Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

leave a comment »

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်း ပီသစွာ ဥပဒေ မှန်သမျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။ (ကိုဇော်ဝင်း)

“ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ စကားလုံး၊ ဝေါဟာရမှာ ကွာခြားသလို အဓိပ္ပာယ်နဲ့ အဲဒီ အဓိပ္ပာယ်ရဲ့ အကျိုးသက်ရောက်ပုံ၊ အကျိုးသက်ရောက်အောင် လုပ်ယူရပုံတွေမှာလည်း ကွာခြားပါတယ်။

လေးစားလိုက်နာ

ဥပဒေကို လေးစားလိုက်နာရတဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိပါတယ်။ အခြားနိုင်ငံတခုကို ခေတ္တ အလည်အပတ် သွားရင်တောင် အဲဒီနိုင်ငံရဲ့ ဥပဒေမှန်သမျှ လေးစားလိုက်နာရပါတယ်။ လူတိုင်းက ဥပဒေကို လေးစားလိုက်နာ ရသလို ဥပဒေကို ထုတ်ပြန်သူ (သို့) အဖွဲ့အစည်းကိုယ်တိုင်ကလည်း လေးစားလိုက်နာရပါတယ်။ ဒါကြောင့် “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရ” လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လမ်းဆုံက ယာဉ်သွားလာမှု ထိန်းကျောင်းတဲ့ အချက်ပြမီးတိုင်မှာ ညွှန်ပြတာကို ယာဉ်တိုင်းက လေးစား လိုက်နာရပါတယ်။ ဒါဟာ ယာဉ်စည်းကမ်း ဖြစ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ကြေညာချက်၊ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်း အစရှိတာတွေဟာ အဆင့်နဲ့ နေရာဒေသ  ဘယ်လိုပဲ ကွာခြားပေမယ့်လည်း လိုက်နာပေးရတဲ့ သဘောကတော့ အတူတူပါပဲ။ ကျောင်းမှာ ကျောင်းစည်းကမ်း ရှိလို့ ကျောင်းသူကျောင်းသားတွေဟာ သူ့အချိန်နဲ့သူ ကျောင်းကိုလာ စာသင်ယူပြီး အိမ်ပြန်ကြရပါတယ်။ လူနေမှု အသိုင်းအဝိုင်းမှာ အများစုက သဘောတူညီထားတဲ့ ကျင့်ဝတ်၊ စည်းကမ်း စသဖြင့် သတ်မှတ်ပြီး အတတ်နိုင်ဆုံး လေးစားလိုက်နာကြရပါတယ်။

ထိန်းသိမ်းစောင့်ရှောက်

ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာကတော့ ဥပဒေဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်-တိရိစ္ဆာန်ဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ်၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဖြစ်ဖြစ်၊ သမိုင်းကြောင်းဖြစ်ဖြစ် အစရှိတာတွေဟာ တန်ဖိုးထားအပ်တဲ့အတွက် မပျက်စီး မချွတ်ယွင်းရအောင်၊ အခုရော နောင်ရော သုံးလို့ရအောင် တာဝန်ယူသူတို့က အကာအကွယ်ပြုထားတာ ဖြစ်ပါတယ်။

ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ယာဉ်စည်းကမ်းတွေ တိကျမှန်ကန်အောင် ယာဉ်ထိန်းရဲတွေက တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ယာဉ်မောင်းသူက ယာဉ်စည်းကမ်းကို လိုက်နာပေးရပါတယ်။ သီးခြားစီ အဓိပ္ပာယ်ရှိပြီး လုပ်ဆောင်ပုံချင်းလည်း မတူကြပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သုံးနေသမျှ ကာလပတ်လုံး အကျိုးသက်ရောက်နေပြီး မသုံးဘဲထားရင် စက္ကူစုတ်ပါပဲ။ သုံးတာဟာလည်း လူတစုကောင်းကျိုးအတွက် သုံးတာလား၊ လူထုတရပ်လုံးရဲ့ ကောင်းကျိုးအတွက် သုံးတာလား ခွဲခြားနိုင်ရပါမယ်။ ၁၉၇၄ အခြေခံဥပဒေဟာ အာဏာရှင် ဦးနေဝင်းအတွက်၊ တခုတည်းသော သူ့ရဲ့ မဆလ နိုင်ငံရေးပါတီအတွက် သုံးတာဖြစ်လို့ ဦးနေဝင်းနဲ့ အပေါင်းပါတွေကတော့ တန်ဖိုးထား ထိန်းသိမ်းကာကွယ်ပေမယ့် လူထုကောင်းကျိုး မပါတဲ့အတွက် လူထုက အဲဒါကို တန်ဖိုးမထားတာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပါတယ်။

