Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

မသိလို့မှားတာပါ ဆိုတိုင်း …

leave a comment »

ဧရာဝတီ ဆောင်းပါး

အောင်ကျော် | စက်တင်ဘာ ၂၆၊ ၂၀၀၈

ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။

မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ “အဂါရ၀ ငါးပါး” ကို ရှောင်ရှားကြရကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။

ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော်ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က “ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး” ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။

မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ထား ကြသည်။

အမှန်စင်စစ် ထို “ပတ္တနိက္ကုဇ္ဇနကံ” ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။ အကြင်သူသည် …

•             ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
•             ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
•             ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
•             ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
•             ရဟန်းအချင်းချင်း ကွဲပြားစေ၏။
•             မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
•             တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
•             သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။

ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။

“ပတ္တနိက္ကုဇ္ဇနကံ”ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။

ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက  လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။

“ပတ္တနိက္ကုဇ္ဇနကံ”၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။

ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။

လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။

ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။

အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို  ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။

သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။  ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။

အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။

စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။

“သံဃာမရှိလဲဖြစ်ပါတယ်”ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။

ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်“မဂ်တားဖိုလ်တား ကိစ္စကြီး” ဖြစ်ပါ သည်။ “မဂ်၏ အန္တရာယ်”ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။

ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။

မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ် နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံရပေတော့မည်။ ထိုက်တန်ပါရဲ့လား။

ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှနှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။

ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။

ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ်သွားကြပါသနည်း။

ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။

အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှနှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စားကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေရရှိထားသမျှ ဥစ္စာပစ္စည်းတွေက ကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မလည်ဘဲနေကြမည်လား။

သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် “မင်း” မလုပ်ရအောင် စကားမပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။

အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။

ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။

ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။

နောင်ဘ၀မှာတော့ အ၀ီစိမှာတူပျော်ပျော်ပဲ နေကြရဦးမှာပါ။ “ဂေါဏေန ဂေါဏော” ဆိုသမို့လား။     ။

http://www.irrawaddy.org/bur/Articles2008/September/13.html

Written by Lwin Aung Soe

January 29, 2009 at 1:31 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: