Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

နှစ် ၂ဝ ထောင်ထွက်ခါစ ဦးဝင်းတင် အင်တာဗျူးများ

leave a comment »

  1. (ဒီဗီဘီ) – ဦးဝင်းတင်နှင့် ဆက်သွယ်ချက် အပိုင်း ၁ -၂
  2. (မဇ္ဈိမ) “တွေ့ဆုံ ဆွေးနွေးရေးကို သွားကြစေလိုသူ” (ဦးခင်မောင်ဆွေနှင့် အင်တာဗျူး)
  3. (မဇ္ဈိမ) သံမဏိလူသားနှင့် စကားစမြည် (ဦးဝင်းတင်နှင့် အင်တာဗျူး)
  4. (ဧရာဝတီ) – သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း
  5. (၁၉)နှစ်ကျော် အင်းစိန်ထောင်တွင် ငရဲခံခဲ့ရပြီး လွတ်မြောက်လာသူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် အင်တာဗျူး

……………………….

http://burmese.dvb.no/news.php?id=5720

http://burmese.dvb.no/news.php?id=5731

မဇ္ဈိမ မြန်မာသတင်းဌာန

အင်တာဗျူး

ဖနိဒါ

ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 19:16 – မြန်မာစံတော်ချိန်

၂ဝ၁ဝ ရွေးကောက်ပွဲများအတွက် ဆိုကာ လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသား ၆ ယောက်တွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေလည်း ပါဝင်သည်။ လောင်စာဆီ ထုတ်လုပ်ရေး နည်းပညာ တိုးတက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးခင်မောင်ဆွေသည် ထောင်တွင်း ၁၄ နှစ်ကျော် နေခဲ့ရသည်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရအလုပ်မှ ထုတ်ပယ်ခံရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် သတင်းပြန်ကြားရေးတွင် တာဝန်ယူခဲ့သူ ဖြစ်သည်။ မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။

အန်ကယ် အခု နေကောင်းရဲ့လား၊ ထောင်ထဲမှာနေတုန်း ကျန်းမာရေး အခြေအနေ ဘယ်လိုနေခဲ့လဲ။

လောလောဆယ်တော့ ကျန်းမာပါတယ်၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ မန္တလေး ဆေးရုံမှာ တက်တာ နှစ်နှစ်လောက် ကြာပြီ၊ လားရှိုး ပြောင်းတော့လည်း နှလုံးအောင့်တာနဲ့ အထူးကုဆရာဝန်တွေနဲ့ အီးစီဂျီ ရိုက်ပြီးတော့ ကုပါတယ်၊ ခုနောက်ဆုံး ၆၅နှစ်ကျော် နာမကျန်းသူတွေကို လွတ်တဲ့ထဲ ပါလာတာပါ။ ခုလည်း ရံဖန်ရံခါ အောင့်တယ်။ ခုအိမ်ရောက်တော့ မအောင့်တော့ဘူးပေါ့။

ဒီ၂ဝဝဝခု နောက်ပိုင်းမှာ သူတို့ ထောင်ထဲမှာ ရှိနေတဲ့လူတွေကို ကုပါတယ်၊ ကျနော်တို့တွေ မကပါဘူး။ တခြားအကျဉ်းသားတွေကိုလည်း ကုပါတယ်။ အားလုံးလိုလို မန္တလေးက အထူးကု ဆရာဝန်တွေနဲ့ ကုပေးပါတယ်။

ထောင်ထဲကနေ အပြင်ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

အော် ၁ဝစုနှစ် တစုစာ ခွဲနေရတော့ မိန်းမကလည်း ကျောက်ကပ်ရောဂါ ခံစားနေရတော့ အန်ကယ်ပြန်လာတာ သူလည်း အားရှိတာကို မြင်ရတော့ အန်ကယ်ပြန်လာတာ မှန်သွားတယ်ဆိုပြီးတော့ ကျေနပ်မိပါတယ်၊ ဝမ်းသာပါတယ်။

အန်ကယ်နဲ့အတူ လွတ်လာတဲ့ လူတွေ ဘယ်လောက်ရှိတယ်လို့ သိခဲ့ရပါသလဲ။

သိပ်မများဘူး၊ လုပ်ဖော်ကိုင်ဘက်တွေက လေးငါး ခြောက်ယောက်လောက်ပဲ ရှိတယ်လို့ သိရတယ်။

အခုထောင်ကနေ လွတ်မြောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။ နိုင်ငံရေးရော ပြောင်းလဲမှု ဘယ်လို မြင်လဲ။

အပြောင်းအလဲတွေကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ အဆောက်အအုံသစ်တွေ၊ လမ်းအသစ်တွေပေါ့လေ။ ဒါပေမဲ့ လူတွေရဲ့ အယူအဆတွေ ဘယ်လိုပြောင်းလဲ သွားလဲတော့ အန်ကယ် မသိသေးဘူး။ ခုမှ ရောက်လာတယ် ဆိုတော့။

နိုင်ငံရေး အခြေအနေကတော့ တိုင်းပြည်ကောင်းစား စေချင်တဲ့ အကောင်းဘက်ကို ရွေ့သွားအောင် သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင်တော့ အကောင်းဘက်ကို မုချ ရွေ့သွားမှာပါ။ အန်ကယ်တို့က တနိုင်ငံထဲမှာ ဖြစ်နေတဲ့ တမျိုးသားလုံး ကိစ္စကိုး၊ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်နေတာ မဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်း ညီညွတ်ဖို့ကို ဦးစားပေး ဆောင်ရွက်ကြမယ်ဆိုရင် မကြာခင်မှာ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သမီးတို့လည်းသိမှာပါ။ ပြည်သူတွေ အချင်ချင်းကြားထဲမှာ၊ တိုင်းရင်းသားတွေ ကြားထဲမှာ၊ အချင်းချင်း ညီညွတ်ရေး မရှိဘဲနဲ့ ဘယ်အစိုးရဘဲ ဖြစ်ဖြစ် တက်တက်။ ဘယ်အစိုးရပဲ ထူထောင် ထူထောင်၊ အောင်မြင်ဖို့ဟာ သိပ်မလွယ်လှဘူးဆိုတော့။ အမျိုးသားခေါင်းဆောင်ကြီး ပြောသွားတာ ရှိပါတယ်။ အဲဒီအတိုင်း လျှောက်လှမ်းသွားမယ် ဆိုရင်တော့ ဒီနိုင်ငံရေး ဝေဒနာ ပေါ့လေ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ နိုင်ငံရေး ဝေဒနာတွေကို အန်ကယ်တို့ ဖြစ်လာတယ်။ ခုဆိုရင် ၈၈ ခုနှစ်ပါ လိုက်တယ်ဆိုရင် နိုင်ငံရေး အနာဟာ သွေးမတိတ်တော့ ပါဘူး။

အဲဒီသွေးမတိတ်တဲ့ နိုင်ငံရေး အနာကို ခုနက ပြောသလိုပဲ။  သူလား၊ ငါလား၊ နိုင်ငံရေး မာနတွေ ထောင်မနေဘဲနဲ့ အချင်းချင်း မျက်နှာချင်းဆိုင်ပြီးတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲနဲ့ တိုင်းပြည်အတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပြီးတော့ သဘောတူညီမှု တခုကို ရအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မရနိုင်စရာ မရှိဘူးလို့ ယုံကြည်ထားပါတယ်။

ထောင်ပေါင်း ဘယ်နှစ်ခု ပြောင်းခဲ့ရလဲ။ ဘာဖြစ်လို့ ပြောင်းတာလဲ။

စစထောင်ချတဲ့အခါ အင်းစိန်တွဲဘက်မှာ နေရခဲ့ရပါတယ်။ နောက်တခါ အင်းစိန် ထောင်မကြီးမှာ ၆လလောက် ထပ်နေရပါတယ်။ နောက် အင်းစိန်အထူးတိုက်မှာ ၃နှစ်လောက် နေခဲ့ရပါတယ်။ နောက် မြင်းခြံမှာ ၈နှစ်လောက် နေခဲ့ရပါတယ်။ မန္တလေးမှာ ၂နှစ်ကျော်ကျပါတယ်။ ခုနောက်ဆုံး လားရှိုးမှာ ၇လပဲ ကျခဲ့ပါတယ်။

ခုလို အန်ကယ်တို့ ပြန်လွတ်လာပြီဆိုတော့ အန်ကယ် မျော်မှန်းချက်လေး သိပါရစေ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲ။

အန်ကယ် ရှေ့ကို ရည်မှန်းထားတာပေါ့လေ။ နိုင်ငံရေးတခုပေါ့။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ဒီမိုကရေစီ လူ့ဘောင်ကို ရောက်ဖို့ဆိုရင် နိုင်ငံရေး ခရီးရှည်တခုကို လျှောက်ရဦးမယ် ဆိုတဲ့ အယူအမြင် တခုတော့ အန်ကယ် ခေါင်းထဲမှာ ဝင်လာပါတယ်။

ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ အစားအသောက်အပြင် ဆေးဝါးကုသမှုရော ရခဲ့လား။

၂ဝဝဝခုနှစ် နောက်ပိုင်းမှာ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား မသိဘူး၊ အိုင်စီအာစီရောက်လာပြီး နောက်ပိုင်းမှာတော့ စာဆောင်တွေ၊ သတင်းစာတွေ ဖတ်ခွင့်ပေးပါတယ်။ ကိုယ့်စာအုပ်ကိုယ် ဖတ်ရင်လည်း ရပါတယ်။ ဘာသာရေး စာအုပ်တွေက ၉၅ ခု ကတည်းက သက်ဆိုင်ရာက ပေးဖတ်လို့ အထူးဆောင်ကနေ ဖတ်လို့ ရပါပြီ။ ဒါပေမဲ့ ကျန်တဲ့ ဂျာနယ်တွေကတော့ ၂ဝဝဝ ခုနှစ်လောက်ကနေ ဖတ်ရပါတယ်။

ထောင်ထဲမှာ ရှိနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရလဲ။

ထောင်ထဲမှာက ကောလဟလကတော့ အမြဲတမ်းရှိနေတာပဲ။ မှန်တဲ့အခါ မှန်၊ မှားတဲ့အခါလဲ မှားမယ်လေ။ ဒါပေမဲ့ နောက်တခုကတော့ သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နောက်အဲဒီအချိန်မှာ ထောင်ကျလာတဲ့ လူတွေဆီက သတင်းတွေကြားတဲ့အခါ ကိုယ့်ဖာသာကိုယ် ပြန်ပြီး စစ်ဆေးရတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာတော့ ဘယ်ဟာကဖြင့် သတင်းစာမှာ ပါတာများတယ်၊ နည်းတယ်၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သာ ပြန်အဖြေပေးရပါတယ်။

ထောင်ထဲမှာ နေ့စဉ် အခက်အခဲဆုံး ထူးခြားတဲ့ အခြေအနေကို ပြောပြပါ။

နိုင်ငံရေး ယုံကြည်ချက်ကြောင့်သာ အန်ကယ်တို့က ထောင်ချမယ် သိရဲ့သားနဲ့ ဇွတ်တိုးပြီး လုပ်ခဲ့ကြတဲ့ သူတွေ မို့လို့ စပြီးတော့ နိုင်ငံရေး ခရီးလျှောက်ကတည်းကနေ ခက်ခဲပြီးသား ဖြစ်ပါတယ်။ ထောင်ထဲ ရောက်တဲ့အခါကြတော့ ပတ်ဝန်းကျင် အသစ်တွေနဲ့ တွေ့ရတဲ့အခါမှာ စိတ်ကျဉ်းကြပ်မှုက အရင်ဆုံး ခံစားရပါတယ်။ ဒါကို မြန်မာ ဗုဒ္ဓသာဘာတွေ အားကိုးစရာကတော့ တရားထိုင်တာပေါ့လေ။ ဒါနဲ့ စိတ်ကို လျော့ပြီးမှ နေသာ၊ ထိုင်သာ ရှိအောင် လုပ်ယူရပါတယ်။ ကျန်တာကတော့ ထောင်အလိုက် နေရာအလိုက် အုပ်ချုပ်သူတွေရဲ့ ကွဲပြားရင်၊ ကွဲပြားသလို ကျဉ်းကြပ်နေရတဲ့အခါ ရှိသလို၊ သက်သာတဲ့နေရာလည်း ရှိတာပေါ့လေ။

ဒါပေမဲ့ မြင်းခြံထောင်မှာက အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ရိုက်နက်ခြင်း ခံရတယ်။ အခန်းပြောင်းရတယ်။ ညနေဆိုရင် တံခါး မပိတ်ခင် ဆပ်ပြာခွက်ကအစ စစ်ဆေးတယ်။ လူချင်း စကားမပြောရဘူး၊ အစားအသောက်တွေလည်း တောင်းလို့ လိုချင်သလို စားလို့မရဘူး၊ ထောင်ဝင်စာထဲက အချို့ အစားအသောက်တွေကို စတိုးခန်းထဲမှာ ထဲ့ထည့်ထားပြီးတော့ လိုရင် တောင်းလို့ မရဘူး၊ နောက် တောင်းတော့ လျော့တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီမှာ ကိုင်တဲ့လူအပေါ် မူတည်သွားတာပေါ့လေ။ သူတို့ ပေါ်လစီက ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။

အန်အယ်ဒီပါတီမှာက ဘယ်နှစ်နှစ် ပါဝင်လုပ်ဆောင်ခဲ့လဲ။

အန်ကယ်က အန်အယ်ဒီ စထောင်ကတည်းက ပါဝင်ခဲ့ပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၂၂ ကတည်းကပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတဲ့အတွက် စဖမ်းခံရတာက ၉ဝခုနှစ် အောက်တိုဘာမှာ ဖမ်းခံရတာပါ။ ၉ဝ ခုနှစ်ကတည်းက အန်အယ်ဒီ အဖွဲကနေ ထောင်ထဲနေ ထုတ်ပယ် ဆိုတဲ့ သတင်းစာထဲမှာ ဖတ်ရပါတယ်။ အဲဒီအချိန်ကနေ ခုချိန်ထိ အဖွဲ့ချုပ်ကို မရောက်တော့ဘူး၊ ၉၄ ခုမှာ ပြန်ဖမ်းခံရတော့ ခုချိန်ထိ အဆက်အသွယ်မရှိပါဘူး။

အန်ကယ်က တက်ကြွလှုပ်ရှားသူတွေကို ဘာပြောချင်လဲ။

ပြောချင်တာကတော့ နိုင်ငံရေး အဖြေတခု ရောက်ရှိအောင်ဆိုရင် မလွဲ မသွေ လိုအပ်တာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ နိုင်ငံရေး ပြဿနာတွေ ကြားထဲမှာ အဆိုးကျော့တဲ့ သံသရာ လည်နေမှာပဲ ဖြစ်တယ်။ သမီးတို့လည်း သိမှာပါ၊ ၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ လွတ်လပ်ရေးနဲ့အတူ၊ ပြည်တွင်း စစ်မီးပါလာခဲ့တယ်။ ၇၄ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ၊ အန်ကယ်တို့ တောထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ။ အဲဒီ အခြေခံ ဥပဒေဟာ ဒီလိုဘဲ သက်တမ်းမကုန်ခင်မှာ ပျက်သုန်းသွားခဲ့ရပါတယ်။

