ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရမှ ၀န်ကြီးဌာနလေးခုနှင့် ပြည်သူ့လွှတ်တော်မှ ကော်မတီလေးရပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြား
Eleven Media Group မှ ကူးယူဖော်ပြသည်။
Wednesday, 14 September 2011 11:25 
နှစ်စဉ် သောင်ခုံများပေါ်ထွန်းနေသည့် ဧရာဝတီမြစ်အား တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်တိုးတက်ရေး ဦးစီးဌာန၏ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ ဆောင်ရွက်ရန်မဟုတ်ဘဲ မြစ်ကြောင်းများ ထိန်းသိမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက် ဆက်နွယ် နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားပြီးဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ ပူးတွဲ၍ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့အစီအစဉ်တွင် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေတင်သွင်းသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများအား စီမံချက်ချမှတ် ဆောင်ရွက်ပေးပါရန်အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုနှင့်ပတ်သက်၍ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြည်လည်ရှင်းလင်း ဆွေးနွေးခဲ့မှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ် တလျှောက်တွင် ရေသယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲနေမှု၊ စည်းကမ်းမဲ့ တရားမ၀င် သစ်အလွန်အကျွံ ထုတ်ယူနေမှု၊ ရွှေနှင့်ကျောက်စိမ်းအပါအ၀င် သဘာဝ သယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲမှုစသည့် လူတို့၏ ပယောဂကြောင့် နွေအခါတွင် ရေခမ်းခြောက်မှု စံချိန်တင်ဖြစ်ပေါ်ကာ မိုးကာလတွင် စံချိန်တင်ရေကြီးမှုများ ဖြစ်ပေါ်နေမှု၊ မြစ်ကြောင်းများ တစ်လျှောက်တွင် သောင်ခုံကြီးများ နှစ်စဉ်ပေါ်ထွန်းနေမှု၊ မြစ်ကမ်းပါးများပြိုကြမှုကြောင့် မြို့ရွာများ နှစ်စဉ်ပြောင်းရွှေ့နေရမှု၊ ရေလမ်းကြောင်းများ ပြတ်တောက်ပြောင်းလဲနေမှုများအတွက် မြစ်ကြောင်းထိန်းသိမ်းမှု လုပ်ငန်းများကို ပြည်ထောင်စုအစိုးရက စီမံချက်ချဆောင်ရွက်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
ဟုမ္မလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးက ပြည်သူ့လွှတ်တော်အနေဖြင့် ယင်းအဆိုကို မှတ်တမ်းတင်ထားရန်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်နေမှုများကို လွှတ်တော်က စောင့်ကြည့် ညှိနှိုင်း ပူးတွဲဆောင်ရွက်သင့်ကြောင်း ပန်ကြားခဲ့သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဧရာဝတီနှင့်ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ၁၉၈၆ ခုနှစ်မှစတင်ကာ ယူအင်ဒီပီအဖွဲ့အစည်းနှင့် ပူးတွဲဆောင်ရွက်ကာ အဓိကထား ထိန်းသိမ်းမှု ဆောင်ရွက်ရမည့်နေရာများကို ရွေးချယ်ကာ စီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့ကာ ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုပါသည်။ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြောင်းထိန်းသိမ်းမှု အဓိကဆောင်ရွက်ရမည့် နေရာ ၄၆ နေရာနှင့် ချင်းတွင်း မြစ်တစ်လျှောက်တွင် ၃၇ နေရာရှိပြီး လက်ရှိတွင် ရေကြောင်းလုပ်ငန်းနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၆၆ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ယင်းအတွက် ပြည်ပနိုင်ငံများမှ အကူအညီများရယူနိုင်ရန်လည်း ဆောင်ရွက်နေဆဲဖြစ်ပြီး အဆိုပါလုပ်ငန်းများသည် ပြည်ထောင်စုအစိုးရအနေဖြင့် စီမံချက်ချဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများအား စီမံချက်ချမှတ် ဆောင်ရွက်ပေးပါရန် အဆိုကို ပြည်သူ့လွှတ်တော်က မဲခွဲရန် မလိုသည့် အဆိုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လွှတ်တော် ကော်မတီများက စောင့်ကြည့်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားရန်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။
My comment
ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းအပေါ် လူထုကန့်ကွက်သံတွေ ကျယ်လောင်လာတာရဲ့ လတ်တလော အကျိုးကျေးဇူးတွေထဲက တခုအနေနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးဘက်ကို အာရုံစိုက်လာတယ်လို့ ထင်ပါတယ်။ အမျိုးသားနိုင်ငံရေးအဆင့်မှာ ရှိနေကြတဲ့ လူထုကိုယ်စားပြုသူတွေက လူထုအသံကို အလေးအနက် ထားလာတာဟာ လူထုအကျိုးကို အရင်ခေတ်ကာလတွေထက် ပိုပြီး လက်တွေ့ကျကျ ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းလာနေပြီလို့ အကောင်းဘက်က မြင်မိပါတယ်။
တချိန်တည်းမှာပဲ လူထုဟာ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ဖို့၊ မြှင့်တင်ပေးဖို့ အမြင်ကျယ်လာတာနဲ့အမျှ တစုတစည်း တညီတညွတ်တည်းနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ကြတဲ့ စိတ်ဓါတ်တွေ ပိုမိုခိုင်မာလာတာလည်း အထင်အရှား ဖြစ်ပါတယ်။
“ဧရာဝတီမြစ်ကို ကယ်တင်ကြမယ် ဟေ့” လို့ စတင်နှိုးဆော်ချိန်ကစပြီး ဒီနေ့အချိန်ထိ သန္နိဌာန် ခိုင်မာနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာတို့ကို အထူးကျေးဇူးတင်ပါတယ်။ ရည်မှန်းချက် ပေါက်မြောက်တဲ့အထိ ဆက်လက် လှုပ်ရှားကြပါစို့။
ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးမှာ လူထုဟာ အရေးပါဆုံးဖြစ်သလို လူထုအသံကလည်း အစွမ်းထက် လက်နက်တခုပါ။ တို့မြန်မာတွေ ချော့တိုင်း မပျော့၊ ခြောက်တိုင်း မကြောက်တော့ပြီ။
………………..


