သုံးခွင့်ပြုလျှင် မည်မျှကြာမည်ဟုမခန့်မှန်းနိုင်သော နောင်တချိန်မရောက်မချင်း အခက်အခဲများစွာကို ပင်ပင်ပန်းပန်း ရင်ဆိုင်ရပေလိမ့်မည်။ အခန့်မသင့်လျှင် အစိုးရတရပ်လုံး ပြုတ်ကျသွားနိုင်သည်။
ထို့ပြင် ဒီမိုကရေစီကျင့်စဉ်များကို စတင်ကျင့်သုံးသည့်အချိန်မှစ၍ ဒီမိုကရေစီ ရပိုင်ခွင့်များကို တချိန်တည်းမှာပင် အပြည့်အဝ ပေးအပ်ရပါလိမ့်မည်။
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ စစ်တပ်သည် ဒီမိုကရေစီ အသိုင်းအဝိုင်းတွင် သဟဇာတ ဖြစ်အောင် နေရခြင်း၊ အခြေခံမဏ္ဍိုင်များ၏ လုပ်ပိုင်ခွင့်အာဏာများကို အပြန်အလှန်ထိန်းညှိခြင်း၊ သဘောမတူ ကွဲလွဲမှုများကို လက်ခံခြင်း၊ အနည်းစုသဘောကို အလေးအနက်ထား ငဲ့ညှာကာ အများစုသဘောကို လိုက်လျော ခြင်း၊ မိမိလုပ်သမျှ မိမိမှာသာ တာဝန်ရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း စသည်တို့မှာ မရှိမဖြစ် အရေးပါသည့် ဒီမိုကရေစီ ကျင့်စဉ်များဖြစ်သည်။
ထို့အတူ လွတ်လပ်စွာ လုပ်ပိုင်ခွင့်များ၊ တန်းတူညီမျှပိုင်ခွင့်များ၊ ဥပဒေ၏ အကာအကွယ်ကို ရယူပိုင်ခွင့်များ၊ လူ့အခွင့်အရေးများသည်လည်း ဒီမိုကရေစီ ရပိုင်ခွင့်များ ဖြစ်ကြသည်။ နိုင်ငံရေးစနစ်တခု၏ လိုအပ်ချက်များကို မရမက ကျင့်ကြံအားထုတ်စေပြီး ရပိုင်ခွင့် (ခံစားပိုင်ခွင့်) မပေးလျှင် မည်သည့်စနစ်မျှ အောင်မြင်နိုင်မည် မဟုတ်ပေ။
တန်းတူညီမျှပိုင်ခွင့်ကြောင့် လူအချင်းချင်း အပြန်အလှန် လေးစားမှု ရှိလာပြီး ယင်းသည် တန်ဖိုးရှိသော ဖြည့်ဆည်းမှု ဖြစ်လာသည်။ ငြိမ်းချမ်းရေးကို လိုချင်လျှင်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စေလိုလျှင် တန်းတူညီမျှ မရှိဘဲ မရနိုင်ပါ။
ထိုနည်းတူ တရားဥပဒေစိုးမိုးမှု မှန်ကန်စွာ ရှိနေခြင်းကြောင့် လူ့အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း မြှင့်တင် ပေးလာနိုင်သည်နှင့်အမျှ လူသားတိုင်း တရားဥပဒေ၏ အကာအကွယ်ပေးမှုအောက်တွင် မိမိနှင့်တကွ မိမိ အသိုင်းအဝိုင်း၊ မိမိနိုင်ငံ၏ အကျိုးစီးပွားများကို လုံခြုံစိတ်ချစွာ လုပ်ဆောင်လာနိုင်ပေမည်။
အကယ်၍ တဦးတယောက်သည် မတရားစွပ်စွဲခံရမှုဖြင့် မမှန်ကန်သော တရားစီရင်မှုအောက်တွင် ဖမ်းဆီး ထိန်းသိမ်းခံရပါက ယင်းသည် တရားဥပဒေ စိုးမိုးမှု မှန်မှန်ကန်ကန် ရှိမနေခြင်းကို ပြသသည်။ တရားဥပဒေက လူထုလုံခြုံမှုအတွက် အမှန်တကယ် မကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ လည်း ဘဝအညွန့်ကျိုးရ၊ သူ၏ စွမ်းရည်ကိုလည်း တိုင်းးပြည်မှ အသုံးချခွင့် မရ၊ တိုင်းပြည်လည်း သိက္ခာကျရ ခြင်းသာ အဖတ်တင်တော့သည်။
တန်းတူညီမျှခြင်းနှင့် တရားဥပဒေစိုးမိုးမှုတို့ ပေါင်းစပ်လိုက်သည့်အခါ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်မကျင့်နိုင်သကဲ့သို့ အင်အားကြီးလူမျိုးစုက အင်အားနည်းလူမျိုးစုအပေါ် အနိုင်ကျင့်နိုင်မည်လည်း မဟုတ်ပါ။ အနိုင်ကျင့်လိုစိတ် လျော့နည်းပပျောက်သွားသည်နှင့်အမျှ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်းသည် လူတဦးချင်းစီ၏ အသိုင်းအဝိုင်းမှတဆင့် ပတ်ဝန်းကျင်နိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းထိပင် ကောင်းကျိုးများစွာ သက်ရောက်စေသည်။
စာပေလွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ လူ့ဘောင်အဖွဲ့အစည်းများ လွတ်လပ်ခွင့် အစရှိသော ဒီမိုကရေစီ ရပိုင်ခွင့်များမှာလည်း လမ်းမပေါ် ဆေးရိုးလှန်းသကဲ့သို့ စည်းမဲ့ကမ်းမဲ့မျိုး အသုံးမချရန် နဂိုကပင် အပြန်အလှန် ထိန်းညှိထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဒီမိုကရေစီတွင် မိမိလုပ်သမျှ မိမိမှာသာ တာဝန်ရှိခြင်း၊ အများစု သဘောကို လိုက်လျောခြင်း၊ တရားဥပဒေစိုးမိုးခြင်းတို့ကို လက်ခံရသည်ဖြစ်၍ မည်သူမျှ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လွတ်လပ်ခွင့် ရမည်မဟုတ်ပါ။ စည်းမဲ့ကမ်းမဲ့ ပြုမူသူမှာ ဒီမိုကရေစီကို အနည်းငယ် နားမလည်သူ (သို့) ကောင်းကောင်း နားမလည်သူ၊ အနည်းအကျဉ်း မကျင့်ကြံသူ (သို့) အပြည့်အဝ မကျင့်ကြံသူ၊ အမှတ်တမဲ့ တန်ဖိုး မထားသူ (သို့) လုံးဝ တန်ဖိုးမထားသူသာဖြစ်၍ ထိုသူ့အား လူထုပညာပေးလုပ်ငန်းများနှင့် တရားဥပဒေ စိုးမိုးမှုက အသင့်စောင်ကြိုနေပြီး ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ၏ စိန်ခေါ်မှုများထဲမှ တခုဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ၏ တန်ဖိုးများက အမှန်တကယ် အပြည့်အဝ ရှိနေသောအခါ၊ လက်တွေ့ တွင်လည်း ထိုအခြေခံဥပဒေက ထိရောက်စွာ အသက်ဝင်နေသောအခါ နိုင်ငံသားတိုင်းသည် ယနေ့အောင်မြင် နေသော ဒီမိုကရေစီနိုင်ငံများမှ ပြည်သူတို့ကဲ့သို့ ဒီမိုကရေစီ အရသာကို ခံစားနိုင်ပါလိမ့်မည်။ ဒီမိုကရေစီအခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေ ခိုင်မာနေသည်နှင့်အမျှ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အာမခံချက် အပြည့်အဝ ရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတဦးချင်း၏ အသက်၊ ကုန်ကုန်ပြောရလျှင် နိုင်ငံ၏အသက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်ဟုပင် ဆိုချင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီရပိုင်ခွင့်များကို ပြည်သူလူထုတဦးချင်းအား အပြည့်အဝ ပေးနိုင်စေရန် အတိအလင်းပြဋ္ဌာန်းလျက် အာမခံထားရပါမည်။ တချိန်တည်းမှာပင် ပြည်သူတို့က ရွေးချယ် တင်မြှောက်ပေး လိုက်သော အစိုးရဟူသည့် သမ္မတနှင့်တကွ ပြည်သူ့ကိုယ်စားလှယ်အားလုံးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာမခံထားသည့်အတိုင်း ဒီမိုကရေစီကျင့်စဉ်အပေါ်အခြေခံထားသော နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များဖြင့်သာ မိမိတို့၏ တသက်နှင့်တကိုယ် ရခဲလှစွာ ရွေးချယ်တင်မြှောက်ခံထားရသည့် လူထု ကိုယ်စားပြု ရာထူးများတွင် ဂုဏ်သိက္ခာရှိရှိ အကျိုးရှိရှိ တာဝန်ထမ်းဆောင်ပေးနိုင်ရပါမည်။
အနှစ်ချုပ်ရသော် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အစိုးရသည် ပြည်သူကို အလုပ်အကျွေးပြုရန် သာဖြစ်ပြီး ဤသည်ပင် ဒီမိုကရေစီ ဖြစ်တော့သည်။
လွင်အောင်စိုး
၁ဝ-၉-၂ဝ၁၁
မှတ်ချက်၊ ၁၅-၉-၂ဝ၁၁ နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဂုဏ်ပြုသောအားဖြင့် လတ်တလောဖြစ်ရပ်များထဲမှ သင်ခန်းစာအယူသင့်ဆုံး အကြောင်းအရာများကို အခြေခံ၍ ဤဆောင်းပါးကို ရေးသားဖြစ်ပါသည်။
Download PDF- Without democratic rights, democracy cannot start
Download Word – Without democratic rights, democracy cannot start