ခုလည်းပဲ အခြေခံ ဥပဒေအသစ်တခုကို ရေးပြီးသွားပြီ။ အမျိုးသား ညီညွတ်ရေးကို မရနိုင်ခဲ့ဘူးလို့ အန်ကယ် ယူဆတယ်။ အမျိုးသား ညီညွတ်ရေး တခုကိုသာ အရအမိ ရယူနိုင်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေး အနေအထားသစ်တခုသို့ မုချ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ အန်ကယ် ယုံကြည်ပါတယ်။

အဓိကတော့ အမျိုးသား ရင့်ကြားစေရေး ရပ်မနေဘဲနဲ့  တမျိုးသားလုံး ပြန်လည် သွေးစည်း ညီညွတ်ရေးကို ရောက်သွားအောင် အားပြိုင် နိုင်ငံရေး လုပ်မနေဘဲနဲ့ ညီညွတ်တဲ့ အနေအထား ရောက်အောင် နှစ်ဘက် သုံးဘက် ပါဝင်ပြီး အားလုံးက နိုင်ငံရေး မာနတွေ လျော့ချပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူလူထုက စိတ်ချမ်းသာတဲ့ ရောက်သွားပြီးတော့ မြန်မာနိုင်ငံဟု မုချ နှောင်ကြိုး မရှိ တိုးတက်လာမယ်လို့ ပြောချင်ပါတယ်။

မပြော မဖြစ်တဲ့ စကား ဘာများ ကျန်ပါသေးလဲရှင်။

မပြော မဖြစ်စကားတော့ အထူး မရှိတော့ပါဘူး၊ အခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရဖြစ်အောင် ဒီမိုကရေစီ ဝိုင်းတော် သားများက ဆောက်ရွက်ပေးတာကို အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း တဆင့် စကားပြန်ကြားပေးဖို့ပါ။ အန်ကယ် သိသူရော၊ မသိသူရော အားလုံးကို ဒီကနေ နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။

http://www.mizzimaburmese.com/interview/1743-q–q–.html

မဇ္ဈိမ မြန်မာသတင်းဌာန

ဖနိဒါ

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 19:44 – မြန်မာစံတော်ချိန်

U Win Tinထောင်အဝတ်အစား ဝတ်လျှက်နှင့် ထွက်လာခဲ့ပြီး မကြာမကြာ ဝတ်ဆင်လိုသူ။ စစ်အစိုးရက တောင်းဆိုခဲ့သော တုပ်နှောင် ကတိခံဝန်ချက်ကို  လက်မှတ် မထိုးလိုသူ၊ သက်ရွယ်ကြီး နာမကျန်း ဖြစ်သောကြောင့် ထောင်က ထွက်လာရသည် ဆိုခြင်းကို မလိုလားဘဲ လွတ်သင့်လို့ လွတ်လာရခြင်း အဖြစ်သာ လိုလားခဲ့သည့်သူ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက အငြိုးထား ၁၉ နှစ်ကျော် ထောင်တွင်းအကျဉ်းချထားခံသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ သတင်းစာနယ်ဇင်းအပေါ် အမြင်တစိတ်တဒေသ၊ ပုဂ္ဂလိက ခံစားချက်တချို့နှင့် နိုင်ငံရေးအမြင်တို့ကို မဇ္ဈိမသတင်းထောက် ဖနိဒါက တယ်လီဖုန်းမှတဆင့် မေးမြန်းထားသည်။

ဘဘ နေကောင်းရဲ့လား။

ကျန်းကျန်းမာမာ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတယ်လို့ ထင်နေတုန်းဘဲ၊ အသက်ကြီးတော့ဆိုတော့ နည်းနည်းကတော့ ယိုင်လာပြီပေါ့၊ ခွဲထားတာကတော့ တခါတခါ နာကျင်တာတော့ ရှိတယ်။ ထောင်ထဲက ဆရာဝန်က မျက်လုံး ခွဲရမယ် ပြောတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတုနုးက အို နာ ကျိုး ကန်း စီမံချက်တဲ့။ အသက်ကြီးခြင်း အကြောင်းပြပြီးတော့ လွှတ်မယ်လို့ ပြောလို့ မခွဲဘူး ပြောလိုက်တယ်၊ ငြင်းလိုက်တယ်၊ ခုတော့ အပြင်ရောက်လာတော့ ခွဲစိတ်ရမယ်။

ခုလို လွတ်ပေးတာကိုရော ဘဘ ဘယ်လိုမြင်လဲ။


ခုလွတ်လာတာကို ဘယ်လိုမြင်လဲ ဆိုတဲ့အခါကြတော့ ဘဘက လွတ်ကို လွတ်ရမဲ့ဟာ။ ရှင်းရှင်းပြောရရင် သူတို့ကို ကျနော်တို့က ပြန်တရားစွဲလို့တောင် ရတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဘဘက နှစ် ၂ဝ ကျတာကိုး၊ ထောင်မှာ ဥပဒေစည်းကမ်း အတိုင်းဆိုရင် လွန်ခဲ့တဲ့ လေး ငါးနှစ်ကနေ ၁၆ နှစ်မှ လွတ်ရမှာ အခု ပြန်ထည့်ထားတဲ့အတွက် မနေ့က လက်မခံဘူး၊ သူတို့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ထောင်အဝတ်အစားနဲ့ ထွက်လာတယ်။

ဘဘကိုလွတ်တာ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်ပေးရမဲ့ အချိန်မှာ မလွတ်ပေးဘဲထားတဲ့ လူတယောက်ကို သူတို့အခု ဝါဒဖြန့်တဲ့ စီမံချက် (၄ဝ၁) လွတ်တာ ဘဘက အဲအတိုင်း မထွက်နိုင်ဘူး။ အဲဒါကို ဘဘက လက်မခံနိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ တနှစ်ကို လျော့ရက် ၃ လ လောက်ရတယ်။ ထောင်ထဲမှာ ရှိတယ်၊ ၂ဝ နှစ်ဆိုရင် ၁၆ နှစ်ကျော်ကျော် ဆိုရင် လွတ်ပြီ။ ခု ဘဘနေခဲ့တာ ၁၉နှစ် နဲ့ ၃လ နေခဲ့ရတယ်၊ အဲဒါ လွတ်ချိန်တန်လို့ လွတ်ပေးတာ ဟုတ်တယ်၊ ရိုးရိုးတန်းတန်း မလွတ်ဘဲနဲ့ သူတို့ စီမံချက်ထဲမှ ထည့်တယ်၊ ဘဘ လက်မခံလို့ မနေ့က တော်တော်လည်း ငြင်းခုံခဲ့တာပဲ။

ဘဘက လျော့စရာ မလိုတော့ဘူး၊ သူတို့ထဲမှာ ပိုတောင် နေနေတာ မထွက်ဘူးပေါ့၊  နိုင်ငံရေး အကျဉ်းသား တဦးအနေနဲ့ပဲ ထွက်မယ်၊ ဘဘတို့ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊ လွတ်တော်ခေါ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဒီတောင်းဆိုချက်ပဲ၊ တစ်က နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးမှာ အကျုံးဝင်တယ်၊ ပြစ်ဒဏ် လျော့ပေါ့ဆိုရင် မထွက်ဘူး လုပ်တာ၊ ကျုပ် ဘာပစ္စည်းမှ မယူဘူး၊ အဲဒီအတိုင်း မလွတ်ပေးဘူးဆိုရင် ခင်ဗျားတို့ ထောင်ကနေ မထွက်ဘူးဆိုတာ ပြမယ်။ အင်္ကျီအပြာဝတ်ကို မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ရေမချိုး၊ ထမင်းမစားရဘူး၊ ဒီမနက်တော့ လျော်ထားတယ်။ မကြာမကြာ ဝတ်ရမယ်။

သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့ ဘဘ အခုအချိန်မှာ ဘယ်လိုမြင်လဲ။

စာနယ်ဇင်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းတွေရဲ့ အလုပ်ဆိုတာ သတင်းစာ၊ ဂျာနယ်ဆိုတာက ငယ်ရွယ်တဲ့အချိန် လုပ်ရတာ၊ အချိန်တွေ အများကြီးပေးပြီး လုပ်ရတယ်၊ အာရုံအများကြီး စိုက်ရတယ်။ ဆိုလိုတာက ဘဘက ၁၃ နှစ် ကတည်းကနေ လုပ်ခဲ့တာ၊ ဘဘတို့တုန်းက တရက်ကို ၁၅ နာရီ အထက်မှာ အလုပ်လုပ်တယ်။ တခါတလေဆို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရတယ်၊ အခု ပြန်စဉ်းစားတော့ သမီးမေးတဲ့ မေးခွန်းနဲ့ ဘဘ professional နဲ့ ဘဘငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့အတွက် သတင်းစာပဲ အားသန်တုန်းပဲ၊ အသက်ကကြီးလာတော့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ကြုံရင်တော့ ဆောင်းပါးလေး ဘာလေး ရေးတာလေးတော့ ရှိမှာပါ။ ဘဘတို့ ခေတ်ကုန်ပြီလို့ ထင်တယ်။ သမီးတို့ ဆက်လုပ်ကြတာကို အားပေးပါတယ်။

ထောင်ထဲမှာ နေတုန်း၊ အပြင်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားရလဲ။

ဘဘကို ၁၉ နှစ် ၃ လလုံး တယောက်တည်း ပိတ်ထားတာ၊ တချိန်လုံး Solitary confinement (တိုက်ပိတ်ထားခြင်း) ထဲမှာ ထည့်ထားတော့ တခါတလေ အကျဉ်းသားတွေနဲ့ ခိုးတွေ့၊ တခါတလေ အကျဉ်းသားတွေက ဘဘကို အခန်းရှေ့ လာပြီးတော့ လာခိုးတွေ့ စကားလေး ဘာလည်းပြော၊ အဲသလောက်ပဲ ရှိတာ၊ တမိနစ် နှစ်မိနစ်ပေါ့နော်။ ဒါပေမဲ့ ဘဘက သူတို့ကို မကြောက်ဘူး၊ သူတို့လဲ ဂရုမထားဘူး။ ဘဘအိမ်ကနေ လာပြီးတော့ ထောင်ဝင်စာ လာတွေ့ရတဲ့ သူတွေကို ဘဘက သတင်းမေးတယ်။ သဘောထား၊ နိုင်ငံရေးတွေကို မေးတာပဲ။ ထောင်ဝင်စာမှာ ပြောလို့ ရသလောက်ပဲ ဘဘသိခဲ့တယ်၊ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အစိုးရ သတင်းစာတွေ၊ တနှစ်လောက်က စပြီးတော့  ဂျာနယ်တွေ ဖတ်ရတော့ နည်းနည်းတော့ နိုင်ငံရေး အခြေအနေ သိလာတယ်။

ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။

ထောင်ထဲမှာ ရှိနေတုန်း ဘဘရဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပြောပြပါ။

အတွေ့အကြုံကတော့ သိပ်မရှိဘူး၊ ခုနကပြောသလို နှစ်ပေါင်း နှစ် ၂ဝ လောက်ထိ (Solitary confinement) ထဲ့ထားတာ၊ နာဂစ်ဖြစ်တဲ့နောက်မှ တနေ့ကို ၂ နာရီ ၃ နာရီ လောက်ဘဲ ဖွင့်ပေးတယ်၊ ကျန်တဲ့အချိန် ပိတ်ထားတယ်။ တနေ့ နေဝင်တာ နေထွက်တာ လာပေးတဲ့ ထမင်းကို စားလိုက်၊ အိပ်လိုက်ပဲဆိုတော့ ထူးထူးခြားခြား မရှိဘူး၊ တခုတော့ ရှိတယ်။ စာအုပ်တွေ  ဆောင်းပါးတွေ ဖတ်နိုင်တယ်၊ ဒီလောက်ပဲ ရှိတယ်။

အခုလို ဘဘထွက်လာတဲ့အခါမှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရလဲ။

အပြောင်းအလဲတွေကတော့ အတော် ပြောင်းလဲသွားတယ်။ အလွန့်ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ တချို့ဆို ဘဘနားမလည်ဘူး၊ လိုက်ကို မလိုက်နိုင်ဘူး၊ မသိဘူး၊ တခြား မပြောနဲ့ သမီးနဲ့ ပြောနေတဲ့ တယ်လီဖုန်းကို ဘဘတို့က အရင်တုန်းက မမြင်ဖူးဘူး။ ဘဘ ထောင်ထဲဝင်တဲ့အချိန် ဒီ မိုဘိုင်းလ်ဖုန်းတွေ မပေါ်သေးဘူးကိုး။ နိုင်ငံခြားကနေ ဖုန်းဆက်တယ်ဆိုတာ မပြောနဲ့တော့ ရန်ကုန်ထဲမှာတောင်မှ ကန်တော့ပါ လိပ်ခေါင်း ထွက်အောင်ခေါ်ပြီး လုပ်ရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဒီလို Technology (နည်းပညာ) တွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင် တိုက်တာ အဆောက်အအုံတွေ၊ အရမ်းကို အလွန်ကြီးမားတဲ့ ပြောင်းလဲသွားတယ်။ တခါ လူတွေရဲ့ ဆင်းရဲတယ် ခေါ်မလား၊ ချမ်းသားတယ် ခေါ်မလား၊ ဝတ်စားဆင်ယင်တာတွေ၊ အလုပ်လုပ်ရတဲ့ ရုံးကန်ရမှုတွေ အများကြီး ပြောင်းလဲသွားတယ်။

ဒါပေမဲ့ မပြောင်းလဲတာက ဘဘတို့ ဝင်သွားတဲ့ အချိန်မှာလဲဘဲ စစ်အစိုးရဆိုတဲ့ စစ်အာဏာ ယန္တရားကြီးက တိုင်းပြည်ပေါ်မှာ လွမ်းမိုးပြီးတော့ သူတို့ ခြယ်လှယ်တာ၊ ချုပ်ချယ်တာ၊ ချပေးတာကိုပဲ ခိုင်းစေနေတာတွေကိုပဲ လိုက်လုပ်နေရတယ်။ အဲဒီအချိန် ဘဘတို့က မြန်မာပြည်ကြီးဟာ ထောင်ကျပြီးလို့ ခံစားခဲ့တာ၊ နောက်ကျတော့ ကိုယ်ကိုတိုင် ထောင်ကျသွားတာပဲ၊ နှစ် ၂ဝ လောက် ထောင်ကျပြီး ထွက်လာတဲ့ အခါကြတော့ မြန်မာပြည်ကြီးဟာ ဒီအတိုင်းပဲ စစ်အာဏာ ယန္တယားကြီးက ဒီအတိုင်း လွမ်းမိုးနေတုန်းပဲ၊ ဘာမှ မထူးဘူး၊ ၈၈ မတိုင်ခင်၊ ၈၈ ပြီးတော့ ဒီအတိုင်းပဲ ခုထိ မပြောင်းလဲဘူး။ မထူးဘူးလို့ အကျဉ်းချုပ် ပြောလို့ရမယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် နိုင်ငံရေး ဦးတည်ချက် အနေအထားကိုကော ဘယ်လိုသုံးသပ် ဆုံးဖြတ်ထားပါသလဲ။

ဘဘက နိုင်ငံရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး များများ ပြောစရာမရှိဘူး၊ သမီးတို့ သိမှာပဲ သတင်းစာသမားပဲ သတင်းစာလောက်ပဲ လုပ်ခဲ့တာ၊ အန်အယ်လ်ဒီ ပါတီမှာက ၉ လပဲ လုပ်ခဲ့တာပါ၊ ဘဘက နိုင်ငံရေး လုပ်တတ်ခါစပဲ ရှိတာ၊ ခုထောင်ကျတာ ၁၉ နှစ်တောင် ရှိသွားတော့၊ သိပ်နားမလည်တာလဲ ပါမယ်ပေါ့၊ သို့သော် ဘဘက ပြောချင်လဲ ဆိုတော့ ဘဘလုပ်ခဲ့တဲ့အချိန်၊ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းတလောက် လုပ်သွားရမှာပဲ။