တန်ဖိုးထားအပ်စရာ မရှိရင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ဖို့ မလိုပါဘူး။ ဒါကြောင့် “ထိန်းသိမ်း စောင့်ရှောက်တယ်” ဆိုတဲ့စကားရပ်ကို “လေးစားလိုက်နာတယ်” ဆိုတဲ့စကားနဲ့ ပြန်ပြင်ယူရတာဟာ တနည်းအားဖြင့် နက်ရှိုင်းကျယ်ပြန့်တဲ့ နိုင်ငံရေး အမြော်အမြင်တခုရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတယ်လို့ ကျနော် ယူဆပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေရပါတယ်။ သူတို့အတွက်ကတော့ ၂ မျိုးစလုံး ဖြစ်ပါတယ်။ သူတို့ကိုလည်း ဥပဒေအောက်မှာ ရှိနေရမယ်လို့ အခြေခံဥပဒေက အာဏာကန့်သတ်ထားရပါတယ်။

တရားတဲ့ ဥပဒေ၊ မတရားတဲ့ ဥပဒေ

“အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာ ထာဝရ အမှန်တရားပါ။ အခုလက်ရှိအချိန်မှာလည်း ဒီအတိုင်း ပြုမူနိုင်ပါတယ်။ နောင်ဘယ်အချိန်မဆို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံသားကောင်း ပီသစွာ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားကောင်း ဆိုတာ တရားတဲ့ ဥပဒေကို လိုက်နာရုံသာမကဘဲ မတရားတဲ့ ဥပဒေတွေကိုပါ ရှိလာခဲ့ရင်  ဆန့်ကျင် တိုက်ဖျက် ဖယ်ရှားနိုင်မှလည်း နိုင်ငံသားကောင်း ပီသပါတယ်။

မတရားတဲ့ ဥပဒေကို ဆန့်ကျင်ရာမှာ ဥပမာအားဖြင့် ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ထည့်သုံးဖို့၊ မလျော်ညီတာတွေကို ပြန်လည် ပြင်ဆင် ဖြည့်စွက် နှုတ်ပယ် ဖယ်ရှားဖို့ ဥပဒေပြု လွှတ်တော်အတွင်းကနေ လုပ်နေကြတာ ရှိပါတယ်။၊ မတရားတဲ့ တည်ဆဲဥပဒေတွေ ရှိနေသမျှ လုထုကိုသာ ဒုက္ခရောက်စေတာဖြစ်လို့  ပြန်လည် ပြင်ဆင်/ဖျက်သိမ်းဖို့ကို ကြိုးပမ်းကြရပါတယ်။ ဥပဒေပြု လွှတ်တော်အတွင်းကနေ ဒီလိုနည်းလမ်းရှိသလို လက်နက်ကိုင် တော်လှန်ရေး၊ အကြမ်းမဖက် လူထုလှုပ်ရှားမှု စတဲ့ အခြားဗျူဟာတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သင့်တော်ရာ အခြေအနေမှာ သင့်တော်ရာနည်းလမ်းနဲ့ လုပ်ရတာပါပဲ။ အရေးကြီးတာက လက်တွေ့ကျကျ လုပ်နေဖို့ပါ။

အသွင်ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အလမ်း

အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာနေပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေးကာလ (Transitional period) ပါ။ အမှန်တော့ အသွင်ကူးပြောင်းရေးကာလလို့ အတိအလင်း ကြေညာပြီး ပြုပြင်ပြောင်းလဲရေး (Reforms) တွေကို တဆင့်ချင်း လုပ်ဆောင်သွားရင် အတော်အတန် ရှင်းမယ့်သဘော ရှိနိုင်ပါတယ်။ ဒါပေမယ့် မတတ်သာတဲ့ အနေအထားကနေ ရနိုင်သလောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အသွင်ကူးပြောင်းနေရတာကို တွေ့မိပါတယ်။ ပြုပြင်ပြောင်းလဲနိုင်ခွင့် ရနေတာကိုက အင်မတန် ကောင်းနေတဲ့ နိုင်ငံရေးအခြေအနေဖြစ်ပြီး ရှားရှားပါးပါး ရနေတဲ့ အခွင့်အလမ်းလို့လည်း ကျနော် မြင်မိပါတယ်။

