Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for September 26th, 2011

ဒီမိုကရေစီနိုင်ငံတွင် လူထုဆန္ဒပြခြင်းသည် မဆန်းပါ။

leave a comment »

ဒီမိုကရေစီနိုင်ငံတွင် လူထုဆန္ဒပြခြင်းသည် မဆန်းပါ။

Pic – 7 Days News Journal

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် အကြမ်းဖက်မှုကင်းစွာ တုန့်ပြန်ခြင်းသည် ဒီမိုကရေစီနိုင်ငံအတွက် ထူးဆန်းသောကိစ္စ မဟုတ်ပါ။ ထိုနိုင်ငံသည် ဒီမိုကရေစီ အစစ်အမှန် ဖြစ်ကြောင်းကိုပင် သက်သေပြရာရောက်သည်။ ဆန္ဒမပြရ ဟူ၍ တားမြစ်ခြင်းသည်သာလျှင် ဒီမိုကရေစီကို ဆန့်ကျင်ခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူတို့က လူစုလူဝေးဖြင့် အများသူငါ မြင်ကွင်း၌ ဆန္ဒပြခြင်းသည် နိုင်ငံရေးလုပ်ငန်းစဉ်တခု ဖြစ်သည်။ ပြုပြင်ရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေသည်။ မီးမောင်းထိုး မခံချင်လျှင် အစကတည်းကပင် အချိန်ရပါလျက် ဘာကြောင့် မလုပ်ခဲ့သနည်းဟုသာ မေးရပါလိမ့်မည်။

အချိန်မသင့်သေး (သို့) ပြုပြင်ပေးရန်အတွက် အစပြုတော့မည် ဆိုသော အကြောင်းပြချက်မျိုးသည် ယုတ္တိတန်ပါ သလားဟုလည်း မေးရပါမည်။

ဤမေးခွန်းများကို ဆန္ဒစော၍ မေးနေခြင်း မဟုတ်ပါ။ ဆယ်စုနှစ် (၅) ခုနီးပါး ဖြစ်လာသည်အထိ ဘဝနစ်မွန်း၍ အထိနာကာ လူ့အခွင့်အရေးများဆုံးရှုံးလျက် လူဖြစ်ရှုံးနေရသော နစ်-နာ-ဆုံး-ရှုံးနေရသူများအပေါ် သူတို့လောက် မခံစားရသူတိုင်းက အမှန်ပင် စာနာငဲ့ညှာပေးရန်၊ ယိုင်းပင်းကူညီပေးရန် လိုအပ်နေပါသည်။ တမိနစ်-တရက်-တပါတ်-တလ အချိန်စောလျှင်စောသလို ထိုသူတို့အား အထိုက်အလျောက် ပိုမို သက်သာစေနိုင် သဖြင့် မေးရခြင်းဖြစ်သည်။

လူတိုင်း မဆင်းရဲဖူးသော်လည်း မိမိပတ်ဝန်းကျင်ရှိ ဆင်းရဲသားတို့၏ ဘဝကို တွေ့မြင်နိုင်သည်။ ထောင်မကျဖူး သော်လည်း ထောင်တွင်းငရဲ ခံစားရပုံများကို လေ့လာကြားသိနိုင်သည်။ ယနေ့ နိုင်ငံရေးအခြေအနေတွင် မဆင်းရဲသော်လည်း၊ ထောင်မကျသော်လည်း နောင်တချိန် ကိုယ့်အလှည့်ရောက်လာနိုင်သည်ကိုလည်း ကြိုတင် တွေးထားအပ်သည်။ မေတ္တာနှင့် ဂရုဏာထားခြင်းသည် နိုင်ငံရေးသမားကောင်းတို့နှင့် တက်ကြွလှုပ်ရှားသူတို့၏ အခြေခံကျင့်ဝတ် ဖြစ်သည်။ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီနေသူတိုင်း၏ အခြေခံကျင့်ဝတ်လည်း ဖြစ်သည်။

နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အဓိကအကျဆုံးမှာ ပြည်သူလူထုတရပ်လုံး၏ ပကတိလိုအပ်ချက်ဆန္ဒများကို ဖြည့်ဆည်းရန်မှလွဲ၍ အခြားမရှိပါ။ ယခုအခါ ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရန် သမ္မတမှအစ လူထုတရပ်လုံးက စိတ်အားထက်သန်နေကြသည်။ အဓိကအကျဆုံးကို မမြင်ဘဲ၊ မြင်သည့်တိုင်အောင် ဆန္ဒမရှိဘဲ၊ ဆန္ဒရှိသည့် တိုင်အောင် အခြားကိစ္စများကို ဦးစားပေးရန် ဆုံးဖြတ်စီစဉ်နေလျှင် နိုင်ငံရေးလုပ်နေသည်ဟု မဆိုထိုက်တော့ပါ။

ယနေ့ ၂၆-၉-၂ဝ၁၁ နေ့တွင် ရန်ကုန်မြို့၌ တက်ကြွလှုပ်ရှားသူတို့က ဆန္ဒပြခြင်းသည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးနေ့ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည်မှာ အမှန်ဖြစ်သည်။ လူထုလိုလားချက် မပြည့်ဝသော အကြောင်းရင်းခံက ယခုတိုင် ဆက်စပ်မှုရှိနေသောကြောင့် တက်ကြွလှုပ်ရှားသူတို့၏ အစဉ်အလာ အရ ဤနေ့ကို ရွေးချယ်လှုပ်ရှားခြင်းသည် အပြစ်ဆိုစရာ မရှိပါ။ တက်ကြွလှုပ်ရှားသူတို့၏ သဘာဝနှင့် လှုပ်ရှားမှု သဘောကို နိုင်ငံရေးရှုထောင့်မှနေ၍ ကြိုတင် နားလည်ထားပါက အပြစ်တင်ရန် စိတ်စောမိကြမည် မဟုတ်ပါ။

ပို၍ရှင်းအောင် ဆိုရလျှင် နိုင်ငံရေးနှင့်ဆိုင်သော နေ့ကြီးရက်ကြီးများသည် အများသူငါ အာရုံစိုက်တတ်သည်ဖြစ်၍ အဆိုပါနေ့မျိုးကိုမှ ရွေးချယ်လှုပ်ရှားခြင်းသည် နိုင်ငံရေး အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်သည်။

ဒီမိုကရေစီတွင် မတူကွဲပြားသော လူပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးပေါင်းစုံ ပါဝင်နေကြသည်။ မိမိသဘော၊ မိမိကဲ့သို့ မဟုတ်လျှင် စိုးရိမ်ပူပင်စွာဖြင့် ပြစ်တင်ဝေဖန်ခြင်းကို ဒီမိုကရေစီ ရပိုင်ခွင့်အနေဖြင့် နားလည်ပေးနိုင်ပါသည်။ သို့သော် လူထုလှုပ်ရှားမှုတခုအပေါ် အကြောင်းပြုလျက် နိုင်ငံရေး အခွင့်သာမှုများဖြစ်စေနိုင်မည့် နည်းလမ်းများ ရှာဖွေကာ အားပေးထောက်ခံခြင်းက မိမိတို့မျှော်မှန်း စီစဉ်နေသော နိုင်ငံရေးလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စွာ အောင်မြင်စေတတ်သည်ဖြစ်၍ ချင့်ချင့်ချိန်ချိန်ဖြင့် ပြုမူအပ်ပါသည်။

ဒီမိုကရေစီခေါင်းဆောင်ကောင်းတို့သည် ထိုသို့မတူကွဲပြားသည်များကို စုစည်း၍ အင်အားတခု ဖန်တီးယူနိုင်ကြမြဲ ဖြစ်သည်။ ယခုပင်လျှင် မတူကွဲပြားမှုများကို ပြေလည်အောင် စုစည်းနိုင်မည့် အခွင့်ကောင်းကြီး ပေါ်လျက်ရှိ နေသည်။ ယနေ့မြန်မာနိုင်ငံကြီးသည် လူထုအင်အား လိုအပ်နေပြီ မဟုတ်ပါလော။

လွင်အောင်စိုး

၂၆-၉-၂ဝ၁၁

Download Word – here

Download PDF - here

Written by Lwin Aung Soe

September 26, 2011 at 11:24 am

Follow

Get every new post delivered to your Inbox.