အခုလို ထောင်ကနေ ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

သိပ်ခံစားမိတာတော့ မရှိဘူး၊ ဒီလိုပြောရမယ် ထင်တယ်၊ အတိုဆုံးနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ထောင်ထဲမှာ လူတွေ အများကြီး သေခဲ့တယ်။ အန်အယ်ဒီတွေ။  ဦးသောက၊ ဦးခင်မောင်ဝင်းတို့၊ လူငယ်ကျောင်းသား မောင်မောင်လေး၊ အများကြီး သေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲက ဒဏ်နဲ့ အပြင်မှာ ဦးကျော်မင်း၊ ရဲဘော် ဦးတင်ရွှေတို့ သေခဲ့တယ်။ အလားတူပဲ အခြားအဖွဲ့မှ ဦးခင်မောင်မြင့်တို့ ဒီလိုလူတွေ သေခဲ့တယ်၊ လူတွေ အကုန်လုံးက ဘဝတွေ ပျက်ခဲ့ကြတယ်။ ဒုက္ခတွေ ရောက်ခဲ့ကြတယ်။  ဒီအရေးတော်ပုံအတွက် အများကြီး လုပ်ခဲ့ကြတယ်။  ခုထိ ဆက်ပြီးခံနေရတယ်။ ဥပမာ မင်းကိုနိုင်၊ ကိုဇာဂနာတို့ အထဲမှာ ရောက်နေတယ်။  ဘဘနဲ့တောင် မတွေ့ခဲ့ရဘူး။ အဲတော့ အဲဒီလို သေခဲ့တဲ့လူတွေ၊ အနစ်နာ ခံခဲ့ရတဲ့ သူတွေ အခုထက်ထိ ဆက်ပြီး တိုက်ပွဲ ဝင်နေတယ်။ ဒီလူတွေ အားလုံးကို ဘဘ ထွက်လာတဲ့ အခါကြတော့ ဒီလူတွေကို ထောင်ထဲမှာ ကျန်ခဲ့တယ်လို့ ဘဘ သဘောမထားဘူး၊ ဘဘနဲ့ တပါတည်း  ကိုယ့်ရဲဘော်တွေပဲ မပါလာနိုင်လို့သာ သူတို့လိုဘဲ ဘဘ ခံစားနေရတယ်လို့  အဲလိုပဲ ဘဘခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ချင်တာ မဖြစ်ဘူးလား။

အဲဒါကတော့ သမီးတို့က အစိုးရကို ဒေါ်စုကို အမြန်လွတ်ပေးပါ ပြောမှ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ထောင်မလွတ်သေးဘူးဆိုတော့ မဖြစ်နိုင်သေးဘူး။ တွေ့ဆုံရမှာပေါ၊ တွေ့တဲ့အခါ နှစ်ပိုင်းရှိမယ်။ နိုင်ငံရေးအရ တွေ့ရမယ်။ ပုဂ္ဂိလ်ရေးရအရ တွေ့ရမယ်၊ ဒီလောက် အနစ်နာခံတဲ့လူ၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို ဂါရဝ ပြုရမှာပဲ။ ဒီပုံစံ နှစ်ခုနဲ့တော့ တွေ့ရမှာပဲ။

ပြည်တွင်းနဲ့ ပြည်ပတွေမှာရော မီဒီယာ လွတ်လပ်ခွင့်ကို  ဘယ်လို မြင်ပါသလဲ။ တခြား နိုင်ငံတွေနဲ့ ဘယ်လို ကွာဟမှုရှိလဲ။

နှစ်ပေါင်း လေးဆယ်ကျော် ခုထိပဲ၊ မြန်မာပြည်မှာ ဂျာနယ်မှာ ဆောင်းပါးတွေ အများကြီးပဲ၊ ဒါတွေက စာရွက် အဖြူပေါ်မှာ အနက်တင်ခွင့် ရတာပဲရှိတယ်၊ လွတ်လပ်မှု မရှိသေးဘူး။ စာရေးဆရာတွေကို မေးလိုက်ရင်လည်း မရှိဘူးလို့ ပြောမှာပဲ။

ကွာဟမှုကတော့ ရှိပါတယ်၊ အခုမှ တွေ့ရသလောက် အခြားမပြောနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာတောင် ကိုယ်ပိုင် အင်္ဂလိပ် သတင်းစာတွေ ထုတ်နေတယ်။ မြန်မာပြည်မှာက အစိုးရသတင်းစာ တစောင်ပဲ ထွက်တယ်၊ အာဖရိကန်၊ တောင်အမေရိက၊ ဥရောပတော့ မပြောနဲ့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ရောက်နေတယ်။ လုပ်ကိုင်နေတဲ့ လူတွေကို မစာနာလို့ မလေးစားလို့ ပြောတာ မဟုတ်ဘူး။ သူတို့ရေးထားတာ ရီစရာ ကောင်းနေတယ်။ သူတို့လည်း ပေးတာလုပ်၊ အယ်ဒီတာက ဗမာစာ အရေးအသားတောင် မမှန်ဘူး ဖြစ်နေတယ်။ ဘဘမြင်တာကတော့ ကိုယ်လည်း ဒီထဲရောက်ခဲ့ဖူးတာပဲ၊ သူတို့ခိုင်းတာ လုပ်ခဲ့တာပဲ၊ သူတို့က မျက်နှာဖုံး ထည့်ပါဆိုရင် ဘဘက နောက်မှာ ထည့်တာတို့ လုပ်ခဲ့တယ်။  အဲဒီတော့ အနှပ်ချုပ်လိုက်ရင် တစ် ပုံသဏ္ဍာန်အရ တော်တော်လည်း ချွတ်ချော်ပါတယ်။ နှစ် အကြောင်းအရာကလည်း ရယ်စရာလို ဖြစ်နေပါတယ်။ တတိယအနေနဲ့ ရုံးကန်မှု လျော့ပါး၊ အားနည်းနေပါတယ် ပြောချင်ပါတယ်။

မီဒီယာသမားတွေနဲ့ ဒီမိုကရေစီ ကြိုးပမ်းနေသူတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ပြောစရာတော့ မီဒီယာအတွက် ပြောပိုင်ခွင့် မရှိတော့ဘူး။  ဘဘ အသက်အရွယ်က လူငယ်တွေ လုပ်နိုင်သလောက် ကိုယ်က မလုပ်နိုင်တော့ဘူး။  လူငယ်တွေ မြင်သလိုလည်း မမြင်တာကို ပါတဲ့အခါကြတော့၊ ကောင်းတယ် ဆိုးတယ် မပြောလိုတော့ဘူး။ သို့သော် ပြောချင်တာတခုက မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ မရှိမဖြစ်တဲ့ ရှင်းရှင်းပြောရရင် မြန်မာသမိုင်း တခုလုံးရဲ့ အသက်သွေးကြောတခုပဲ ၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ဆိုတာက တိုင်းပြည်အတွက် အရေးပါတယ်။ ဒါတွေ ရေးပြီဆိုရင် စိတ်”ါတ်ပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ၊ အတတ်ပညာပိုင်း ဆိုင်ရာလည်း တာဝန် အလွန်ကြီးပါတယ်၊ အဲဒါကြောင့် တတ်နိုင်တမျှ ရုန်းကန်ပါ၊ လှုပ်ရှားပါ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဒီမိုကရေစီ လုပ်ရှားနေသူတွေကိုလည်း ဘဘက နိုင်ငံရေးအရ ပါတီမှာ ၉ လ ပဲ နေရတာပါ။ အတွေအကြုံရင့်တဲ့လူတွေ ထက်စာရင် နုပါတယ်။ ပြောချင်တာ တခုက ကျနော်တို့ ဒီအချိန်ဟာ စစ်အာဏာရှင် ယန္တရားကြီးဟာ လမ်းကြိတ်သလို ဆက်ပြီး ကြိတ်နေတုန်းပါ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေ အားလုံး တတ်နိုင်သမျှ ညှိနိုင်လို့ရတဲ့ သူတွေ ညှိနှိုင်းပြီး တူတာတွေ တွဲလုပ်၊ မတူတာတွ ခွဲလုပ်ပြီးတော့ လုပ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီရဖို့အတွက် ဦးတည်ပြီးတော့ လုပ်သွားကြပါလို့ တောင်းပန်လိုက်ပါတယ်။

http://www.mizzimaburmese.com/interview/1733-2008-09-24-13-32-40.html

ဧရာဝတီ

ရဲနည် | စက်တင်ဘာ ၂၅၊ ၂၀၀၈

မေး။     ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ပေါ့နော် … ဆရာကြီးကို အခုလို ဘာကြောင့်လွှတ်ပေးလိုက်တယ်လို့ ဆရာကြီး ထင်ပါသလဲ။


ဦးဝင်းတင် (ဓာတ်ပုံ – မြတ်မိုးမောင်)

ဖြေ။     ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တယောက်တည်း ဖြစ်တာကိုပြောတာနော် … တခြားလူတွေတော့ ကျနော်မသိဘူး။ ကျနော်တယောက်တည်းနဲ့ ပတ်သက် လို့တော့ ဒါမရိုးမသားလုပ်တာ … လိမ်တာပဲဗျ။ ဘာလို့ လိမ်တာလဲဆိုတော့ ကျနော် က ထောင်အနှစ် ၂၀ ကျတယ်ဗျာ။ ထောင်ရဲ့ထုံးစံက တနှစ်မှာ လျှော့ ရက်ဆိုတာ သုံးလကိုရှိတယ်ဗျ။ အဲတော့ အနှစ် ၂၀ ကျတဲ့လူက ၁၅ နှစ် ၁၆ နှစ်လောက်လျှော့ပေးရင် ဘယ်လောက်လောက် ရလဲဆိုတော့ တနှစ်ကိုဗျာ ၃ လ၊ ၁၆ နှစ် ဆို တော့ ၄၈ လ၊ ၄ နှစ်တောင်ရတယ်။ ၁၆ နှစ်ကျော်ကျော်ဆိုရင် လွတ်တယ်ဗျ။ ကျနော်က လွတ်ရမယ့်ဟာ အဲဒီဟာကို ကျနော့်ကို လွတ်တဲ့အထဲမထည့်ဘဲနဲ့ ကျနော့်ကို 401 ထဲမှာ အမှုထည့်တယ်။ အဲဒါကို လက်မခံဘူးဆိုတော့ ကျနော် နဲ့ စကားများတယ်။ နောက်ကြောင်းလေး ပြန်ပြောရရင် ကျနော် ဒီ 401 ဆိုတဲ့ လက်မှတ်ထိုးတာ သို့မဟုတ် ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ သို့မဟုတ်လည်း ဆလံပေးထွက်တာ၊ ဒူးထောက်ထွက်တာ မလုပ်ဘူး ဆိုပြီးတော့ ၉၀ ခုနှစ် ကတည်းက ငြင်းခဲ့တယ်။

ကျနော့်ကို ပထမ ထောင် ၃ နှစ်ချတယ်။ ၈၉ မှာထောင်ချတယ်။ ၉၁ ခုနှစ်မှာ ကျနော့်ကို ထပ်ထုတ်ပြီးတော့ ထမင်းတွေ ဘာတွေကျွေး လုပ်သေးတယ်။ အဲဒါကို 401 နဲ့ လွှတ်မယ်လို့ ပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ နောက်တခါ ကျနော့်ကို ၉၅ မှာ ဦးကြည်မောင်တို့ ဦးတင်ဦးတို့ လွတ်တဲ့အချိန်မှာ ကျနော့်ကို ခေါ်ပြီးတော့ 401 နဲ့ ထွက်ဖို့ပြောတယ်။ ကျနော် ငြင်းခဲ့ တယ်။ နောက်တခါ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော် ဆေးရုံတက်နေတုန်းမှာ ကျနော့်ကို လာပြီးတော့ 401 နဲ့ လက်မှတ်ထိုးပြီးထွက်ဖို့ လာပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ အဲဒီလို အကြိမ်ကြိမ် ငြင်းခဲ့တဲ့ 401 နဲ့ ကျနော့်ကို ထည့် တယ်။ တကယ်က ကျနော်က လွတ်ရက်စေ့တဲ့လူအနေနဲ့ လွှတ်ကိုလွှတ်ရမယ် … ဒါပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ အစိုးရဟာ ကျနော့်ကို လိမ်တာ၊ ညာတာ၊ စစ်အစိုးရဟာ ဒီအုတ်ရောရော ကျောက်ရောရောထဲမှာ ကျနော့်ကို ရောထည့်တာ။ ပြဿနာတွေ အကုန်လုံးကို ရေရောပစ်တာ … ကျနော် အဲဒီ သဘော ပြောတာ။

မေး။     ။ နောက်မေးခွန်းတခုက ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။     ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထားမေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။

နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။

ရှင်းရှင်းပြောရရင် ဒီတိုက်ပွဲကြီး တခုလုံးထဲမှာ ဒေါ်စုဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့။ ဒေါ်စုမှာ ချို့ယွင်းချက် ရှိချင်ရှိမယ်။ ဒေါ်စုကို ကျနော် ပုဂ္ဂိုလ်ရေးကိုးကွယ်တာ မဟုတ်ဘူး။ ဒေါ်စုရဲ့ အခန်းကဏ္ဍ ဒေါ်စုရဲ့လုပ်ဆောင်ချက်သည် ဒီနှစ် ၂၀ ကာလမှာ အလွန်အရေးကြီးတယ်။ အဲလောက်ကို အလွန်အရေးကြီးတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေါ်စု ခေါင်းဆောင်မှုကို ဘယ်လိုမှ သေးသိမ်အောင် လုပ်လို့မရဘူး … လျော့ပေါ့အောင် လုပ်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ ဒေါ်စုခေါင်းဆောင်မှုကို ဝန်းရံကြပါ။

အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက်သုံးရပ် အဲဒါနဲ့ ကိုင်ရှင်းပြီးတော့ ကျနော်နေတဲ့အတွက် ဒီလောက်ခံနိုင် တယ်လို့ ကျနော်တော့ထင်တယ်။ သို့သော် ခုနပြောသလို လူပဲဗျာ … သံနဲ့ထုထားတာမှမဟုတ်ဘဲ။ စိတ်ညစ်တာတွေ ကျန်းမာရေးချို့ယွင်းတာတွေလည်းရှိမယ်။ ကျနော် အမြဲတမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ်နေနိုင်တာ၊ စိတ်ဓာတ်အင်အားတွေ တောင့်ခံနိုင်တဲ့ဟာ၊ အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက် သုံးရပ်ကြောင့်လို့ထင်တယ်။

မေး။     ။ စစ်အစိုးရက ဒေါ်စုနဲ့လည်း တွေ့နေပြီလို့ပြောတယ်ဆရာ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ ကျင်းပ မယ်လို့ပြောနေတယ်။ ဒီရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းကသာ Pragmatic ဖြစ်တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် ဆရာမောင်စူးစမ်းတို့ကပါ ပြောလာတာရှိတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကိုရော ဆရာ ဘယ်လိုထင်လဲ။

ဖြေ။     ။ ကျနော်က အဲဒါနဲ့ ပတ်သက်လို့တော့ ဒိုင်ယာလော့နဲ့ပဲ တတွဲတည်းတွဲပြီးတော့ စဉ်းစားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စစ်အစိုးရဟာ လမ်းကြောင်းကို ပိတ်ထားတယ်။ လမ်းတားလိုက်တာ။ ရှေ့အတွက် လမ်းပိတ် နေပြီ။ လမ်းပိတ်ဖို့အတွက် ပေါ်လာပြီ။ ကွန်စတီကျူးရှင်း ဆိုတာ ပေါ်လာပြီ။ အဲဒီ ကွန်စတီကျူးရှင်း ထဲက ထွက်လာမယ့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ ဒါတွေလည်း စပေါ်လာပြီ။ အဲဒီတော့ လမ်းပိတ်သွားပြီ။ အဲဒီတော့ ကိုစူးစမ်းတို့က ဒိုင်ယာလော့က အဆင်တန်ဆာ ဖြစ်သွားပြီလို့ပြောနေတယ်။ ကျနော်လက်မခံ ဘူး။  ဒါ အညံ့ခံလိုင်းပဲ။ ဟုတ်တယ် လမ်းပိတ်မနေဘူးလား … ပိတ်တာပေါ့။ ပိတ်နေတာကို အခုမှ လမ်းပိတ်တာလို့ ထအော်ရင် အဲဒီလူဟာ တော်တော်ညံ့ တာပဲ။ ပိတ်နေတာ ရှင်းရှင်းပြောရရင် ၁၉၉၂ National Convention ခေါ် ကတည်းက သူတို့က ဒီဟာကို ကြံခဲ့ပြီးသား။ ကျနော်တို့ ဒါကြောင့် အမြဲတမ်းပြောနေတယ်။ သူတို့ကို legitimacy  မပေးနိုင်ဘူး။

NC နဲ့ ပတ်သက်ပြီး ကျနော်တို့ သပိတ်မှောက်ရမယ်ဆိုတာက ၉၃ တုန်းက ကျနော် ပြောခဲ့ပြီးပြီ။ ဒါ အားလုံးရှေ့မှာ။ အမေရိကားက Mr. Bill Richardson လာတွေ့တယ်။ ထောက်လှမ်းရေးတွေရော ဘာတွေရော ထောင်အာဏာပိုင်တွေ ရော သတင်းထောက်တွေရော။ အဲဒီမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လက်မခံဘူး။ ဒါ Sham ၊ ဒါ အတုအယောင်ပဲ။ အဲဒါကို သပိတ်မှောက်ရမယ်။ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက်ဆိုရင်တော့ အနည်းဆုံးတော့ သပိတ်မှောက်ရမယ်။ ဆိုလိုတာက ဒီတခါးကြီး ပိတ်တော့မယ်ဆိုတာ သူတို့က ၉၂ လောက်ကတည်းက ကြံရွယ်ပြီးသားပဲ။ အဲဒါအခုမှ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်က ၉၂ လောက်တုန်းက သူတို့လုပ်တာလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။

ကျနော်တို့က ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတာ စိတ်ထဲမှာ ရှိတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ရေးကို ၉၂ မတိုင်ခင်က ၈၈ အောက်တိုဘာလကတည်းက အန်အယ်လ်ဒီက ကိုင်စွဲခဲ့တဲ့ လိုင်းဖြစ်တယ်။ ဒီလိုင်းက ဒေါ်စု ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ န၀တ ကို ပို့ခဲ့တဲ့လိုင်း။ အောက်တိုဘာ လကတည်းက။ ဒီဒိုင်ယာလော့လိုင်းက တလျှောက် လုံးရှိနေတာ၊ အဲဒီထဲမှာ သူတို့က NC လိုင်းတွေတင်လာတယ်၊ အခုတခါ နောက်ဆုံးပိတ် ဖွဲ့စည်းပုံလိုင်း။ လမ်းပိတ်နေတယ်၊ အဲဒီ ပိတ်နေတာကို ကျနော်တို့ နဂိုကတည်းက မြင်နေတာပဲ၊ အဲဒါကို ဒိုင်ယာလော့ နည်းနဲ့ ဖြေရှင်း မယ်။ ဒိုင်ယာလော့နည်းနဲ့ ကျနော်တို့ ဟာတွေကို တင်ပြမယ်၊ ဒိုင်ယာလော့နည်းနဲ့ သူတို့ ခြေလှမ်းတွေကို ဖျက်မယ် ဆိုပြီးတော့ ကျနော်တို့ ကိုင်စွဲခဲ့တာပဲ။

ဒီနေ့ ကျနော်တို့ လမ်းပိတ်နေတာကို မြင်နေသော်ငြားလည်း လမ်းပိတ်သွားတဲ့ အထိတော့ ကျနော်တို့က ဒိုင်ယာလော့ကို တောင်းဆိုနေမှာပဲ။ လမ်းမပိတ်အောင်ပြောနေမှာပဲ။ ဒိုင်ယာလော့က ဒါပဲ။ အဲဒါကို ဒိုင်ယာလော့က အဆင်တန်ဆာပဲ ဆိုတာ ကျနော်လက်မခံဘူး။ ဒါ အညံ့ခံတဲ့လိုင်းပဲ။ ရှင်းရှင်းပြောရင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလို့ရတယ်။ အနည်းဆုံးတော့ ခင်ဗျားတို့ ဒါတွေခဏ ဆိုင်းထားပါဦး။ တွေ့ဖြစ်အောင်တွေ့ရမယ်။ လမ်းပိတ်တာတွေ မပိတ်နဲ့ဗျာလို့ ပြောလို့ရရမယ်။ ဒါတွေပြင်ပါလို့ ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ ။ပြီး ပြီး ရောသွားလို့မရဘူး။ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။     ။ ဟုတ်ကဲ့ ဆရာ၊ နောက်မေးခွန်းတခုက ဆရာ အခုအနေနဲ့ ဆရာ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တွေ့ခွင့်ရ မယ်ဆိုရင်၊ ဆရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေများ အကြံဥာဏ်ပေးနိုင်မလဲ၊ ဆရာ ဘာတွေ ပြောမလဲ ဆရာ။

ဖြေ။     ။ အမှန်တိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲဗျ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ခံယူတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအားဖြင့်ရော၊ စိတ်ဓာတ် အားဖြင့်ရော စွန့်လွတ်မှု၊ အနစ်နာခံမှု အားလုံးက ကျနော်တို့ထက် အများကြီးကို စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်။ အခုမှမဟုတ်ဘူး၊ ဟိုတုန်းက လည်း ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Commit ဖြစ်မှု စွဲမြဲမှု ဒါတွေ ကျနော် အကုန်လုံးလက်ခံခဲ့တယ်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ခင်ဗျားစိတ်ကူး ဘာတွေရှိသလဲ။ အဲဒါတွေ ကျနော်ဘာလုပ်ပေးနိုင်မလဲ။ ဒီမေးခွန်းပဲ ကျနော်မေးမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပြီးသားဖြစ်တယ်လို့ ကျနော်ယုံတယ်၊ ဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ဘာပြောမလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဘာအကြံရပြီလဲ။ ခင်ဗျားဘာတွေများတွေးပြီးပြီလဲ၊ ခင်ဗျားဘာတွေများ မြင်ပြီးပြီလဲ။ ဘာတွေများလုပ်ဖို့ ကျန်သေးလဲ။ ကောင်းပြီအဲဒါဆိုရင် ကျနော်လုပ်နိုင်တဲ့ဟာတွေ သုံညပဲဖြစ်ဖြစ် သုံညထက်နည်းနည်းကျော်တဲ့ ၁ ပဲ ဖြစ်ဖြစ်၊ ဒါတွေကျနော်လုပ်ပေးမယ်။ ကျနော်လုပ်နိုင်တဲ့ဘက်က ၀င်လုပ်ပေးမယ်။

ကျနော် နိုင်ငံရေးလုပ်တာ ၉ လ ပဲ ကြာတယ်၊ အခုထောင်ထဲမှာ ၁၉ နှစ်နေလာရတာ၊ အဲဒီတော့ နိုင်ငံရေးမှာ မအူမလယ် ဆိုတာ ထင်ရှားနေတာပဲ၊ ကျနော်က အလုပ်လုပ်တာ၊ ကျနော့်ကို အမျိုးမျိုးပြောကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနိုင်တယ်တို့ ဘာတို့၊ အဲဒါတွေကို ကျနော်ငြင်းတယ်၊ ကျနော့်ကိုယ် ကျနော် နှိမ်ပြီးပြောတာလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးချွန်ချွန်ကို တော်တယ်လို့ ကျနော်ယူဆတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲက ထွက်လာတဲ့ အကြံဥာဏ်တွေဟာ ပြင်စရာ မရှိလောက်အောင်ကို ကောင်းတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော် အချိန်ပြည့်လုပ်တယ်၊ ဒါပဲ။ ကျနော်က တယောက်တည်း သမားဆိုတော့ သူများထက်ပိုအလုပ်လုပ်နိုင် တယ်၊ အရင်ကတည်း က တနေ့ကို ၁၅ နာရီ ၁၆ နာရီ အလုပ်လုပ်တာ၊ ကြေးမုံသတင်းစာ လုပ်တုန်းကလည်း ဒီလိုပဲ။

မေး။     ။ နောက်တခုက ဝေဖန်ရေးလုပ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်မရှိရင် အန်အယ်လ်ဒီက သေသွားပြီတို့ ဘာတို့ပြောကြတာရှိတယ်၊ အခုဟာကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အတွင်းမှာ တချို့ ဝေဖန်ရေးလုပ်တဲ့လူတွေက ပြောတာပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် လက် ရှိ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားပျော့တယ်တို့ ဝေဖန်နေသလို၊ နိုင်ငံရေး အပြောင်းအလဲကို အန်အယ်လ်ဒီ က လုပ်မပေးနိုင်ဘူးလို့ စွပ်စွဲတဲ့ လူတွေ လည်း ရှိတယ်၊ အဲဒါ အခု လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်မှုအပိုင်းကိုရော ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။     ။ ခင်ဗျားမေးခွန်းက ၂ ပိုင်းဗျာ၊ စိတ်ဝင်စားစရာကောင်းလို့ ကျနော် ပထမပိုင်းကို အရင်ပြောချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောရင် သူဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်၊ အလွန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ် ဆိုတာမှန်တယ်။ သို့သော် အဖွဲ့အစည်းတခုက ဒေါ်အောင်ဆန်းစုကြည်မရှိရင်လည်း ဖြစ်ရမှာပဲဗျ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါလည်း ဖြစ်နေမယ်လို့ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင်တယောက်ဆိုတဲ့ဟာက မပျောက်ဘူးဗျ။

ဗိုလ်ချုပ် အောင်ဆန်းဗျာ သေသွားတယ်၊ သတ်ပစ်လို့သေသွားတယ်ဗျာ၊ အောင်ဆန်း Spirit ဆိုတာက ကျန်တဲ့အခါကြ တော့ ဖဆပလ က အများကြီး ဆက်ပြီးတော့ အဒွန့် ရှည်နေတယ်၊ အောင်ဆန်းသေတာနဲ့ ဖဆပလ ပျက်သလား။ မပျက်ဘူးဗျ။ အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည် သေတာနဲ့၊ ဒေါ်အောင်းဆန်း စုကြည် မရှိတာနဲ့ အန်အယ်လ်ဒီက ပျက်မယ်ဆိုတာ ကျနော် မယုံဘူး၊ အနည်းဆုံး အောင်ဆန်းစုကြည် Spirit ဆိုတဲ့  အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတာ ရှင်သန်နေဦးမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သေသွားလို့ပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် မလုပ်လို့ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့ဟာ စံနမှုနာယူ စိတ်ဓာတ် အနေနဲ့ ကျန်နေမှာပဲ။

ဒီစိတ်ဓာတ်တွေက အန်အယ်လ်ဒီမှာ ကိန်းကောင်းနေတဲ့ကာလပတ်လုံး၊  ကိန်းအောင်း အောင် လုပ်နိုင်သမျှ ကာလ ပတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတယောက်၊ လူ တယောက်အနေနဲ့ ရှိခြင်း၊ မရှိခြင်း၊ ရပ်တည်ခြင်း၊ မရပ်တည်ခြင်းနဲ့ သိပ်တော့မဆိုင်တော့ဘူး၊ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတဲ့ဟာကြီးက ရှိနေရင် အဖွဲ့အစည်းဟာ ရှင်သန်နိုင်မယ်လို့ ကျနော် ယူဆတယ်။

ဒုတိယ အချက်က လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့။ ဒါတွေက လူတွေပဲဗျ၊ လူတွေဘဲ၊ ဟုတ်လား။ ဥပမာ ကျနော့်ကို မနေ့တုန်း က မိတ်ဆွေတယောက်က သိပ်ပြီးတော့ emotional မဖြစ်ပါနဲ့တဲ့။ ဟုတ်ပါတယ်၊ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ကျနော် emotional ဖြစ်တာမဟုတ်ဘူး၊ dynamism ကို ဖော်နေတာ။ ကျနော့်ကို ဒီလူကြီးက ဘာတွေ ပြောမှန်းလဲ မသိဘူးပေါ့၊ Out of date တွေ၊ ဒီလူကြီး နားမလည်တာတွေ အများကြီး ရှိတယ်။ မှန်တယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။

ကျနော်က အဲဒီလိုဟာတွေပါ ထည့်တွက်တယ်၊ ကျနော်က ဖြန့်ဖြူးနေတာ၊ အခု အင်တာဗျူးတာတွေ လုပ်နေတာ၊ ကျနော်အများကြီး သိတာပေါ့။ ကိုယ့်ကိုယ်ကိုယ်၊ ချို့ယွင်းချက်တွေ အများကြီး။ ကျနော် ထောင်ထဲမှာ အနှစ် (၂၀) လောက်နေလာတာ၊ စာလည်း မနေ့တနေ့ကမှ ဖတ်ရတာ၊ ရရာ ဖတ်ရတာ။ အဲတော့ အဲဒီဟာတွေကို ကျနော်က ဘာလို့ dynamic ဖြစ်အောင် ကျနော်လုပ်နေတာလဲ၊ နိုးကြားခြင်း၊ ထကြွခြင်း၊ တက်ကြွ ခြင်း၊ ရှင်သန်ခြင်း ဆိုတဲ့ dynamism ကိုဖြန့် နေတာ၊ dynamism မရှိရင် ကျနော်တို့ ဘာမှ လုပ်စရာ မရှိဘူးဗျာ။

ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊  ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။

ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။

အလားတူပဲ လက်ရှိ ရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များဟာဆိုလို့ရှိရင် သူတို့လုပ်နိုင်တာ သူတို့လုပ်နေတာပဲလို့ ကျနော်ထင်တယ်။ သူတို့ dynamism  လျော့ရင် လျော့ မယ်၊ နည်းနည်းလေး လျော့မယ်၊ သဘောက နည်းနည်းလေး တွန်းပေးရမယ်။ သူတို့မှာ နည်းနည်းလေး ချော်တာ ရှိမယ်၊ ဖြောင့်ပေးရမယ်။ ဟုတ်လား။ ဒီခေါင်းဆောင်မှုတခုကို အကြောင်းရာ တခုအပေါ်မှာ အခြေအနေ တခုအပေါ်မှာ အတိမ်းအစောင်းရှိတာတောင် ဘယ့်နယ် သည်းညည်းမခံနိုင်လို့ မရဘူး။ ဒီခေါင်းဆောင်မှုကို ကျနော်တို့ ပြင်ရမှာပဲ၊ မှားရင် ဝေဖန်ရမှာပဲ၊ ဒါ အဖွဲ့အစည်းပဲ။ အဖွဲ့အစည်းထဲမှာ ပြောရမယ်၊ အဖွဲ့အစည်းထဲမှာ ဆွေးနွေးရမယ်၊ ဒါပဲဗျ။ အဲတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်၊ မရှုတ်ချချင်ဘူး။ ဘ၀င်မကျတာတွေရှိတာ ပြောမယ်၊ ပဲ့ပြင်ကြမယ်၊ ထိန်းကျောင်းကြမယ်၊ ၀န်းရံ ကြမယ်၊ ၀ိုင်းဝန်းကြမယ်။ ဒါကို ကျနော် လုပ်ချင်တာ၊ မှားတာ မှန်တာတော့ မသိဘူး။ ဆိုတော့ ဒီခေါင်းဆောင်မှုဘက်ကနေ လိုက်တာလည်း မရှိဘူး၊ ရှုတ်ချ တာလည်း မရှိဘူး။ ခေါင်းဆောင်မှု ကလည်း သူတို့ လုပ်နိုင်သမျှ လုပ်နေတာပဲ၊ မှန်နိုင်သမျှလည်း မှန်နေတာလည်း ရှိပါတယ်။ မှားတာရှိရင် ပြင်ကြမယ်။ ကျနော်တို့ကို  ဆက်ခံမယ့် အင်အားတွေ ဘယ်လို တိုးချဲ့မလဲ။ ဒါကို ကျနော်တို့ သိကြရမယ်၊ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်၊

မေး။     ။ အခု ဆရာ (၁၉) နှစ်ကြာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေပြီးတော့  အခုလိုမျိုး ပြန်အဆက် အသွယ် ရတဲ့အခါကြတော့ ဆရာ့ အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ ဆရာ၊

ဖြေ။     ။ ကျနော်  ဒီမိုကရေစီ နိုင်ငံရေးကို လုပ်မယ်။ ကျနော် အခု အသက် (၇၉ ) နှစ်ရှိပြီ၊ အမှန်အတိုင်းက သိပ်ပြီးနိုင်ငံ ရေးကို ကျနော် ကျွမ်းကျွမ်းကျင်ကျင် ရှိတာမဟုတ်ဘူး။ ကျနော် နိုင်ငံရေး လုပ်ဖူးတာ ကိုးလ လောက်ဘဲ လုပ်ဖူးတာ၊ ထောင်ထဲက အတွေ့ အကြုံကို နိုင်ငံရေးလို့တွက်ရင်တော့ သိပ်ကြာတာပေါ့ဗျာ။ ထောင်ထဲမှာလည်း ကျနော်တယောက် တည်းလို နေရတဲ့အခါကြတော့ ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ညှိနှိုင်းခြင်း၊ ငြင်းခုံခြင်း၊ ရည်မှန်းချက်ချခြင်းတွေ သိပ်ကို မလုပ် နိုင်ဘူး။ တယောက်တည်း ဖြစ်နေတာ၊ အဲဒီအတွက် ကျနော်ရဲ့ နိုင်ငံရေး အတွေ့အကြုံက အများကြီးနည်းပါတယ်။ သို့သော် ကျနော့်မှာ အကြောင်းတွေ အများကြီး ရှိပါတယ်၊ အကြောင်းတွေ အများကြီးရှိတယ်ဆိုတာ အန်အယ်လ်ဒီကို  စတင်တည်ထောင်သူများထဲမှာ ကျနော် တယောက် အပါအ၀င် ဖြစ်တယ်။ အဲဒီလိုဖြစ်နေတဲ့ အခါကြတော့ အန်အယ်လ်ဒီ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဦးတည်တဲ့အတွက် အဲဒီ ဘက်ကနေ ရပ်ခြင်းအားဖြင့် ဒါ ကျနော် ဆက်ပြီးတော့ နိုင်ငံရေးကိုလုပ်လို့ရမယ်လို့ ယူဆတယ်၊ လုပ်ဖို့လိုတယ်။ အဲဒါကြောင့် ကျနော် ဒီမိုကရေစီ နိုင်ငံရေး ကို ဆက်ပြီးတော့ လုပ်မယ်လို့ ပြောချင်ပါတယ်၊ ဒါ အတိုဆုံး ပြောတာပါ။

မေး။     ။ နောက်ဆုံးမေးခွန်း ဆရာရယ်၊ အခုလိုမျိုး ဆရာ့ လွတ်မြောက်ရေး လုပ်ရှားတဲ့ လူတွေ၊ မိတ်ဆွေတွေ၊ နောက်ပြီး  မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ လူတွေအတွက်ကို ဆရာက ဧရာဝတီကနေ တဆင့် ဘာများ ပြောစရာ ရှိပါသလဲ။

ဖြေ။     ။ သိပ်ကျေးဇူးတင်တယ်၊ သိပ်အားတက်တယ်ဗျာ၊ သိပ်အဖိုးတန်တယ်လို့ပြောစရာမှ တခြား မရှိဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ သိပ်ကျေးဇူးတင်တယ် ဆိုတာက ကျနော်တို့ထောင်ထဲမှာ နေရတော့ စားရေး၊ သောက်ရေး၊ မိဘနဲ့ မတွေ့ တာ၊ ဆွေမျိုးနဲ့ မတွေ့တာ၊ မိသားစုနဲ့ မတွေ့တာ၊ အချင်းချင်းနဲ့ မတွေ့တာက အစ အကုန်လုံး အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်ယောက်ကနေပြီးတော့ အားပေးတယ်၊ ၀ိုင်းဝန်းတယ်၊ ၀န်းရံတယ်၊ ပံ့ပိုးတယ် ဆိုတဲ့ အခါကြတော့ ကျနော် သိပ်ကျေးဇူးတင်တယ်၊ ဒါပြောစရာ မလိုဘူး၊ ကျနော်တင် မဟုတ်ဘူး၊ အားလုံးကနေပြီးတော့ ဒါ ကျေးဇူးတင်ကြမှာ၊ ဒါကို ကျေးဇူးတင်တယ်လို့ ကျနော် ပြောတာပါ။

နောက်ပြီးတော့ ဒါတွေအတွက် ကျနော် သိပ်ပြီးတော့ အားတက်တယ်။ သိပ်အားတက်တယ်လို့ ပြောချင်တဲ့ အကြောင်းက ဘာဖြစ်လို့လဲ ဆိုတော့ ရှင်းရှင်းလေး ပြောရရင် နိုင်ငံရေးတို့ ဘာတို့လုပ်တယ်ဆိုတာ အားတက်မှုနဲ့ လုပ်ရတာ။အားတက်မှု မရှိဘဲနဲ့ စာအုပ်ကြီးနဲ့ ထိုင်ပြီးတော့ စာအုပ်နဲ့ စဉ်းစားပြီးတော့ စာအုပ်ကြီး လမ်းစဉ်နဲ့ဘဲ လုပ်နေရင် မရဘူးဗျ။ အားတက်မှု နဲ့ စုစည်းရတာ၊ အားတက်မှုနဲ့ လှုပ်ရှားရတာ၊ အားတက်မှု နဲ့ ထကြွရတာပဲ။ အဲဒါကြောင့် ကျနော် အားတက်တယ်၊ ကျနော်တို့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာ နေနေ၊  အဲဒါ ၀ိုင်းဝန်းတဲ့ အလေ့ကို ပြတာ၊ ၀ိုင်းဝန်းတယ်ဆိုတာ ပြည်တွင်း ရော၊ ပြည်ပရောပေါ့ဗျာ။ ဒီလူတွေ ၀ိုင်းဝန်း ကြလို့ ဒီလူတွေ အားပေး ကြလို့ ကျနော်တို့တတွေက ထကြွနေတယ်။ လုပ်ရှားနေမယ်၊ တက်ကြွနေမယ်၊ နိုးကြား နေမယ်၊ အဲဒါကြောင့် ကျနော်တို့က သိပ်ပြီးတော့ အားရပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်ပါတယ်။

နောက်တခုပြော ချင်တာက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ကွာသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ အဲဒီလူတွေလုပ်ခဲ့တာ မနည်းဘူး။ ဥပမာ ဆိုလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ စာရေးဆရာ မောင်သော်က တို့ ၊ ဦးတင်မောင်ဝင်းတို့၊ ဦးတင်ရွှေတို့။  နောက် အခြားသောပါတီက ဦးခင်မောင်မြင့်တို့  စတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ အကုန်လုံးက ထောင်ထဲမှာ သေကြ ရ တယ်၊ သေသွားတယ်။  နောက်တမျိုးက ထောင်ထဲ ကြောင့်၊ ထောင်ထဲမှာ အမျိုးမျိုး အအိပ်ပျက်၊ အစားပျက်၊ စီးပွားပျက်၊ လုပ်ငန်းပျက်၊ အကုန်လုံး ဘ၀ပျက်သွားတဲ့ လူတွေကို အများကြီးရှိတယ်။ ကျနော့်ကိုဆိုရင် အခုဝိုင်းဝန်းပြီးတော့ ဟိုကမေး၊ ဒီကမေး ဘာညာလုပ်နေတယ်။ ကျနော်တို့ ထက် အများကြီး စွန့်လွတ်ပြီးတော့ အများကြီးအနစ်နာခံပြီးတော့ လုပ်သွားတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ကျေးဇူးဟာလည်း ကျနော်တို့မှာ အများကြီး ရှိသေးတယ်။ ကျနော် ပြောချင်ပါတယ်၊ ဒါကိုလည်း ကျနော်မေ့လို့ မရဘူး။ ကျနော်တို့က လက်ရှိ ရှိနေတဲ့သူတွေကို ကျေးဇူးတင်သလို ဒီလူတွေရဲ့ ကျေးဇူးကိုလည်း မမေ့ဖို့ သိပ်လိုပါတယ်။

ဒါ့ အပြင် အပြင်မှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့ ဘေးရောက်နေတဲ့ သူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်များရဲ့လုပ်ကိုင် ခဲ့တာတွေကိုလည်း ကျနော်တို့က အသိမှတ် ပြုရလိမ့်မယ်၊ ဒီလို ပုဂ္ဂိုလ်များရဲ့ စွန့်လွတ်မှုတွေကိုလည်း ကျနော်တို့ နားလည်ရလိမ့်မယ်၊ တန်ဖိုးထားရလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

အဲဒါကို ကျနော် အပိုင်းချုံ့လိုက်ရင် နှစ်ပိုင်းပြောချင်ပါတယ်၊ တပိုင်းက ဘာလဲဆိုတော့ ပြည်တွင်းရော၊ ပြည်ပရော ကျနော်တို့ကို ၀န်းရံတဲ့ သူတွေ၊ ပုဂ္ဂိုလ်တွေအတွက် ကျနော်တို့မှာ အများကြီး ကျေးဇူး ရှိပါတယ်။ အများကြီး လည်း ကျနော်တို့ကို အားပေးရာ ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့ဟာ နှစ်ပေါင်း ၂၀ ကာလ အတွင်း မှာ အများကြီး စွန့်လွတ်ခဲ့တဲ့လူတွေ၊ ဘ၀ပျက်ခဲ့တဲ့ လူတွေ ၊ သေခဲ့တဲ့ လူတွေ၊ ကြေခဲ့တဲ့လူတွေ၊ အဲဒီလူတွေ အားလုံးကို ကျနော်တို့ မမေ့ဖို့နဲ့ ဒီလူတွေကို ကျနော်တို့ အမြဲတမ်း တန်ဖိုးထားနေဖို့ ဒီလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ အမြဲတမ်း ပြန်ဖေါ်ထုတ်ဖို့၊ သတိရဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါပါပဲ။     ။

http://www.irrawaddy.org/bur/interview/U%20Win%20Tin%20Interview.html

အင်းစိန်ထောင်တွင် (၁၉)နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၃-၉-၂၀၀၈ က လွတ်မြောက်လာသည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ခေတ်ပြိုင်သတင်းထောက် ပီတာအောင် ဆက်သွယ်မေးမြန်းချက်

(၂၄-၉-၀၈)။           ။

(သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိပ်ပိတ်ခံရပြီးနောက် ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ (ဆရာဇင်လင်း၏ ဆောင်းပါးမှ ကောက်နုတ်ချက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၈၉ ခု ဇူလိုင် (၄) ရက်မှ ၂၀၀၈ ခု စက်တင်ဘာ (၂၃) ရက်အထိ အင်းစိန်ထောင်၌ (၁၉) နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည်။ ဦးဝင်းတင်သည် အာဏာရှင် စစ်အစိုးရကို နှလုံးရည်ဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် နာမည်ကြီးပြီး ဦးဝင်းတင်ရေးသားခဲ့သည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသောဆောင်ပုဒ်မှာ လူသိများသည်။ ဆရာဦးဝင်းတင်အား အနှစ် ၂၀ နီးပါးနေခဲ့ရသည့် ထောင်တွင်းကာလများ ကို မည်သည့် ယုံကြည်ချက်များဖြင့် ဖြတ်သန်းခဲ့ကြောင်း ခေတ်ပြိုင်သတင်းထောက် ပီတာအောင်က မေးမြန်းရာ ဆရာ ဦးဝင်းတင်က ယခုကဲ့သို့ စတင်ဖြေကြားသည်။)

ဖြေ- အခြေခံကတော့ ကျနော် နိုင်ငံရေးသမားတယောက်လိုနေခဲ့တယ်ဗျ။ ဘာလို့နိုင်ငံရေးသမားလိုနေလဲဆိုရင် ကျနော်ထောင်ထဲရောက်တာက ကျနော်က သတင်းစာဆရာဖြစ်သော်ငြားလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ရောက် တာဖြစ်နေတာကို။ ဟိုမှာတွေ့တာလည်း နိုင်ငံရေးသမားတွေနဲ့ပဲ တွေ့ တဲ့အခါကျတော့။ အမြဲတမ်း ကျနော် သတိထားတာက နိုင်ငံရေးပဲဗျ။ နိုင်ငံရေးမှာ ကျနော် ဘာနဲ့နေလဲဆိုတော့ စုလွှတ်တွေ့ဆိုတဲ့ မူကို ကျနော် တို့က ကိုင်လုပ်တယ်ဗျ။ စုလွှတ်တွေ့ဆိုတာ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ရေး၊ လွှတ်တော် ခေါ်ယူကျင်းပရေး၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေး အဲဒီ (၃)ချက်ကို ကျနော်က ကိုင်တယ်။ ဒါက ရပ်တည်ချက်ပေါ့ဗျာ။ နောက်ကြွေးကြော်ချက်က ဘာလဲဆိုရင် ဒေါ်စုရဲ့ခေါင်းဆောင်မှုကို ၀န်းရံကြ၊ လွှတ်တော်ကို ၀န်းရံကြ။ အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ၀န်းရံရေး (၃) ပါးနဲ့ ကျနော်က တိုက်နေတယ်။ ကျနော်ကတော့ အဲဒီ ကြွေးကြော်သံ (၃) ရပ်နဲ့ပဲလုပ်တယ်။ ဘာလို့လဲဆိုတော့ သိပ်များများကြီး စဉ်းစားမနေဘူး။ အများကြီးဆို ဝေးသွားမှာဆိုးတယ်။ ကျနော်က ဒီအခြေခံ (၃) ရပ်ကိုကိုင်ပြီးတော့ ဒါကိုမူအနေနဲ့ကိုင်ပြီး ဒီကနေ သိပ်မရွေ့အောင် လုပ်တာ။

ဒီနေ့ထိ ထွက်ခါနီး နောက်ဆုံးပိတ်အထိ မနက် (၆) ခွဲကနေ ကျနော့်ကို လွှတ်ဖို့လာခေါ်တာ ညနေ (၄) နာရီမှ ထွက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က (၄၀၁) ကို လက်မခံဘူး။ အိုနာကျိုးကန်း စီမံချက်လို့ ကျနော်ပြောတဲ့ ကျန်းမာရေးအကြောင်းပြချက်၊ အသက်ကြီးတာအကြောင်းပြချက်၊ ဒါတွေကို ကျနော်လက်မခံဘူး။ အဲဒါတွေငြင်းရပြီး နောက်ဆုံးပိတ်ကျတော့ ထောင်ကအ၀တ်အစားနဲ့ပဲ ကျနော်ထွက်လာခဲ့တာ။

ပစ္စည်းလည်း ကျနော်မယူဘူး ဘာညာဆိုတော့ သူတို့တွေ အကုန်လုံး ထုပ်ပိုးပြီးတော့ လာပြီးတော့ ပစ္စည်းတွေ ဘာတွေ လာပို့သွားတယ်။ လက်မှတ်မထိုးတာက ဒီနှစ် ကျနော် ဆေးရုံတက်နေတုန်း အချိန်တုန်းကလည်း ကျနော့်ကို လာပြီးတော့ လက်မှတ်ထိုးခိုင်းဖူးတယ်။ ကျနော်ငြင်းခဲ့ဖူးတယ်။ ဒါတင်မဟုတ်ဘူး ၁၉၉၀ တုန်းက ကျနော့်ကို ထောက်လှမ်းရေးက ကျနော် ထောင်ထဲကိုဝင်ပြီး တနှစ်ကျော်ကျော်လေးရှိသေးတယ် ကျနော့်ကို လက်မှတ်လာထိုးခိုင်းတယ်။ အဲဒီတုန်းကတည်းက ငြင်းခဲ့တဲ့ဟာ။ ဒါကျနော်လုံးဝ လက်မခံတဲ့ဟာ။ တောင်းဆိုချက်ကတော့ စုလွှတ်တွေ့ထဲမှာပါတဲ့ ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေး။ ဒါပဲ။ ဒါနဲ့ ရပ်တည်ခဲ့တာ ဒီလိုနဲ့ပဲ ကျနော်အနှစ် (၂၀) ကြာခဲ့တာ။

မေး- အကျဉ်းထောင်ထဲမှာ မစ္စတာပီညဲရိုးတို့လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ လာရောက် တွေ့ဆုံမှုဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘယ်လို အကျိုးရလဒ်မျိုးတွေ ဖြစ်စေခဲ့ပါသလဲ။

ဖြေ- သူတို့နဲ့ပတ်သက်ပြီးတော့ အမျိုးစုံ ပြောကြတာပေါ့ဗျာ။ ပြောတာတော့ မှားတယ်မှန်တယ် ကျနော်ဝင် မပြောချင်ဘူး။ ဒါနိုင်ငံတခုလုံးမှာ ရှိတဲ့ လူ့အခွင့်အရေးကိစ္စတွေကို သူတို့လုပ်ကိုင်ဆောင်ရွက်မှု ဘယ်လောက်အထိ ထိရောက်တယ်၊ မထိရောက်တယ် အပေါ်မှာ မူတည်ပြီးတော့ သူတို့ဘာသူတို့ ဝေဖန်ကြတယ်၊ ချီးမွမ်းကြတယ်။ ထောင်ထဲမှာတော့ မစ္စတာပီညဲရိုးတို့က အများကြီး လုပ်ပေးသွားနိုင်တယ်လို့တော့ ကျနော်ယူဆတယ်။ ဘာလို့ဆိုတော့ ထောင်ထဲမှာက ကျနော်တို့မှာ ထမင်းမစားရဘူး။ ထမင်းဂေါ်လေး တဂေါ်ပဲကြွေးတယ်။ ထမင်းတဂေါ်ထက် ပိုတောင်းရင် မ၀လို့ အလုပ်သမားတွေဗျာ၊ လယ်သမားတွေဗျာ၊ ထောင်ကျနေတဲ့ ရိုးရိုးတန်းတန်းလူတွေ အဲဒီလူတွေက ထမင်းမ၀လို့ထပ်ပြီး ထမင်းနည်းနည်းပေးပါဆို တုတ်နဲ့ ရိုက်တယ်ဗျ။ ကျနော့်မျက်စိနဲ့မြင်တာ။ အဲဒါကြောင့် ၁၉၉၅ မှာ ကုလသမဂ္ဂကို စာရေးတဲ့အထဲမှာ ထမင်းဝအောင် ကျွေးဖို့ပါတယ်။ အဲဒါကြောင့် အဲဒီကိစ္စကို ကျနော်တို့က အမြဲတမ်း တိုက်တယ်။ ထမင်းတော့ ဝအောင်ကျွေးပါ ခင်ဗျားတို့ ဆိုပြီး။ ဆိုတော့ မစ္စတာပီညဲရိုးတို့ကလည်း အဲဒါကို တော်တော်လေး တွန်းတယ်။ တွန်းတော့ ၂၀၀၂ ခု ၂၀၀၃ ခုနှစ်လောက်ကြတော့ ထောင်ထဲမှာ ဘာရေးထားလဲဆိုတော့ နံရံမှာ စာရေးထားတယ်။ ပုံစံမလို အ၀စား ဆိုတဲ့ဟာ။ အဲဒါ ကျနော်တို့တိုက်တာ ၁၉၉၅ မှာ တိုက်တာ။ ၂၀၀၃ ခုနှစ် (၇) နှစ် (၈) နှစ်လောက် ကြာတဲ့အခါမှာ ဒီတောင်းဆိုချက်ကရတယ်ဗျ။

အခု ကျနော် ထောင်ထဲက ထွက်လာတဲ့အခါကျတော့ အဲဒါနံရံမှာ ရေးထားတော့ ကျနော်ကားပေါ်က နေကြည့်ပြီးတော့ ကျနော်နဲ့ပါလာတဲ့ အရာရှိတွေကို ပြသေးတယ်။ အဲတော့ ခင်ဗျားတို့ ထောင်ထဲမှာနေတုန်းမှာ ဘာများအသုံးကျခဲ့သလဲလို့ ကျနော့်ကိုမေးရင် ဒီတိုက်ပွဲမှာ ကျနော်ပါခဲ့တယ်၊ ထမင်းဝအောင် ကျွေးဖို့ နံရံမှာတောင် ရေးထားရတယ်။ အဲဒါက မစ္စတာပီညဲရိုးက အများကြီး ပါခဲ့တယ်။ ကျနော်တို့ရဲ့တိုက်ပွဲကို အများကြီးကူခဲ့တယ်။ အဲဒါကြောင့် ထမင်းဝအောင် စားရတဲ့အထဲမှာ မစ္စတာပီညဲရိုးတို့ လုပ်ရပ်တွေပါတယ်။

မေး- ၂၀၀၅ ခုနှစ် ဇွန်လမှာ ဆရာကြီးကို ထောင်အာဏာပိုင်တွေက ပြန်လွှတ်ပေးမယ် ဆိုပြီး ထောင်ဘူးဝထိ ထုတ်ပြီးကာမှ ပြန်ပြီး အကျဉ်းချထားခဲ့တာ ဘာကြောင့်ပါလဲ။ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ- ဒီလိုရှိတယ်ဗျ။ ကျနော့်ကို သာမန်အားဖြင့်ဆိုရင် ထောင် အနှစ် (၂၀) ချထားလို့မရဘူးဗျ။ ထောင်က (၁)နှစ် ကို (၃) လလောက် လျော့ရက်ရတယ်ဗျ။ ကျနော်က အနှစ် (၂၀) ကျတော့ (၁၆) နှစ်ဆိုရင် သာမန်အားဖြင့် လွတ်ရမယ်ဗျ။ အဲ့တော့ ကျနော့်ကိုလာပြီး ပစ္စည်းသိမ်းပါ လွှတ်ပေးမယ် ဆိုတော့ ကျနော် သံသယဖြစ်တယ်။ ကျနော် ပြောတယ် ဟုတ်မှဟုတ်ရဲ့လားဗျာ။ ဟုတ်ပါတယ်ဆိုတော့ ကျနော်လိုက်သွားတယ်။ နှစ်စေ့လို့ လွှတ်တယ်လို့ ကျနော်ကထင်တာပေါ့ဗျာ။ ကျနော်က (၁၆) နှစ်ကိုဗျ။ (၁၆) နှစ်ဆိုတော့ ကျနော် လွတ်ပြီလေ။

အဲတော့ ကျနော် လိုက်သွားတယ်။ ဟိုရောက်တော့ လူ (၁၀၀) လောက်မှာ ကျနော်က နောက်နားမှာ ထိုင်နေတာ အတင်းခေါ်ပြီးတော့ ရှေ့ကိုတင်တယ်။ ကျနော့်နာမည်လည်း ထုတ်ပြောတယ်။ ဆရာဦးဝင်းတင် ဘာညာပေါ့ဗျာ။ လျှောက်ပြောတာပေါ့။ ညွှန်ချုပ်က သူလည်း ၀မ်းသာအားရပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးလဲပြီးရော ဘာလုပ်လဲဆိုတော့ လူ (၁၀) ယောက်နေခဲ့ပါတဲ့ ၀န်ကြီးက တွေ့ချင်လို့တဲ့ပြောတယ်။ အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၈) ယောက်။ အဲမှာ ကျနော်နဲ့ အမတ် (၁) ယောက်ပါတယ်။ ကျနော်တို့ကို ထမင်းကြွေးတယ်။ ပြီးလဲပြီးရော ကျနော့်ကို ထောင်ထဲ ပြန်သွင်းထားတယ်ဗျ။

အဲဒီအချိန်တုန်းကတော့ ကျနော် အခုထွက်သလို ကန့်ကွက်တာတွေ ဘာတွေမလုပ်ခဲ့ဘူး။ ကျနော် လွတ်ရက်စေ့လို့ လွတ်တာပဲလို့ ကျနော်ထင်လို့ လိုက်တာတာ။ ဟိုလည်းကျရော မဟုတ်ဘူး ၀န်ကြီးနဲ့ တွေ့မယ်ဆိုပြီး ၀န်ကြီးနဲ့လည်း မတွေ့ဘူး။ မတွေ့ဘဲနဲ့ ကျနော့်ကို ထောင်ထဲ ပြန်ထည့်ထားတာ။ အဲဒီတုန်းက သူတို့ ကလိမ်ကျတာ။ သို့မဟုတ်ရင်လည်း လူတွေကို စိတ်ဓာတ်အားဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပေါ့။

အဲဒါနဲ့ပတ်သက်ပြီး ညွှန်ချုပ်က ကျနော့်ဆီ လာပြီး ဒီလိုဖြစ်သွားတာနဲ့ ပတ်သက်လို့ ဦးဝင်းတင် ဘယ်လို သဘောထားလဲတဲ့။ ကျနော်က ဘယ်လိုမှ သဘောမထားဘူး၊ ခင်ဗျားတို့ ဒီအစိုးရ လိမ်နေတဲ့ဟာလို့ဘဲ ကျနော် သဘောထားတယ်လို့။ ကိစ္စ မရှိပါဘူးလို့။ ဖဆပလခေတ်တုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေး ကနေပြီး လူတွေကိုလွှတ်ဖို့ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းက တောင်းဆိုလို့၊ ကက်ဘိနက်က တောင်းဆိုလို့၊ သူက ထောင်သားတွေကို ဘူးကိုလွှတ်တယ်၊ လွှတ်ဝရမ်း ပေးတယ်။ ထောင်သားတွေက လက်မှတ်ထိုးပြီးတာနဲ့ တပြိုင်နက်တည်း ဖမ်းဝရမ်းကို ပြန်ပေးပြီး ထောင်ထဲပြန်သွင်းတယ်။ အဲဒါကို ကျနော်တို့ ၁၉၅၀ ကျော်ကျော်တုန်းကဆိုရင် သတင်းစာလောကမှာ ခင်မောင်လေး ကာလနာတိုက်တယ်လို့ ခေါ်တယ်ဗျ။

အဲတော့ ကျနော်က ပြောတယ်။ ဟိုခေတ်ကတည်းက ခင်မောင်လေး ကာလနာတိုက်တယ် ဆိုတဲ့စကားက ခေတ်စားခဲ့တယ်။ အခုလည်း ကျနော့်ကို ဘယ်သူက ကာလနာတိုက်တယ်တော့ မသိဘူး ကျနော် ထောင်ထဲ ပြန်ရောက်တယ်။ ဆိုတော့ ကျနော် ဘာသဘောထားမှမရှိပါဘူး။ ခင်ဗျားတို့ ကျနော့်ကို ထောင်ထဲမှာ တသက်လုံးထားလည်း နေမှာပဲ။ ဒါပေမယ့် ကျနော် တသက်လုံး တိုက်နေမှာပဲ။ မူအရလည်း မလုပ်ဘူး၊ စည်းနဲ့ကမ်းနဲ့လည်း မလုပ်ဘူး။ ဥပဒေအရလည်း မလုပ်ဘူးလို့ ဒါ ကျနော် ညွှန်ချုပ်ကို ပြောတယ်။ ညွှန်ချုပ် အဲဒီတုန်းက ကျနော့်ကို လာတွေ့တယ်၊ ထောင်ကနေပြန်ပို့ပြီး နောက်တရက်ခြားမှာ။

ခုတခါ ကျတဲ့အခါကတော့ ဒီတခါ လာထုတ်တဲ့အခါကျတော့ ကျနော်လက်ခံတော့ဘူး။ (၄၀၁) လည်း ကျနော်လက်မခံဘူး။ အိုနာကျိုးကန်း စီမံကိန်းလို့ ခေါ်တဲ့ ကျန်းမာရေးတို့၊ အသက်ကြီးတာတို့၊ ကျနော် လက်မခံဘူး။ ကျနော်မလိုက်ဘူးဆိုပြီး (၆) နာရီခွဲ ကတည်းကစပြီး ကျနော်ငြင်းတာ ညနေ (၄) နာရီမှ ထွက်ရတယ်။ ကျနော်က ထောင်အ၀တ်အစားပဲ ၀တ်ပြီးတော့ မချွတ်နိုင်ဘူးဆိုတော့ ထောင်ကဟာတဲ့ ထောင်ကပစ္စည်းဆို ခင်ဗျားတို့ ချွတ်ယူ ကျုပ်ကိုယ်တုံးလုံးနဲ့ ထွက်မယ်ဆိုတော့။ ဟာ အဲလိုလည်း မလုပ်ပါဘူးတဲ့။ ကျနော့်ပစ္စည်းလည်း ကျနော် မစစ်ဘူးဆိုတော့ ကျနော့်ပစ္စည်းတွေ သူတို့ဘာသူတို့ သိမ်းပြီး ကျနော့်ကို ပြန်ပို့ပေးတယ်။

မေး- အကျဉ်းထောင်တွင်းမှာနေတုန်းကာလမှာ နိုင်ငံရေး အကျဉ်းသားတယောက်အနေနဲ့ စာအုပ်စာ တမ်းဖတ်ရှုခွင့်အပါအ၀င် အခြားရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ ရရှိခဲ့ပါသလား။

ဖြေ- ရှိတယ်ဗျ။ ဟိုတုန်းက ကျနော်တို့ လူငယ်တွေပေါ့ဗျာ တောင်းဆိုချက် (၈) ချက်ရှိတယ်ဗျ။ ရေး၊ ဖတ်၊ ကျန်း ဘာ၊ အား၊ လည်၊ ထောင်ဝင်စာ၊ ချက်စား (၈) ချက် တောင်းတယ်။ အဲဒါလေးက ကျနော်တို့ထဲက မိုးဇော်ဦး ဆိုတာ ကဗျာလေးစပ်ပြီးတော့ အဲကဗျာလေးက ဖတ်ရလွယ်ပြီး မှတ်ရလွယ်နေတာပေါ့။ အဲဒီတုန်းကတည်းက စာရေးစာဖတ်ခွင့် တောင်းခဲ့တာဗျ။ ၁၉၉၀ ခုနှစ်လောက်ကတည်းက မရဘူးဗျ။ ၂၀၀၀ ခုနှစ်ကျော်မှ ကျနော်တို့ကို ဘာသာရေးစာအုပ် ဖတ်ခွင့်ပေးတယ် ၂၀၀၁ ခုလောက်မှာ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတော့ ကျနော်တို့ကို စပြီး သတင်းစာပေးတယ် အစိုးရသတင်းစာ။ ပြီးခဲ့တဲ့ တနှစ်လောက်ကစပြီး ဂျာနယ်တွေ ဘာတွေဖတ်ရတယ်။ ကျနော်တို့ကတော့ စာပဲဖတ်နေရတာပေါ့။ ရွေးတော့မဖတ်နိုင်ဘူးပေါ့။ ရောက်တဲ့ဟာ ဖတ်ရတော့ပေါ့။

မေး- ထောင်က ပြန်လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘ၀ကို ဘယ်လိုဖြတ်သန်းမလဲ။ အန်အယ်လ်ဒီပါတီမှာပြန်ပြီး တာဝန်ယူသွားမလား။ ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ- အဲဒါနဲ့ပတ်သက်လို့ ကျနော် တိုတိုလေးပြောချင်တာက (၁) ကတော့ ဘာလဲဆိုရင် ကျနော်က နိုင်ငံရေးကိုလုပ်ဦးမှာ။ ကျနော် ၀တ္တရားရှိတယ်ဗျ။ ထောင်ထဲမှာလည်း အမြဲတမ်းပြောတယ်။ ကျနော်တို့မှာ လုပ်နိုင်တယ်။ ကျနော်တို့မှာအစွမ်းအစရှိတယ်။ လုပ်ဖို့လူတွေ ရှိတယ်။ လုပ်ဖို့ အင်အားရှိတယ်။ ဒီလိုဟာတွေ ကျနော်မပြောဘူး။ ကျနော်အသက်လည်းကြီးပြီဗျာ။ လုပ်နိုင်သလောက်ကတော့ ကျနော်လုပ်မယ်။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံရေးအတွက်လုပ်မယ်။ လုပ်ရမယ် ကျနော့်မှာ ၀တ္တရားရှိတယ်။ အန်အယ်လ်ဒီထဲ ၀င်လုပ်ရေး မလုပ်ရေးဆိုတာကတော့ သူတို့ကို အစိုးရကနေ ညွှန်ကြားတဲ့အတွက်ကြောင့် ၁၉၉၀ ခုနှစ်ကတည်းက ဒေါ်စုတို့၊ ဦးကြည်မောင်တို့၊ ဦးတင်ဦးတို့၊ ကျနော်တို့ကို ထုတ်ပြီးသားဗျ။ အဲဒါကို ကျနော် အန်အယ်လ်ဒီထဲ ပြန်လုပ်နိုင်လား၊ မလုပ်နိုင်လား ကျနော်မသိဘူး။ လုပ်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်ကတော့ ဒီမိုကရေစီရေး အတွက်တော့ လုပ်မှာပဲ။ ပါတီဝင်ဖြစ်ဖြစ်၊ ပါတီဝင်မဖြစ်ဖြစ်။

သို့သော် အန်အယ်လ်ဒီနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီဟာ ဒီနေ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ အန်အယ်လ်ဒီဟာ အတော်အတန် ကောင်းတယ်၊ အတော်အတန် တိုးတက်တယ်၊ အတော်အတန် မှန်တယ်လို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီဘက်တော့ ကျနော် ရပ်နေမှာပဲ။ အကယ်၍ အန်အယ်လ်ဒီဟာ ချွတ်ချော်နေရင်လည်း ကျနော် အန်အယ်လ်ဒီဘက်က ရပ်ပြီးတော့ အန်အယ်လ်ဒီကို ဆက်ပြီးတော့ နေနေမှာပဲ။ မှားတောင်မှ ပြင်ယူမယ်ဗျာ။ ကိုယ့်ကိုအကပ်မခံလည်း အတင်းကပ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ အားပဲ၊ အန်အယ်လ်ဒီဟာ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းဟာ မပျက်သုဉ်းကောင်းဘူးလို့ ကျနော် ယူဆတယ်။

နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲရေး၊ စုစည်းရေးကို ကျနော် ကြိုးစားလုပ်မယ်။

ကျနော်လုပ်မယ့်ဟာ ချုပ်လိုက်ရင် ဒီမိုကရေစီရေးအတွက် ကျနော် အဓိကထားပြီး လုပ်မယ်။ (၂) က အန်အယ်လ်ဒီမှာ စုစည်းရေး၊ အန်အယ်လ်ဒီကို ၀န်းရံရေးအတွက် ကျနော် ဆက်ပြီးလုပ်မယ်။ နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲနိုင်သမျှ လက်တွဲရေး၊ ကျန်တဲ့အင်အားစုများနဲ့ တူတာဖြစ်ဖြစ် မတူတာဖြစ်ဖြစ် တွဲရေး အဲဒါလုပ်မယ် အဲဒီအတိုင်းသဘောထားတယ် ။

အဲလိုသဘောထားတဲ့အခါမှာ လုပ်ဟန်ကတော့ ဘာလဲဆိုရင် အာဏာရှင်စနစ်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဘယ်သူ့ကို ဘာညာဆိုပြီး ဒီလိုပုဂ္ဂိုလ်ရေးကို အဖွဲ့အစည်းကြီးကို တိုက်တာမျိုး ကျနော် ဘာမှမလုပ်ဘူး။ သူတို့လုပ်နေတာ စစ်အာဏာ ယန္တရားကို ကျနော် ဒါလက်မခံဘူး။ ဒါသူတို့ကို ကျနော်သူတို့ကိုလည်း ပြောခဲ့ပြီးပြီ။ ဒီလူတွေ အပြင်ထွက်ပြီး နိုင်ငံရေးလာလုပ်ရင် ကျနော်တို့အထဲ လာလုပ်မလား၊ တခြားပါတီမှာ လုပ်မလား။ သူတို့အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့ဝင်တွေက ထောက်ခံရင် သူတို့ဘာသူတို့ ခေါင်းဆောင်တွေအဖြစ် ညှိနှိုင်းလုပ်ပေါ့။

သို့သော် တပ်ကနေပြီးတော့ တိုင်းပြည်ရဲ့အပေါ်မှာ၊ လွှတ်တော်ရဲ့အပေါ်မှာ တိုင်းပြည် ပြည်သူပြည်သားရဲ့ ဆန္ဒအပေါ်က နေပြီးတော့ တပ်မတော်သည် ဗမာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမည်ဆိုတာ ကျနော်လက်မခံဘူးဗျ။ အဲလို လက်မခံတဲ့အတွက် ကျနော်ကတော့ ဘယ်လို စကားလုံးသုံးလဲ ဆိုတော့ စစ်အာဏာ ယန္တရားကို ဖျက်သိမ်းပါ။ ခင်ဗျားတို့ဟာ ထောက်လှမ်းရေး ယန္တရားကြီးကိုတောင် ဖျက်နိုင်ခဲ့ရင် ဘယ်လောက်ပျက်တယ်၊ မပျက်တယ်ကတော့ တပိုင်းပေါ့ဗျာ။ တချို့ထောက်လှမ်းရေးတွေ ရာထူးကြီးတွေ လုပ်ကိုင်နေတာ ဒါထား။

ထောက်လှမ်းရေး ယန္တရားပျက်စီးသွားတဲ့အတွက် ကျနော်တို့ တိုင်းပြည်မှာတော့ ဘယ်လောက် သက်သာသလဲတော့ ကျနော် မသိသေးဘူး။ ကျနော်တို့ ထောင်ထဲမှာတော့ အများကြီး သက်သာသွားတယ်။ ထောက်လှမ်းရေးတွေက အမျိုးမျိုး နှိပ်စက်၊ အမျိုးမျိုး ညှဉ်းပန်း၊ အမျိုးမျိုး ညစ်လုပ်ခဲ့တယ် ဒီယန္တရားက။ အဲဒီလိုပဲ အခုရှိတဲ့ ခေါင်းဆောင်များက စစ်အာဏာ ယန္တရားကြီးကို ဖျက်သိမ်းပါ။ အမှတ်(၆)လိုဟာမျိုး ဖျက်သိမ်းပါ။ ဒီလိုလုပ်ရင် အများကြီးတိုင်းပြည်ရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ်။

အဓိက ကျနော်လုပ်မယ့်ဟာကတော့ ဒီမိုကရေစီနိုင်ငံရေးကို လုပ်မယ်။ နောက်တခုက အလုပ်လုပ်မယ့်ဟန်က သဘောထားက ဘာလဲဆိုရင် စစ်တပ်မို့လို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိုလို့၊ ဘာလို့၊ လူပုဂ္ဂိုလ်တွေ ကျနော် ဘယ်သူ့မှ အပြစ်မတင်ဘူး။ ဘယ်သူ့ကိုမှ မရှုတ်ချဘူး၊ ဘယ်သူ့ကိုမှ မကန့်ကွက်ဘူး။ လက်တွဲလုပ်နိုင်ရင် လုပ်မယ်။ ဒါပေမယ့်လို့ နိုင်ငံရေးကို နိုင်ငံရေးသမားအနေနဲ့လုပ်ပါ။ စစ်တပ်ကနေ စစ်အာဏာ ယန္တရားကြီးကို ဖျက်သိမ်းပါလို့ အဲဒီတောင်းဆိုချက်နဲ့ ကျနော်ရပ်မယ်။ နောက်တခုက ကျနော် စုစည်းနိုင်သမျှ စုစည်းမယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် အကုန်လုံးကိုလက်တွဲပြီးတော့ လုပ်သွားမယ်။

မေး- ဆရာကြီးအနေနဲ့ အန်အယ်လ်ဒီမှာ ပြန်ပြီး တာဝန်ယူမယ်ဆိုရင် တာဝန်ပြန်ပေးမှာဖြစ်ပြီး လက်ခံမယ်လို့ မျှော်လင့်တဲ့ အကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က ခေတ်ပြိုင်ကို ပြောပါတယ်။ ဆရာကြီးအနေနဲ့ ဒီကမ်းလှမ်းမှုအပေါ် ဘယ်လို သဘောရပါသလဲ။

ဖြေ- သူတို့မှာ ဒီသဘောထားရှိတာကို ကြိုဆိုပါတယ်။ ၀မ်းလည်းသာတယ်။ ဒီသဘောထားမျိုးဟာ ကျနော့်အပေါ်မှာ ထားသလို လူတိုင်းအပေါ်မှာ ထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော် တယောက်တည်းတင် ဘယ်တာဝန်ဘာညာ ဒါက အရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်၊ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့ သဘောထားရှိရင်အကောင်းဆုံးပဲ။ ဒါကြောင့်မို့လို့ ကျနော် ဒီသဘောထားကို ကြိုဆိုပါတယ်လို့ ပြောချင်တယ်။ ဦးလွင်တို့ဘက်က ဒီလိုသဘောထားတာ သိပ်ကောင်းတဲ့ဟာ၊ သိပ်လည်းမှန်တဲ့ဟာ လုပ်တာ မလုပ်တာတို့၊ ဘာတို့ဆိုတာ တပိုင်း။ ဘာလို့ လုပ်တာမလုပ်တာ တပိုင်းလို့ ပြောရလဲ ဆိုရင် သူတို့ရော ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကြည့်ရဦးမယ် ဒါတခုပေါ့။

နောက်တခုက သူတို့ခေါင်းဆောင်မှုရှိနေတဲ့ ခေါင်းဆောင်မှုကို ကျနော်တို့က လှေတခုကို မလှုပ်ချင်တော့ဘူးဗျ၊ ဒါလည်း ထည့်စဉ်းစားရမယ့် ဟာပေါ့။ ဦးလွင်တို့ ခေါင်းဆောင်နေတာ မှားယွင်းနေရင်တော့ ၀မ်းသာပါတယ်ဗျာ ခင်ဗျားတို့ကြွပါတော့လို့ ပြောရုံပဲရှိတယ်။ မမှားယွင်းဘူးဗျ။ သူတို့မှန်နေတယ်လို့ ကျနော်ထင်တယ်။

အခုရပ်တည်ချက်ဟာ တော်တော်ကောင်းတယ်လို့ ကျနော်ထင်တယ်။ အဲလိုဟာမျိုးမှာ ကျနော်တို့ ခေါင်းဆောင်ဖို့နေရာက အရေးမကြီးဘူးဗျ။ ကျနော်တို့ စုစည်းနိုင်ဖို့ပဲ။ စုစည်းနိုင်ဖို့သဘောထားကို ကျနော်တို့အပြင် ဥပမာ ဒေါ်မြင့်မြင့်ခင်တို့၊ ကိုဝံသတို့၊ ကိုချမ်းအေးတို့ စသည့်ပုဂ္ဂိုလ်တွေ အားလုံးကို စုစည်းနိုင်သမျှ စုစည်းဖို့ ကြိုးစားပါ။ အဲဒီသဘောထားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ပါလို့၊ ဖြန့်ကြက်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ကျနော် တိုက်တွန်းတာ မဟုတ်ဘူး ကျနော် မျှော်လင့်တယ်။ ဖြန့်ကြက်နိုင်ရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ လုပ်ရေးမလုပ်ရေး ဒါအရေးမကြီးပါဘူး။ အမှန်အတိုင်း ပြောရရင် အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ကြွေးကြော်သံကို တလျှောက်လုံးရပ်နေတဲ့အတွက် အန်အယ်လ်ဒီကို အမြဲတမ်း ထောက်ခံပြီးသား။ ခေါင်းဆောင်မှုဟာလည်း ဘာပဲပြောပြော ဒီနှစ်ပိုင်းမှာ သိပ်ကိုမှန်တယ်လို့တောင် ထင်ပါတယ်။

မေး- နအဖရဲ့ ရုဒ်မက်ကလွဲပြီး တခြားရွေးချယ်စရာလမ်း မရှိတော့ဘူး ဆိုပြီး၊ ထွက်ပေါက်ပိတ်နေပြီ ဆိုပြီး လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ စိတ်ပျက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ ဆရာကြီးရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဖြေ- ဒါက ဒီလိုရှိတယ်ဗျ။ စိတ်ပျက်တဲ့လူတွေကို ကျနော် အပြစ်မတင်ချင်ပါဘူး။ စိတ်လည်းပျက်လောက်တယ်ဗျ။ စိတ်ပျက်လောက်တဲ့ အကြောင်းက ဘာလဲဆိုရင် စစ်အစိုးရဟာ တံခါးတွေပိတ်နေပြီဗျ၊ လမ်းတွေပိတ်ပစ်နေပြီ၊ ဒီဖွဲ့စည်းပုံ ဆိုတာလည်း ဒီကနေထွက်လာမယ့် ရွေးကောက်ပွဲတို့၊ ပါတီတွေ ရပ်တည်ခွင့်တို့ ဆိုတာတွေဟာ အဲဒီမှာ တံခါးပိတ်နေပြီဗျ။ ဒါကြောင့် ကျနော်တို့က ခင်ဗျားတို့ ပိတ်ချင်တာပိတ်။ ခင်ဗျားတို့ ချချင်တာချ။ ကျနော်တို့ လက်မခံဘူး။ ဖွဲ့စည်းပုံကို ကျနော်တို့က လက်မခံတဲ့အတွက် ဒီကနေ ပေါက်ဖွားလာမယ့် နိုင်ငံရေးပါတီများ ရပ်တည်ခွင့်တို့၊ ရွေးကောက်ပွဲကိစ္စတို့ ဘာတို့ ဒါတွေပါ ကျနော်တို့ လက်ခံလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့က တခုရှိတယ် လက်မခံဘူးဆိုပြီး မျက်စိမှိတ်ပြီး ငြိမ်နေတာမဟုတ်ဘူး။ ဆွေးနွေးကြဦးစို့။ ဘယ်လိုများလုပ်လို့ ရမလဲ။ ခင်ဗျားတို့အတိုင်းဆိုရင် လမ်းက ပိတ်နေတယ်။ ဒီလိုပိတ်သွားရင် နိုင်ငံရေးက တလမ်းသွားပဲ ဖြစ်တော့မယ်။ တဖက်ပိတ်ပဲ ဖြစ်တော့မယ်။ လမ်းထဲ ၀င်တဲ့လူပဲ ရှိတယ်။ ကျန်တဲ့လူတွေ အကုန်လုံးဟာ လမ်းပေါ်မှာ လေလွင့်နေရမယ့် သဘောမျိုး ဖြစ်နေတယ်။ ဒါမျိုး ကျနော် လက်မခံဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ တချို့ပုဂ္ဂိုလ်များက ပြီးသွားပြီ လမ်းပိတ်သွားပြီဆိုပြီး ပြောတယ်။

ကျနော်က အဲ့လို မထင်ဘူးဗျ။ တွေ့ဆုံဆွေးနွေးရေးက လုပ်ရမှာပဲ။ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်လို့ ကျနော် ယူဆတယ်။ တမျိုးတည်းပဲ တဖက်တည်းပဲကြည့်ရင်၊ အစိုးရလုပ်တဲ့ဟာလောက်ပဲကြည့်ရင်တော့ တွေ့ဆုံဆွေးနွေးရေး မလိုတော့ဘူးပေါ့။ ကျနော်တို့ဘက်က ကြည့်ရင်တော့ ကျနော်တို့မှာ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်။ အဲဒါကြောင့် ကျနော်က တွေ့ဆုံဆွေးနွေးရေးကို ပစ်ပယ်တာကို ကျနော်လက်မခံဘူး။

တွေ့ဆုံဆွေးနွေးလို့ကော ဘာထူးမှာလဲ။ အကုန်လုံး လမ်းတွေ ပိတ်နေပြီဆိုပြီး ဒါအစိုးရမျက်စိနဲ့ ကြည့်နေတာကိုးဗျ။ ဒီလမ်းကြီးကို ခင်ဗျားတို့ မပိတ်နဲ့ဦး စက်ကြီးတော့ နှိုးနေပြီဗျာ လမ်းပိတ်တဲ့ Road Block တွေ ချနေပြီဗျာ။ တုန်းတွေ ဘာတွေ ချနေပြီ။ အဲဒါကို ကျနော်တို့က ခင်ဗျားမချနဲ့ဦး၊ ဒီလမ်းကို ဒီလိုမလုပ်နဲ့ဦး၊ ဒီလမ်းကနေ သွားစရာတွေ ရှိတယ်လို့ ကျနော်တို့ ပြောနိုင်ရင် ဒါပြီးတာပဲ။ အဲဒါတွေ ချနေတဲ့ဟာကို ရှေ့ဆက်ခရီးသွားမယ့်ဟာကို မပြောပါနဲ့တော့ဗျာ ဆိုတဲ့ဟာမျိုး။ လမ်းတွေ ပိတ်နေတာနဲ့တင် ရှေ့ခရီးကို ကျနော်တို့က ဆက်ပြီးတော့ ဘယ်လိုခရီးသွားမယ်ဆိုတာ မပြောတော့ဘူးဆိုရင် ကျနော်တို့က မှားတာပေါ့ဗျ။ ကျနော်တို့ ခရီးသွားမယ့်ဟာကို ကျနော်တို့ ပြောမှာပဲ။ သွားစရာခရီး ရှိသေးတယ်။ သွားမယ့်ခရီးအတွက်ကို ကျနော်တို့မှာ လုပ်စရာကိုင်စရာတွေ အလုပ်တွေ အများကြီးရှိသေးတယ်။ ရည်မှန်းချက် ပန်းတိုင်းတွေ ကျနော်တို့မှာ အများကြီး ရှိသေးတယ်။ ဒါတွေအတွက် Road Block တွေမချပါနဲ့။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရမှာပေါ့။ တွေ့ဆုံဆွေးနွေးရေးက လုပ်ကို လုပ်ရဦးမယ်လို့ ကျနော်ယူဆပါတယ်။

မေး- လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအားလုံးကို ခြုံငုံသိရှိနိုင်အောင် ဆရာဦးဝင်းတင်အနေနဲ့ အချိန်ဘယ်လောက်ယူ လေ့လာပြီး ရှေ့ဆက်ဆောင်ရွက်သွားမှာပါလဲ။

ဖြေ- အဲဒါတော့ နိုင်ငံရေးကလည်း အလွန်ကျယ်ပြန့်တဲ့ အခြေအနေ၊ နိုင်ငံရေးက အလွန်ရှုပ်ထွေးနေတဲ့အခြေအနေ၊ နောက်တော့ ကျနော်တို့ ကိုယ်တိုင်ကလည်း လူတွေနဲ့ တွေ့ရဆုံရတာ မလွယ်ဘူး။ ကျနော်ကတော့ စကားပြောဖို့ဆိုဖို့ အမြဲတမ်း ကြိုးစားနေတာပဲ။ ကျနော်ကတော့ အဓိက လုပ်မယ့်အလုပ်က စုစည်းဖို့ပဲ။ လုပ်မယ့်အခါကတော့ ကျနော် နားထောင်မယ်၊ ကျနော် မှားတာတွေ ပြင်မယ် ကျန်တဲ့လူတွေ လုပ်နေတာ ကျနော် နားထောင်မယ်၊ လူတွေကိုတတ်နိုင်သမျှ မသင့်တင့်တဲ့လူ အလှမ်းကွာနေတဲ့လူ အဲဒါတွေ စုစည်းမယ်လို့ ကျနော် မှန်းထားတယ်။ အဲဒါတွေအတွက်ပဲ ကျနော်လုပ်သွားမယ်၊ အဲတော့ ဘယ်လောက်ကြာမယ် မကြာမယ်ဆိုတာတော့ အတိအကျတော့ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျယ်ပြန့်တဲ့ကိစ္စဖြစ်နေလို့ အလွန် ကျပ်တည်းကျဉ်းမြောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

မေး- သတင်းစာဆရာကြီးတယောက်အနေနဲ့ စာနယ်ဇင်းလောကကိုရော ပြန်ဝင်ဖို့အစီစဉ်ရှိပါသေးလား။ သတင်းစာတို့၊ ဂျာနယ်တို့ စသည်ဖြင့် ထုတ်ဖို့ အလားအလာပေါ့ ဘယ်လိုရှိပါသလဲ။

ဖြေ- အမှန်အတိုင်းပြောရရင် ကျနော့်လူပုဂ္ဂိုလ်အရ ပြောရရင်တော့ တော်တော်နည်းသွားပြီဗျ။ ဘာလို့လဲဆိုတော့ ဒီလိုအလုပ်မျိုးက လူငယ်များ လုပ်တဲ့အလုပ်ဗျ။ စိတ်ဓာတ်တက်ကြွပြီးတော့ လှုပ်ရှားနေတဲ့ဟာ။ အပင်ပန်းခံနိုင်မှဗျ။ ဥပမာ ကျနော်တို့ငယ်ငယ်က သတင်းစာလုပ်ခဲ့ဖူးတာ တနေ့ကို (၁၅) နာရီအထက် လုပ်ကြတာ။ ဆိုတော့ အခုဒါတွေမလုပ်နိုင်တော့ဘူး။ ဒါကတခု၊ နောက် ကျနော်တို့တွေက ခေတ်တွေဘာ တွေအများကြီးကွာနေပြီးတော့ နှစ်ပေါင်း (၂၀) လောက်ဝေးနေပြီဆိုတော့ ကျနော်လည်း အတော်နပါတယ် ခင်ဗျာ။ တွေးတာခေါ်တာ၊ သိတာမြင်တာ အချက်အလက်တွေဘာတွေ အများကြီး နသွားပြီဗျ။

ဒီလိုအချက်တွေတင် မကဘူး၊ စာနယ်ဇင်းလောကမှာ လုပ်တယ်ဆိုတာကလည်း ဗမာပြည်ကြီးဟာ ရှင်းရှင်းပြောရရင် တနည်းအားဖြင့် ထောင်ကျတုန်းပဲဗျ။ တပြည်လုံးက ထောင်ကျနေတုန်းပဲ။ ခင်ဗျားတို့နဲ့ ကျနော်တို့ တယ်လီဖုန်းနဲ့ တက်ကနော်လော်ဂျီအရသာ ဆက်သွယ်နိုင်တာကို သာမန်အားဖြင့်ဆို ခင်ဗျား ကျနော့်လာတွေ့လို့မရဘူး။ ကျနော်လည်း ခင်ဗျားဆီ လာတွေ့လို့မရဘူး။ ခင်ဗျားနဲ့ ကျနော်နဲ့ နယ်စပ်မှာဆုံရအောင် ဒါမှမဟုတ် မြို့ထဲကတနေရာမှာ ဆုံတွေ့ရအောင် လုပ်လို့ မရဘူး။ ဗမာပြည်ကြီးက ထောင်ကျနေတုန်းပဲ ရှိပါသေးတယ်။ ဗမာပြည်ကြီးက မျက်စိပိတ်နားပိတ် အကုန်လုံး ပိတ်ထားတုန်းပဲ ရှိပါသေးတယ်။ အဲတော့ ကျနော် သတင်းစာလောကထဲ ၀င်လုပ်မယ်ဆိုရင် စာပေစိစစ်ရေးတို့ဘာတို့က တခြားမပြောနဲ့ဗျာ ကျနော်အလုပ် လုပ်ဖို့လည်းမလွယ်ဘူး စာရေးဖို့လည်းမလွယ်ဘူး။

ကျနော့်နာမည်ကို လူတယောက်ကနေပြီးတော့ ကျနော့်နာမည်နဲ့ ပတ်သက်ပြီး သုံးခွင့်မရှိဘူး။ ဆရာဦးဝင်းတင် အကြောင်းဆို ဆရာဦးဝင်းတင်ရဲ့ နာမည်ကြီးတလုံး သုံးခွင့်မရှိဘူး အကုန်ဖျက်ပစ်တာဗျ။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်လို့တော့ လူငယ်တွေ လုပ်ကြပါ။ ကျနော်တို့တွေ အကြံပေးချင်တယ်။ ကျနော်တို့တွေ ၀ိုင်းဝန်းကူညီချင်တယ်။ လူငယ်တွေလုပ်တာကို အားပေးချင်တယ်။ လူငယ်တွေလုပ်တာကို ကျနော်တို့ ဖတ်ချင်တယ်။ ဒါပဲကျနော်တို့က မျှော်လင့်နိုင်မယ်။ ကျနော်ထင်တယ် ဒါတော့ လုပ်ဖို့ကတော့ မပြောနိုင်ဘူးပေါ့ဗျာ။ လုပ်ဖို့တာဝန် ကျလာလို့ လုပ်ရမယ်ဆိုတဲ့ဟာမျိုး ဆိုရင်တော့ လုပ်ရမှာပဲပေါ့ဗျာ။ လုပ်စရာ လိုတယ်ဆိုရင်၊ လုပ်ခွင့်ရှိတယ်ဆိုရင်တော့ လုပ်မှာပဲ သို့သော် အခြေအနေအရတော့ လူငယ်တွေကိုပဲ အားကိုးပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ ထောင်အတွင်း အနှစ် (၂၀) အတွေ့အကြုံကို တခွန်းတည်း ပြောပါဆိုရင် ဆရာ ဘယ်လို ပြောမလဲခင်ဗျ။

ဖြေ- တခွန်းတည်း ပြောရမယ် ဆိုရင်တော့ ကျနော် ငရဲက လွတ်လာတယ်လို့ပဲ ပြောချင်တယ်။ အတိုင်းအတာ တခုအထိ ငရဲပဲ။ ကျနော် ငရဲဘာလို့ ပြောလဲဆိုရင် ကျနော့်ကို နောက်ထပ်သက်သေခံမယ့် လူတွေ၊ နောက်ထပ် မင်းကိုနိုင်တို့ ထပ်ထွက်လာ၊ ဇာဂနာတို့ ထွက်လာ၊ နောက်ထပ်ကျန်တဲ့လူတွေ ထွက်လာရင် ထပ်မေးကြည့်ပါ ဒီလူတွေလည်း ဒီအတိုင်းပြောမှာပဲ။ မစ္စတာပီညဲရိုးတို့ ဘာတို့ အပါအ၀င် ၀ိုင်းဝန်းကြိုးပမ်းတဲ့အတွက် ထမင်းလေးတော့ ၀အောင်စားရတယ်တို့၊ ဘာတို့ ရှိသော်ငြားလည်း သူတို့က ပိတ်ထားလှောင်ထား၊ မျက်စိပိတ်ထား နားပိတ်ထား၊ အဆက်သွယ် မလုပ်ရ ဘာမလုပ်ရ ကျနော်ဆိုရင် နှစ်ပေါင်း (၂၀)က ပိတ်ထားရုံတင်မကဘူး ဘယ်သူနဲ့မှ တွေ့ရတာမဟုတ်ဘူး သီးခြားနေရာမှာ ဖြစ်နေတယ်။

ကျနော်ဆိုရင် ကျနော့်အထဲမှာဆိုရင် ကျနော်တို့နဲ့ မဆိုင်တဲ့ ကျနော်တို့နဲ့ ဘာမှ နိုင်ငံရေးအားဖြင့် ဘာမှ အဆက်အစပ်မရှိဘူးဆိုတဲ့ လူတွေနဲ့ ရောထားတာ။ ဒီလူတွေနဲ့ ရန်မဖြစ်အောင်။ စိတ်ထဲမှာ တယောက်နဲ့တယောက် မနာကြည်းအောင် တယောက်နဲ့ တယောက် အခြေအတင် မဖြစ်အောင် မနည်းလုပ်ယူရတာ။ အဲဒါကြောင့် တခွန်းတည်းပြောရရင် ဒါငရဲပဲဗျ။

Written by Lwin Aung Soe

January 29, 2009 at 1:41 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: