Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for October 2nd, 2011

မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ

leave a comment »

မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၌မဆို အဓမ္မကျင့်သုံးသည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို ပြည်သူလူထုက မလိုလားပါ။ မလိုလားသည့်အတိုင်း ဆန့်ကျင်နေမည်သာ ဖြစ်သည်။

သို့သော်..

ပြည်သူလူထုက ထိုသို့ဆန့်ကျင်ခြင်းကို ကာကွယ်တားဆီးနိုင်ရန် အဓမ္မဝါဒီ အစိုးရတို့က ဥပဒေများ ထုတ်ပြန်ကာ အရေးယူသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော မတရားသည့် ဥပဒေများသည် ခေတ်စနစ်နှင့် မလျော်ညီ တော့သည့်တိုင်အောင် ဖျက်သိမ်းခြင်း မပြုသေးဘဲ တည်ဆဲဥပဒေများအဖြစ် ယနေ့တိုင် ကျင့်သုံးကာ အရေးယူနေဆဲဖြစ်သည်။

မတရားသော တည်ဆဲဥပဒေများကို မဖျက်သိမ်းသရွေ့ မည်သူမဆို တနေ့နေ့တွင် မတရား ဖမ်းဆီးခံရသော အကျဉ်းသား ဖြစ်သွားနိုင်သည်။ မိမိကိုယ်တိုင်မဖြစ်နိုင်ခဲ့သည့်တိုင် မိမိ၏သားသမီး၊ မြေးမြစ်များက အကျဉ်းသား ဖြစ်သွားနိုင်သည်။ ကိုယ်နှင့်မဆိုင်ဟုလည်း သဘောထား၍မဖြစ်။ လူတိုင်းအား အပြစ်ပေးလိုက ပေးနိုင်အောင် လည်ပင်း ကြိုးကွင်းစွပ်ထားပြီး ဖြစ်သည်။ စစ်အစိုးရခေတ်တွင် အာဏာရှင်စနစ် သက်ဝင်တည်တံ့နိုင်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ဓနဥစ္စာများ ပေးကမ်းထောက်ပံ့ခဲ့ရသူတချို့ပင်လျှင် အာဏာရှင် အလိုမကျသည်နှင့် ချက်ချင်းဘဝပြောင်းကာ အကျဉ်းသားပြန်ဖြစ်ရသည်များ ရှိနေခဲ့သည်။ ကျန်သူတို့အဖို့ကား ဆိုဖွယ်ရာမရှိတော့ပြီ။

သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ယုံကြည်ပါသလော။

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ကျနော့်တဦးတည်း၏သဘောမှာ မယုံတဝက်-ယုံတဝက် ဖြစ်နေသေးသည်ဟု ပွင့်လင်းစွာ ဆိုပါမည်။

သမ္မတဦးသိန်းစိန်သည် သန့်ရှင်းကောင်းမွန်သော အစိုးရတရပ် ဖြစ်အောင် ကြိုးပမ်းသည့်အနေဖြင့် ပြည်သူတို့၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားရေး၊ မီဒီယာလွတ်လပ်ခွင့်၊ လွှတ်တော်အတွင်း ပွင့်လင်း လွတ်လပ်စွာ ဆွေးနွေးခွင့်များ၊ ခေတ်စနစ်နှင့် လျော်ညီသောဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်း အစရှိသည့် ဒီမိုကရေစီအပေါ် စိန်ခေါ်ရဲမှုများကို စတင် လမ်းဖွင့်ပေးလာပြီဖြစ်၍ တဝက်ယုံခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် အထက်တွင် ရေးသားခဲ့သည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို  ဆန့်ကျင်သူတို့အား ကာကွယ်တားဆီးရန် နယ်ချဲ့ဗြိတိသျှခေတ်ကစ၍ စစ်အစိုးရခေတ်အထိ (စုစုပေါင်း နှစ် ၁၅ဝ တိုင်အောင်) ကျင့်သုံးနေခဲ့သည့် တည်ဆဲဥပဒေများကို သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်၌လည်း ဖျက်သိမ်းခြင်း မပြုဘဲ ကျင့်သုံးနေသေးသောကြောင့် တဝက်မယုံခြင်း ဖြစ်သည်။

ကျနော်ကဲ့သို့ မယုံတဝက်-ယုံတဝက် ဖြစ်နေသူများ ရှိနေနိုင်သည်။ လုံးဝ မယုံသူများလည်း ရှိနိုင်သည်။ လုံးဝ ယုံကြည်နေသူလည်း ရှိနိုင်ပါသည်။

ကျနော်တဦးတည်း၏ ယုံခြင်း-မယုံခြင်းကို သမ္မတက အလေးအနက် ထားမည် မဟုတ်ပါ။

သို့သော်..

သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ပြည်သူတရပ်လုံး မဟုတ်သည့်တိုင် အများစုက မယုံကြည်လျှင် ဒီမိုကရေစီကို တန်ဖိုးထားသော သမ္မတ တဦးအနေဖြင့် အလေးအနက် ထားလာနိုင် ပါသည်။

လူထုတောင်းဆိုမှုကြောင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့သော ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ယာယီရပ်ဆိုင်း လိုက်သည့်ကိစ္စမှာ လူထုဆန္ဒအပေါ် သမ္မတဦးသိန်းစိန်၏အစိုးရက အလေးအနက်ထားမှုကြောင့် ဖြစ်ပေါ်လာ ရသည့် သာဓကကောင်းဖြစ်သည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ အခြားသာဓကကောင်းတခုမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် တစိုက်မတ်မတ်တောင်းဆိုလာခဲ့ပြီးနောက် ယခုအချိန် စတင်လမ်းပွင့်လုနီးပါးဖြစ်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိစ္စ ဖြစ်သည်။

“ပြည်တင်းလျှင် မင်းမခံနိုင်” ဆိုသည့် ဆိုရိုးစကား မှန်ကြောင်း သက်သေထူလျက်ရှိသည်။ အကျိုးအကြောင်း ပြည့်ဝမှန်ကန်သည့် လူထုဆန္ဒဖြစ်လျှင် မင်းနှင့်ပြည်သူ ကြည်ဖြူသောကာလ၌ ဤဆိုရိုးစကား အမြဲမှန်နေကြောင်း သမ္မတက သက်သေပြလိုက်ပြီဟု ယူဆနိုင်သည်။ တချိန်တည်းမှာပင် လူထုဆန္ဒကို ဦးထိပ်ပန်ဆင်ရမည့် အချိန် ကာလကလည်း အမှန်တကယ် ရောက်ရှိနေပြီဖြစ်ရာ လူထုအနေဖြင့် အမြော်အမြင်ကြီးစွာ ညီညွတ်သော ခြေလှမ်းများဖြင့် ပန်းတိုင်သို့ ချီတက်ရမည့် အချိန်အခါကောင်း ဖြစ်သည်။

မတရားသော တည်ဆဲဥပဒေများကြောင့် ပြည်သူတို့ အကျဉ်းကျခံရခြင်း၊ အာဏာရှင်အလိုကျ ကျင့်သုံးခဲ့သော တည်ဆဲဥပဒေ ကြိုးကွင်းစွပ်ထားသည့်ဘဝတွင် ထာဝစဉ် စိုးရိမ် ပူပင်နေရခြင်းနှင့် မလိုလားအပ်ဘဲ အခက်အခဲ ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရခြင်း အစရှိသည်တို့သည် အာဏာရှင်ခေတ်မှ လက်ဆင့်ကမ်း အမွေအနှစ်ဆိုးများ ဖြစ်ပြီး ဒီမိုကရေစီ၏ အနုတ်လက္ခဏာတရပ် ဖြစ်သည်။ ဤသို့ပြောနိုင်သည်မှာ ဒီမိုကရေစီ အခြေပြု နိုင်ငံရေး စနစ်သည် အာဏာရှင်စနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်သို့ ဦးတည်သွားနေခြင်းကြောင့် ဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားတို့အနေဖြင့် အာဏာရှင်စနစ်ဘက်သို့ တလှမ်းလှမ်းတိုင်း အနုတ်လက္ခဏာ တခုစီ ပြသနေမည် ဖြစ်သည်။

လူထုဆန္ဒအရ ဒီမိုကရေစီအရေးများကို စတင်လုပ်ဆောင်ပေးမှုကြောင့် သမ္မတ ဦးသိန်းစိန်အား ဝိုင်းဝန်း ချီးကျူး နေကြသူများစွာ ရှိလာသည်ကို မငြင်းနိုင်ပါ။ အစိုးရတရပ်အနေဖြင့် မတူကြွဲပားကြသော ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရယူရန် အမှန်ပင် ခက်ခဲလှသောကိစ္စဖြစ်သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံရေးအလားအလာများ ကောင်းမွန်လာနိုင်စရာ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်နှင့်တကွ ဒီမိုကရေစီ ဘက်တော်သား ဥပဒေပြုလွှတ်တော် အမတ်များနှင့် အစိုးရဝန်ကြီးများအဖွဲ့အားလုံးတို့အနေဖြင့် ဒီမိုကရေစီ၏ အနုတ်လက္ခဏာများကို ဆက်လက်၍ သော်၎င်း၊ ထပ်မံ၍သော်၎င်း အလိုရှိနေဦးမည်ဟု မထင်ပါ။

ဒီမိုကရေစီ၏အနုတ်လက္ခဏာများကို ပယ်ရေးအတွက် အရေးတကြီး လိုအပ်နေသည်မှာ မတရားသော တည်ဆဲ ဥပဒေများကို အရင်ဦးဆုံး ပယ်ဖျက်ပေးဖို့ ဖြစ်သည်။ ဧရာဝတီမြစ်ဆုံအရေးတွင် သွေးစည်းညီညွတ်မှုကို ပြသနိုင် ခဲ့ကြသည့် ပြည်သူနှင့်အစိုးရတို့၏ အမြော်အမြင်ကြီးမားသော နိုင်ငံရေးအဖြေထွက်မှုသည် မတရားသော တည်ဆဲ ဥပဒေများအားလုံးကို အကြွင်းမဲ့ ဖျက်သိမ်းနိုင်ရေးအတွက် နိဒါန်းအစပျိုးလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်နိုင်စရာ ရှိနေပါသည်။

လွင်အောင်စိုး

၁-၁ဝ-၂ဝ၁၁

Download Word – Unfair existing law is a minus for democracy

Download PDF – Unfair existing law is a minus for democracy

Written by Lwin Aung Soe

October 2, 2011 at 12:42 pm

Follow

Get every new post delivered to your Inbox.