ဒီအခွင့်အလမ်းကို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အသွင်ကူးပြောင်းတာ ပိုမြန်လာမှာ ဖြစ်ပါတယ်။ နည်းလမ်းက မမှန်ကန်၊ မှန်ကန်သည့်တိုင်အောင် မထိရောက်၊ လုပ်တဲ့သူတွေမှာလည်း မညီမညွတ်၊ ညီညွတ်သည့်တိုင်အောင်မှ အာဏာရှင်အရိပ်အောက်က မလွတ်သေးဘဲ ဖြစ်နေရင်တော့ အသွင်ကူးပြောင်းဖို့တောင် ပြန်ပျက်သွားနိုင်ပါတယ်။  

ပြုပြင်ပြောင်းလဲရေးတွေမှာ အရေးကြီးဆုံးက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့ အမျှ ပြည်သူတွေ ပိုမို အကျိုးခံစားရဖို့ ရှိလာနိုင်တဲ့ကိစ္စပါ။ တတ်နိုင်သမျှ ထဲထဲဝင်ဝင် ရှိနေလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပြည်သူ့အသံကို အမှန်တကယ် နားထောင်ပေးတာ၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ဦးတည်ပေးတာဟာ တကယ်တော့ လုပ်ရပ်ကောင်းတွေ ဖြစ်ပါတယ်။ မကောင်းရင်လည်း ကောင်းလာအောင် နိုင်ငံရေးပါတီတွေ၊ စတုတ္ထမဏ္ဍိုင် မီဒီယာနဲ့ ပြည်သူတွေကပဲ ထိန်းမတ်ပေးနေရမှာ ဖြစ်ပါတယ်။

ဥပဒေ ပြင်ဆင် / ဖျက်သိမ်း

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း နဝတနဲ့ နအဖ စစ်အာဏာရှင် ခေါင်းဆောင်တို့က တွင်တွင်ကျယ်ကျယ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေတွေကို အဆင့်ဆင့်တက်ပြီး ထုတ်ပြန်တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီ ဥပဒေ၊ အမိန့်တွေဟာ မတရားမှန်း သိကြပေမယ့် ပြည်သူလူထုအနေနဲ့ လည်စင်းခေါင်းခံပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့နဲ့ ပတ်သက်ပြီး ဥပမာပြပါမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ အခြေအနေ ၃ ရပ်ကို အခြေခံပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိတယ် လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၄၁၂(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အရ အရေးပေါ်အခြေအနေ ကြေညာနိုင်တာလည်း ရှိပါသေးတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။

တကယ်လို့ ဒီလိုမျိုး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မဖြစ်စေဘူး (သို့) ပြည်သူလူထုကို ခြိမ်းခြောက်နေတယ် (သို့) နှစ်ခုစလုံး (သို့) အခြားတခုခု ရှိနေတယ်ဆိုရင် ဒါကို ဥပဒေပြု လွှတ်တော်ထဲကနေ ပြန်လည် ပြင်ဆင် ဖြည့်ဆင် ပယ်ဖျက်ဖို့ ကြိုးပမ်းရပါမယ်။ နိုင်ငံသားတိုင်းမှာ အဲဒီလို ကြိုးပမ်းပိုင်ခွင့် ရှိပါတယ်။ စောစောက ပြောတဲ့အတိုင်း ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အောင်မြင်မှာပါပဲ။ အောင်မြင်နိုင်ဖို့အတွက် လိုအပ်မယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုတင်ဖန်တီး ယူနိုင်ရပါမယ်။ ဒီလိုပဲ အခြားဥပဒေဆိုင်ရာကိစ္စတွေကိုလည်း လူထုအလိုကျ ဖန်တီးယူရဖို့ ရှိပါဦးမယ်။ 

အစိုးရက ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနိုင်မလား

အစိုးရဟာ အခြေခံဥပဒေဘောင်နဲ့ ကင်းလွတ်တဲ့ (သို့) အခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံနဲ့ လူထု အကျိုးစီးပွားကို မဖော်ဆောင်နိုင်တဲ့ ဥပဒေ တရပ်ရပ်ကို ထုတ်ပြန်လာပြီဆိုရင် ဝိုင်းဝန်းတားဆီးရပါမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ ၂၅% တပ်မတော်သား လွှတ်တော်အမတ်တွေ လွှမ်းမိုးထားလို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ စောဒကတက်နိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အားလုံးဟာ အရင်က စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ဖြစ်ကြလို့ ဥပဒေပြုရေးဟာ သူတို့လက်ထဲမှာ ရှိနေတာပဲ လို့လည်း ပြောနိုင်ပါတယ်။ ဒီအနေအထားအရ အစိုးရဟာ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနေနိုင်ပါတယ်။

အဲဒါမျိုး မဖြစ်စေချင်ရင် ကျနော်တို့ အနေနဲ့  တခုခုတော့ လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲလို့ အရင်စဉ်းစားရပါမယ်။ ဒီနေရာမှာ Concept တခုကို ကျနော် ဖော်ပြချင်ပါတယ်။ နိုင်ငံအတွက် အရေးတကြီး လိုအပ်လာတဲ့အချိန်မှာ နိုင်ငံသားတိုင်းဟာ အမျိုးသားရေးဘက်ကို ရှေ့ရှုကြပါတယ်။ ဘယ်အချိန်ဟာ နိုင်ငံအတွက် အရေးကြီးလာတဲ့ အချိန်၊ ဘာအတွက် အရေးကြီးလာရတယ် ဆိုတာကို မှန်မှန်ကန်ကန် သတ်မှတ်နိုင်ရပါမယ်။ အရေးကြီးလာတာကို အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ သဘောပေါက် လက်ခံလာတာနဲ့အမျှ အားလုံးဟာ မိမိတို့ရဲ့ခံယူချက်အစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အသင်းအဖွဲ့စွဲတွေကို ခေတ္တခန ဘေးချိတ်ပြီး အချင်းချင်း ပူးပေါင်းကူညီ လုပ်ဆောင်ကြတာဟာ အမျိုးသားရေးဘက်ကို ရှေ့ရှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ လိုအပ်ရင်  ဖြစ်အောင် လုပ်ယူကြရမှာပါ။ လုပ်ရတာ လွယ်ရင်လည်း လွယ်သွားနိုင်ပါတယ်။ ခက်ရင်လည်း ခက်နိုင်ပါတယ်။ စိတ်ပျက်စရာ မလိုပါဘူး။ ဘာမှမလုပ်ဘဲ လက်မှိုင်ချပြီး စိတ်ညစ်ခံနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးတနေ့ လုပ်ယူနိုင်တဲ့အခြေအနေမှာ ဘယ်အစိုးရမှ သူကြိုက်တဲ့ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ မရနိုင်သလို ထုတ်လိုက်တဲ့ ဥပဒေတိုင်းဟာလည်း ပြည်သူတွေအတွက် အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်လာရပါလိမ့်မယ်။

ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာ Team work ရှိစပြုလာနေပါပြီ။ အသွင်ကူးပြောင်းရေးကာလမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရင်ထက်ပိုပြီး အရည်အချင်းရှိရှိ ထက်ထက်မြက်မြက် လုပ်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီလိုမျိုး ဖြစ်လာအောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ နစ်နာဆုံးရှုံးမှုတွေ အများကြီးနဲ့ နှစ်ပေါင်းဘယ်လောက် ကြာအောင် ကြိုးပမ်းနေခဲ့ကြရပါသလဲ။ တွေးကြည့်ကြပါ။ အခုဆိုရင် ရှိလာတဲ့ Team work ကို ပိုမိုအားကောင်းအောင် တဦးချင်းက တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့သာ လိုအပ်နေပါတော့တယ်။

လွင်အောင်စိုး

၁၂-၁၁-၂ဝ၁၁

Download PDF – Elephant

Download Word – Elephant

Written by Lwin Aung Soe

November 12, 2011 at 7:58 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 94 other followers

%d bloggers like this: