ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်
ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်
ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ ဆိုတာ ရှိကိုမရှိသင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့် မထားဘဲ မြို့နယ်အဆင့်သာ ထားရတဲ့ အစဉ်အလာကို ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးပါတယ်။ မြို့နယ် အုပ်ချုပ်ရေးရုံးတွေဟာ မြို့နယ်အတွင်း ပြည်သူတွေ နေအိမ်ပြောင်းရွေ့နေထိုင်တဲ့ကိစ္စ၊ အခွန်ကောက်တဲ့ကိစ္စ၊ စည်ပင်သာယာရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်နဲ့ အခြားဘေးဒုက္ခမှ ကယ်ဆယ်ရေးကိစ္စ၊ လူမှုရေးအကူအညီကိစ္စတွေကို အဓိက ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဘဏ္ဍာကျခံပြီး ဒီမိုကရေစီနည်းကျ ထားရှိဖွဲ့စည်းထားရတာ ဖြစ်ပါတယ်။
ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ထားတဲ့စနစ်က မရိုးမသားနည်းနဲ့ ပြည်သူတဦးချင်းကို ဖိနှိပ်ဖို့နဲ့ အာဏာပိုင်တွေ ကောင်းစားဖို့ ဖန်တီးယူထားတဲ့ စနစ်ပဲ ဖြစ်တယ်။ ဒီအချက်ကို လက်မခံရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းလက်ထက်ကတည်းက တရုတ်၊ ရုရှား ကွန်ုမြူနစ်နိုင်ငံတွေဆီက ပုံတူခိုးချလာတဲ့ ဒီစနစ်ကျင့်သုံးပုံတွေကို ပြန်စဉ်းစားကြည့်ပါ။
ပြည်သူတွေကို စည်းကမ်းသေဝပ်အောင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းအောင်၊ လုံခြုံရေး ဘာညာ အကြောင်းပြပြီး အုပ်ချုပ်စရာ မလိုပါဘူး။ ပြည်သူတွေမှာ လိုက်နာရမယ့် တရားဥပဒေတွေ ရှိထားပြီးသားပါ။ ပြည်သူတွေ စည်းကမ်းပျက်ရင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းမှုကို ထိခိုက်စေရင် အရေးယူစရာ အတိုင်းမသိ ပိုလျှံနေတဲ့ တရားဥပဒေတွေ ရှိနေလို့ ထပ်ဆင့် ဖိအားပေး ခြိမ်းခြောက်ထားစရာ မလိုတော့ပါဘူး။ ရပ်ကွက် ကျေးရွာ လုံခြုံရေးကိုလည်း နိုင်ငံတော်ဘဏ္ဍာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်း တွေက တာဝန်ယူထားရတာပါ။ နောက်ထပ် အပိုလုပ်ပေးစရာ မလိုအပ်တော့ပါဘူး။
ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးကို ပြည်သူတွေကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူရပါတယ်။ မြို့နယ်ရဲစခန်းတွေက သက်ဆိုင်ရာမြို့နယ်အတွင်းက ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်။ ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတွေက ကျင့်သုံးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတခုမှာ လက်တွေ့ကျကျ ခံစားရတာဖြစ်လို့ အတုယူကျင့်သုံးစရာ ကောင်းတယ်လို့ ကျနော် ယုံကြည်ပါတယ်။
ပြည်သူတွေအပေါ် အုပ်ချုပ်တဲ့စနစ်ကို ပြည်သူတွေကသာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရပါမယ်။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက ဆုံးဖြတ်လို့ မသင့်တော်၊ လူကြားမကောင်းတဲ့ ကိစ္စပါ။ လွှတ်တော်မှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ် ဆိုပေမယ့်လည်း လွတ်လပ်မှုမရှိ၊ သမာသမတ်မကျတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက အရွေးခံရသူတွေဖြစ်လို့ အမှန်တကယ် ပြည်သူတွေကို ကိုယ်စား ပြုနိုင်ဖို့ဆိုတာ သံသယဖြစ်စရာပါ။ ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်အတည်ပြုရင်လည်း မှန်ကန်တာပဲလို့ စိတ်ချလက်ချ မယုံစားနိုင်သေးပါဘူး။ ဒါ့ပြင်တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်သွားနိုင်ပါတယ်။
“တိုင်းပြည်ဂုဏ်ရောင်” ဆိုတဲ့စကားကို ဘာလို့ သုံးရသလဲဆိုတာကို နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လက်တွေ့ကျကျ လုပ်ငန်းသဘော ပြောဆိုဆက်ဆံနေရတဲ့ အစိုးရအရာရှိကြီးတွေ ကောင်းကောင်း သိနိုင်ပါလိမ့်မယ်။ ပြည်သူတွေအတွက်မှာတော့ တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်ရုံတင် မဟုတ်ဘဲ အာဏာပိုင်တွေနဲ့ မဆက်ဆံလိုသူတွေ၊ ကင်းဝေးအောင် နေချင်သူတွေအတွက် ဒုက္ခတွေ့ဖို့သာ ရှိပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ အထူးအရေးကြီးတဲ့အချက်တခုကတော့ ပြည်သူတွေဟာ ဘာကြောင့် အာဏာပိုင်တွေကို မဆက်ဆံချင်တာလဲ၊ ကင်းဝေးအောင် ရှောင်ရှားချင်တာလဲ ဆိုတဲ့ ပြည်သူ့ဆန္ဒကို တိုင်းပြည်ခေါင်းဆောင်တွေ၊ လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက အလေးအနက် ထားသင့်ပါတယ်။
အာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်း ဆက်ဆံပြီ ဆိုကတည်းက အဂတိလိုက်စားမှုတွေ ဖြစ်လာစေပါတယ်။ အဂတိလိုက်စားမှု ရှိနေသရွေ့ တိုင်းပြည် ဘယ်တော့မှ မတိုးတက်သလို တိုင်းပြည်ဆင်းရဲ၊ ပြည်သူတွေ ဆင်းရဲ ဖြစ်နေဦးမှာပါပဲ။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးတခုကို ဖွင့်လှစ်ပြီး တာဝန်ရှိတယ်ဆိုသူတွေကို ခန့်ထားရတဲ့အတွက် စရိတ်စက ကုန်ကျမှု ရှိကိုရှိရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းမှာတင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်းမှာ ၁၃ဝ၅ ခု ရှိနေတာဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်လောက်ထိ ကုန်ကျမလဲ ဆိုတာကို တွက်ကြည့်နိုင်ပါတယ်။ ကုန်ကျစရိတ်တွေဟာ နိုင်ငံတော်ဘဏ္ဍာက မျှပေးရတာ ဖြစ်ပါတယ်။ အခုလို ကုန်ကျမယ့် စရိတ်တွေကို မြို့နယ် အုပ်ချုပ်ရေးရုံးတွေကနေတဆင့် လူထုကောင်းကျိုးတွေကို လုပ်ပေးလိုက်ရင် ဘယ်လောက်ထိ ကောင်းသွားနိုင်မလဲ ဆိုတာ လူတိုင်းတွက်ဆလို့ ရနိုင်ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေး အမြော်အမြင် ထားသင့်ပါတယ်။
ရပ်ကွက်ကျေးရွာတွေမှာ မလိုလားအပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို အရင်လိုပဲ ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ သမ္မတဦးသိန်းစိန်တို့ ထိပ်ဆုံးကနေ ဘာလုပ်လုပ် အရင်စစ်အစိုးရလိုပဲ လုံးလည်ချာလည်နဲ့ နောက်ပြန်ဆုတ်သွားမှာဖြစ်ပါတယ်။ သင်ခန်းစာယူပြီး ပြုပြင်သင့်တာကို အမြန်ဆုံး ပြုပြင်နိုင်ဖို့၊ ဖယ်ရှားသင့်တာကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့၊ လုပ်သင့်တာတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတုန်းပါ။
လွင်အောင်စိုး
၁၆-၁၁-၂ဝ၁၁
Download Word – here
Download PDF – here



