Archive for November 22nd, 2011
မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ
မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ
ဆောင်းပါး ရေးဖြစ်သွားတဲ့ အကြောင်းရင်း
လက်ရှိနိုင်ငံရေးမှာ ရှေ့တိုးလုပ်ဆောင်ဖို့ အခက်အခဲဖြစ်အောင် ဆန့်ကျင် လှုံ့ဆော်ပေးတယ်လို့ ထင်ရတဲ့ ကာတွန်းတပုံကို Facebook မှာ တွေ့မိပါတယ်။ ဘယ်သူမဆို လွတ်လပ်ခြင်းနဲ့ သဘောထား ကွဲလွဲခြင်း ဆိုတဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကျင့်သုံးနိုင်ပါတယ်။ ထိခိုက်စေနိုင်တာ ရှိ-မရှိ အရင်ဦးစွာ စဉ်းစားဆင်ခြင်ပြီးမှ လွတ်လပ်မှုကို အသုံးချရင် တန်းတူညီမျှမှုရဲ့ အကျိုးတရားကို ဖြစ်ပေါ်စေတာကြောင့် အားပေးရပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို အထူးသဖြင့် နိုင်ငံရေးမှာ တလွဲဆံပင်ကောင်း အသုံးချရင် တိုင်းပြည်မှာ နစ်နာဆုံးရှုံးမှု ဖြစ်ရပြီး ခံလိုက်ရသူကတော့ ပြည်သူတွေပဲ ဖြစ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေး နိုင်ငံရေးကိစ္စ ၃ မျိုး
(၁) တရားဥပဒေ စိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊(၃) အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီ ၃ မျိုးကို နည်းနည်းလေး အကျယ်ချဲ့ပြီး စဉ်းစားကြည့်ပါမယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါအဝင် ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စတွေ အားလုံးဟာ တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တာတွေကို ရပ်ဆိုင်းဖို့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ တန်းတူညီမျှမှု ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ ပြည်သူတွေ မနှစ်သက်တဲ့ တရားဥပဒေ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ ဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာ ရှိနေပါတယ်။ ဒါတွေက လတ်တလော လိုအပ်နေတာတွေထဲက အရင်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောင်အစဉ်သဖြင့် ကောင်းစေဖို့ အုတ်မြစ်ချတာလည်း ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေ လုပ်နိုင်ဖို့ ဒီနေ့လို အခြေအနေမျိုးမှာ နိုင်ငံရေး လမ်းကြောင်းသစ်တခုကို ဖန်တီးယူရတာ ဖြစ်ပါတယ်။
အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်း
အရင်တုန်းကတော့ အရင်စစ်အစိုးရ အာဏာရှင်စနစ် လက်အောက်ဖြစ်လို့ တောင်းဆိုချင်တာတောင် ပါးစပ်မဟရဲခဲ့တဲ့ အခြေအနေပါ။ ဒါကြောင့် ကဏ္ဍပေါင်းစုံ ထိုးဆင်း နိမ့်ကျခဲ့ရပါတယ်။ အခုဆိုရင်တော့ တရားဝင် ထုတ်ဖော် ပြောဆို တောင်းဆိုလို့ ရတဲ့အထိ အခြေအနေတွေ တိုးတက်လာနေပါတယ်။ ဒါကြောင့် လမ်းဟောင်းကြီးကို စွန့်ခွာနိုင်ပါပြီ။ လူ့သဘာဝအရ တချို့ကတော့ နှမြောတသ ဖြစ်နေနိုင်ပါတယ်။ မနှမြောပါနဲ့၊ ရှေ့မှာ ဒီ့ထက်မက ကောင်းတာတွေ ရှိနေပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ မပျက်ပြယ်တဲ့ သမိုင်းဝင်အောင်ပွဲ
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက တခဲနက် မဲပေးထောက်ခံလို့ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်ဟာ မြန်မာ့သမိုင်းမှာ အမြဲတမ်း တည်ရှိနေတဲ့ အမှန်တရားပါ။ တရားဝင် အမိန့်ပြန်တမ်းနဲ့ ထုတ်ပြန်ထားတဲ့ အမှန်တရားပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မီဒီယာကတဆင့် ဒါကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ပျက်ပြယ်တယ်ဆိုတဲ့ စကားက တရားဝင် အမိန့်ပြန်တမ်းတခု ဖြစ်ပေမယ့်လည်း ဥပဒေကြောင်းအရ အကြောင်းပြချက် မခိုင်လုံပါဘူး။ အာဏာရှင်စနစ်ကို လက်မခံသူတွေအနေနဲ့ ဒီလို တရားမဝင် အမိန့်မျိုးကို လက်မခံသင့်ပါဘူး။ မမှန်တာကို လက်ခံစရာလည်း မလိုပါဘူး။ ကြောက်ရွံ့လေးစားလိုက်နာစရာလည်း မလိုတော့ပါဘူး။
ကောင်းသထက်ကောင်းဖို့သာလို
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ ကိစ္စ ၃ ခုမှာ အဲဒါတွေထက် ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိလာရင် ဘယ်သူမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်ယူနိုင်ပါတယ်။ လုပ်နိုင်ခွင့်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ့ကို အကြံပေးချင်တာရှိရင် ပေးကြပါလို့ လမ်းဖွင့်ပေးထားပါတယ်။
တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ
ကျနော့်ရဲ့ တဦးတည်းအမြင်မှာတော့ လက်ရှိ နိုင်ငံရေး လမ်းကြောင်းကို ပိုမိုချောမွေ့သွက်လက်လာအောင် ပြည်သူတဦးချင်းက တနိုင်တပိုင် ဝိုင်းဝန်း ပံ့ပိုးပေးသင့်ပါတယ်။ ဒါဟာ စစ်အာဏာရှင်အစိုးရကို ကူညီပံ့ပိုးတယ်လို့ အဓိပ္ပာယ် မထွက်ပါဘူး။ စစ်အစိုးရ မရှိတော့ပေမယ့် သူတို့ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကြီးက ရှိနေတာပဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေကို အခုခါမှာ ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းရှိနေပြီး ပိုပြီး ပြင်နိုင်လောက်အောင်လည်း ကြိုးပမ်းနေကြပါပြီ်။ အဲသလိုသာ တစိုက်မတ်မတ် ဆက်လုပ်နိုင်မယ်ဆိုရင် နောင်တချိန်ချိန်မှာ ပြည်သူတွေ တကယ်လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အခိုင်အမာ ရှိလာမှာ မလွဲပါဘူး။
ရန်ဘက်နဲ့ ပြိုင်ဘက် ခွဲခြားနိုင်ရမယ်
နိုင်ငံရေးမှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အယူအဆ၊ လုပ်ပုံလုပ်နည်း ကွဲလွဲတတ်ပါတယ်။ ကွဲလွဲနေတိုင်းလည်း ရန်သူဖြစ်လာစရာအကြောင်း မရှိပါဘူး။ အာဏာရှင်စနစ် ခေတ်လွန်ကာလမှာ မြန်မာ့နိုင်ငံရေးဟာ ရန်ဘက် မရှိတဲ့ အနေအထားကို သိသိသာသာ ကူးပြောင်းနေပါပြီ။ ရန်ဘက် မရှိပေမယ့် ပြိုင်ဘက်ကတော့ ရှိနေမှာ ဖြစ်ပါတယ်။ အမြင်သဘောထား လုပ်နည်းကိုင်နည်း မတူကွဲပြား ခြားနားတာကို အသိအမှတ်ပြု လက်ခံတာဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တဲ့အတိုင်း ပြိုင်ဘက်ဆိုတာ ရှိနေပါလိမ့်မယ်။ ပြိုင်ဘက် ရှိနေမှလည်း တဘက်နဲ့တဘက် ယှဉ်ပြိုင်ကြိုးစားကြလို့ တိုးတက်မှု ရှိလာမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင် ဆင်ခြင်တုံတရား အရေးကြီး
ဒီကနေ့လို အချိန်နဲ့ အခြေအနေမှာ ပြည်သူတွေအဖို့ စားဝတ်နေရေးနဲ့ လု့ခြုံရေးမှာ လိုအပ်နေတာတွေ အများကြီး ရှိနေတုန်း ဖြစ်ပါတယ်။ တချိန်တည်းမှာ လိုအပ်တာတွေကို တောင်းဆိုနိုင်ဖို့လည်း လမ်းပွင့်လာနေပါတယ်။ တကယ်လိုအပ်နေတာကို မှန်မှန်ကန်ကန် တောင်းဆိုနိုင်မှလည်း အမှန်တကယ် တန်ဖိုးရှိရှိ ရလာမှာ ဖြစ်ပါတယ်။ အလကားရတာတော့ ဘာမှမရှိပါဘူး။ လူတဦးချင်းမှာ မိမိတို့ လိုအပ်တာတွေကို ရနိုင်ဖို့ တခုခုတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဆိုရင် အနစ်နာခံရပါတယ်။ ပြည်သူတွေ ဆိုရင်တော့ ဆုံးဖြတ် ရွေးချယ်ပေးရပါတယ်။ တောင်းဆိုချင်တာကို ဆုံးဖြတ်ရွေးချယ်လာရတဲ့အခါ မိမိတို့ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်အပေါ် ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့သာ စဉ်းစားချင့်ချိန် လွတ်လပ်စွာ ဆုံးဖြတ်ရပါမယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ ဆုံးဖြတ်ရွေးချယ်ပြီး လုပ်လိုက်တဲ့ကိစ္စကြောင့် အများပြည်သူ ရည်မှန်းတာ၊ အကျိုးဖြစ်ထွန်းတာကို မထိခိုက်စေဖို့ပါပဲ။
ပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်ဖို့လို
လွတ်လပ်မှု၊ တန်းတူညီတူဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေ ဖြည့်ပေးဖို့ အာမခံနိုင်တာက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပြီး အောင်မြင်ရင် ပြည်သူတွေမှာ လုံခြုံမှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ မအောင်မြင်ရင် အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာပြီး ကျနော်တို့ရော နောင်မျိုးဆက်သစ်တွေရော အာဏာရှင်ရဲ့သားကောင်ဘဝမှာ အချိန်တိုင်း လည်စင်းခံရဖို့ ဖြစ်သွားနိုင်ပါတယ်။
လွင်အောင်စိုး
၂၁-၁၁-၂ဝ၁၁
Download Word – here
Download PDF – here
ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်
ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်
ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ ဆိုတာ ရှိကိုမရှိသင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့် မထားဘဲ မြို့နယ်အဆင့်သာ ထားရတဲ့ အစဉ်အလာကို ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးပါတယ်။ မြို့နယ် အုပ်ချုပ်ရေးရုံးတွေဟာ မြို့နယ်အတွင်း ပြည်သူတွေ နေအိမ်ပြောင်းရွေ့နေထိုင်တဲ့ကိစ္စ၊ အခွန်ကောက်တဲ့ကိစ္စ၊ စည်ပင်သာယာရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်နဲ့ အခြားဘေးဒုက္ခမှ ကယ်ဆယ်ရေးကိစ္စ၊ လူမှုရေးအကူအညီကိစ္စတွေကို အဓိက ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဘဏ္ဍာကျခံပြီး ဒီမိုကရေစီနည်းကျ ထားရှိဖွဲ့စည်းထားရတာ ဖြစ်ပါတယ်။
ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ထားတဲ့စနစ်က မရိုးမသားနည်းနဲ့ ပြည်သူတဦးချင်းကို ဖိနှိပ်ဖို့နဲ့ အာဏာပိုင်တွေ ကောင်းစားဖို့ ဖန်တီးယူထားတဲ့ စနစ်ပဲ ဖြစ်တယ်။ ဒီအချက်ကို လက်မခံရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းလက်ထက်ကတည်းက တရုတ်၊ ရုရှား ကွန်ုမြူနစ်နိုင်ငံတွေဆီက ပုံတူခိုးချလာတဲ့ ဒီစနစ်ကျင့်သုံးပုံတွေကို ပြန်စဉ်းစားကြည့်ပါ။
ပြည်သူတွေကို စည်းကမ်းသေဝပ်အောင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းအောင်၊ လုံခြုံရေး ဘာညာ အကြောင်းပြပြီး အုပ်ချုပ်စရာ မလိုပါဘူး။ ပြည်သူတွေမှာ လိုက်နာရမယ့် တရားဥပဒေတွေ ရှိထားပြီးသားပါ။ ပြည်သူတွေ စည်းကမ်းပျက်ရင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းမှုကို ထိခိုက်စေရင် အရေးယူစရာ အတိုင်းမသိ ပိုလျှံနေတဲ့ တရားဥပဒေတွေ ရှိနေလို့ ထပ်ဆင့် ဖိအားပေး ခြိမ်းခြောက်ထားစရာ မလိုတော့ပါဘူး။ ရပ်ကွက် ကျေးရွာ လုံခြုံရေးကိုလည်း နိုင်ငံတော်ဘဏ္ဍာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်း တွေက တာဝန်ယူထားရတာပါ။ နောက်ထပ် အပိုလုပ်ပေးစရာ မလိုအပ်တော့ပါဘူး။
ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးကို ပြည်သူတွေကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူရပါတယ်။ မြို့နယ်ရဲစခန်းတွေက သက်ဆိုင်ရာမြို့နယ်အတွင်းက ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်။ ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတွေက ကျင့်သုံးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတခုမှာ လက်တွေ့ကျကျ ခံစားရတာဖြစ်လို့ အတုယူကျင့်သုံးစရာ ကောင်းတယ်လို့ ကျနော် ယုံကြည်ပါတယ်။
ပြည်သူတွေအပေါ် အုပ်ချုပ်တဲ့စနစ်ကို ပြည်သူတွေကသာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရပါမယ်။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက ဆုံးဖြတ်လို့ မသင့်တော်၊ လူကြားမကောင်းတဲ့ ကိစ္စပါ။ လွှတ်တော်မှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ် ဆိုပေမယ့်လည်း လွတ်လပ်မှုမရှိ၊ သမာသမတ်မကျတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက အရွေးခံရသူတွေဖြစ်လို့ အမှန်တကယ် ပြည်သူတွေကို ကိုယ်စား ပြုနိုင်ဖို့ဆိုတာ သံသယဖြစ်စရာပါ။ ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်အတည်ပြုရင်လည်း မှန်ကန်တာပဲလို့ စိတ်ချလက်ချ မယုံစားနိုင်သေးပါဘူး။ ဒါ့ပြင်တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်သွားနိုင်ပါတယ်။
“တိုင်းပြည်ဂုဏ်ရောင်” ဆိုတဲ့စကားကို ဘာလို့ သုံးရသလဲဆိုတာကို နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လက်တွေ့ကျကျ လုပ်ငန်းသဘော ပြောဆိုဆက်ဆံနေရတဲ့ အစိုးရအရာရှိကြီးတွေ ကောင်းကောင်း သိနိုင်ပါလိမ့်မယ်။ ပြည်သူတွေအတွက်မှာတော့ တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်ရုံတင် မဟုတ်ဘဲ အာဏာပိုင်တွေနဲ့ မဆက်ဆံလိုသူတွေ၊ ကင်းဝေးအောင် နေချင်သူတွေအတွက် ဒုက္ခတွေ့ဖို့သာ ရှိပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ အထူးအရေးကြီးတဲ့အချက်တခုကတော့ ပြည်သူတွေဟာ ဘာကြောင့် အာဏာပိုင်တွေကို မဆက်ဆံချင်တာလဲ၊ ကင်းဝေးအောင် ရှောင်ရှားချင်တာလဲ ဆိုတဲ့ ပြည်သူ့ဆန္ဒကို တိုင်းပြည်ခေါင်းဆောင်တွေ၊ လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက အလေးအနက် ထားသင့်ပါတယ်။
အာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်း ဆက်ဆံပြီ ဆိုကတည်းက အဂတိလိုက်စားမှုတွေ ဖြစ်လာစေပါတယ်။ အဂတိလိုက်စားမှု ရှိနေသရွေ့ တိုင်းပြည် ဘယ်တော့မှ မတိုးတက်သလို တိုင်းပြည်ဆင်းရဲ၊ ပြည်သူတွေ ဆင်းရဲ ဖြစ်နေဦးမှာပါပဲ။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးတခုကို ဖွင့်လှစ်ပြီး တာဝန်ရှိတယ်ဆိုသူတွေကို ခန့်ထားရတဲ့အတွက် စရိတ်စက ကုန်ကျမှု ရှိကိုရှိရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းမှာတင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်းမှာ ၁၃ဝ၅ ခု ရှိနေတာဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်လောက်ထိ ကုန်ကျမလဲ ဆိုတာကို တွက်ကြည့်နိုင်ပါတယ်။ ကုန်ကျစရိတ်တွေဟာ နိုင်ငံတော်ဘဏ္ဍာက မျှပေးရတာ ဖြစ်ပါတယ်။ အခုလို ကုန်ကျမယ့် စရိတ်တွေကို မြို့နယ် အုပ်ချုပ်ရေးရုံးတွေကနေတဆင့် လူထုကောင်းကျိုးတွေကို လုပ်ပေးလိုက်ရင် ဘယ်လောက်ထိ ကောင်းသွားနိုင်မလဲ ဆိုတာ လူတိုင်းတွက်ဆလို့ ရနိုင်ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေး အမြော်အမြင် ထားသင့်ပါတယ်။
ရပ်ကွက်ကျေးရွာတွေမှာ မလိုလားအပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို အရင်လိုပဲ ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ သမ္မတဦးသိန်းစိန်တို့ ထိပ်ဆုံးကနေ ဘာလုပ်လုပ် အရင်စစ်အစိုးရလိုပဲ လုံးလည်ချာလည်နဲ့ နောက်ပြန်ဆုတ်သွားမှာဖြစ်ပါတယ်။ သင်ခန်းစာယူပြီး ပြုပြင်သင့်တာကို အမြန်ဆုံး ပြုပြင်နိုင်ဖို့၊ ဖယ်ရှားသင့်တာကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့၊ လုပ်သင့်တာတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတုန်းပါ။
လွင်အောင်စိုး
၁၆-၁၁-၂ဝ၁၁
Download Word – here
Download PDF – here




