Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု

with one comment

ဧရာဝတီ

အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု

ရုတ်တရက် မျက်စိများ အလွန်ကျိန်းစပ်သွား၍ ချင်းမိုင်တုန်းက လေထု ညစ်ညမ်းသဖြင့် မချွတ်တမ်း တပ်ထားရသည့် နှာခေါင်းစည်းကို ဖြုတ်ကာ နေကာမျက်မှန် ကမန်းကတန်း ထုတ်တပ်လိုက်ရသည်။ ဦးရုက္ခစိုး တယောက် ညဘက်ကြီး နေပြည်တော် ရောက်နေခြင်း ဖြစ်၏။ သူအရင်ဆုံး တွေ့လိုက်သည်က ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကွိုင်ကွိုင် (အမေကွိုင်) ဖြစ်သည် … ။

အမေကွိုင်။     ။ ဟော ဦးရုက္ခစိုးပါလား။ ညဘက်ကြီး ဘာလို့ မိုးအုံ့မျက်မှန်ကြီး တပ်ထားရတာလဲဟင်။

ဦးရုက္ခစိုး။     ။ မြန်မာပြည်ကို ဖြတ်လာတော့ တလမ်းလုံး မှောင်မည်းနေတာ နေပြည်တော်လည်း ရောက်ရော ရုတ်တရက် ထိန်လင်းသွားလို့ မျက်စိအသား မကျတာနဲ့ နေကာမျက်မှန် တပ်လိုက်ရတာပါ။

ပြောပြောဆိုဆို ဦးရုက္ခစိုးက နေကာမျက်မှန်ကို ချွတ်၍ ဘေးကတိုင်တွင် လှမ်းချိတ်လိုက်ရာ တိုင်မဟုတ်ဘဲ အသင့်အနေအထား ကိုင်ထားသည့် စစ်သားတယောက်၏ သေနတ် ဖြစ်နေသောကြောင့် လန့်ပြီး ထခုန် လိုက်သည်။

ရုက္ခစိုး။     ။ ကလူ .. ကလူ .. လန့်လိုက်တာဗျာ။ ခင်ဗျားတို့ နေပြည်တော်ကလည်း စိမ်းစိမ်း စိမ်းစိမ်း တွေချည်းပါပဲလား အမေမော်တော် .. အဲအဲ မှားလို့ အမေကွိုင်ကွိုင်ရဲ့။

ဦးရုက္ခစိုးကမေးစဉ် ဒေါ်ကွိုင်ကွိုင်မှာ နတ်တပါးပါး ဝင်ပူးသွားပုံရ၏။ ခေါင်းကိုခါ လက်ကို ဆန့်၍ မျက်လုံးကို မှိတ်ရင်း ဖြေလေတော့သည်။

အမေကွိုင်။     ။ ဟေ့ အမေတို့က ကြောက်လို့ဟေ့ .. အဲလေ၊ ထီးတင်ပွဲမှာ အဖျက်သမားတွေ နှောင့်ယှက်မှာ စိုးလို့ကွဲ့နော် .. ဘာမှတ်နေလည်း။ အမေတို့ မိသားစုကို ပြည်သူလူထုက အရမ်းချစ်တာကွဲ့ .. ကိုယ့်ဘက်က လုံအောင် တတောလုံးစိမ်းလုပ်ထားတာ ဟေ့နော်။ (ထို့နောက် တချက်သမ်းကာ နတ်ပြန်ထွက်သွားသည်)

ပွဲဈေးတန်းဖြစ်သောကြောင့် ဈေးခေါ်သံ၊ လူသံများ ဆူညံနေသည်။ ပူဖောင်းသည်ထံမှ “ကွီ .. ဂေါ်” ဟူသည့် အသံက ဆက်တိုက်ထွက်နေသည်။ ထိုစဉ် “ပြောင်းဘူး (ဖူး) .. ပြောင်းဘူး ………….. ပြုတ်” ဆိုသော အသံ ထွက်လာသဖြင့် ဒေါ်ကွိုင်ကွိုင့်ခေါင်းမှ ဆံပင်များ ထောင်သွားသည် (မှတ်ချက်။     ။ ဦးရုက္ခစိုး တဦးသာ နတ် ဖြစ်သောကြောင့် မြင်လိုက်ခြင်းဖြစ်၏)

အမေကွိုင်။     ။ ဟေ့ လုံခြုံရေးတယောက် ဟိုပြောင်းဖူးပြုတ်သည်ကို နားရင်း သွားအုပ်စမ်း။ ရှေ့က “ပြောင်းဘူး” ဆိုတာပဲအော် .. နောက်က “ပြုတ်” ဆိုတဲ့အသံမကြားချင်ဘူးလို့ ပြောလိုက်။

ဒေါ်ကွိုင်ကွိုင်က အမိန့်ပေးလိုက်ရာ လုံခြုံရေးတပ်သားတယောက် အပြေးထွက်သွားပြီး ပြောင်းဖူးသည်ကို နားရင်း သွားအုပ်သည်။ ဦးရုက္ခစိုးလည်း နည်းနည်းလန့်သွားသဖြင့် စကားလွှဲလိုက်သည်။

ရုက္ခစိုး။     ။ ဟား နေကာမျက်မှန် ပြန်တပ်ထားမှ ဖြစ်မယ်ထင်တယ်ဗျို့။ နေပြည်တော်ကလည်း လင်းလိုက်တာဗျာ။ လူဖြင့် မရှိဘဲနဲ့။ ကျန်တဲ့မြို့ရွာတွေကျ မှောင်မည်းနေတာပဲ။ ဘာမှ မလုပ်ပေးဘူးလား။

အမေကွိုင်။     ။ နေပြည်တော်ကလား .. လပေါ်ကကြည့်ရင်တောင် မီးတထိန်ထိန်နဲ့ တွေ့ရအောင် လုပ်ထား တာလေ။ လူတွေကလည်း ခက်ပါတယ်။ မှောင်တယ်၊ မှောင်တယ် ထိုင်ညည်းနေကြတယ်။ မှောင်ရင် မီးစက်နဲ့ မီးထွန်းပေါ့။ ဒါလေးတောင် အတွေးအခေါ် မရှိဘူး။ နေရာတကာ လိုက်လုပ်ပေးနေရမှာလား။ ရွှေရွှေက အားတာမဟုတ်ဘူးရှင့် သိရဲ့လား။

ထိုစဉ် ကလေးတသိုက် ပြေးလာပြီး ဦးရုက္ခစိုးကို ဝင်တိုးသွားကြသဖြင့် ဦးရုက္ခစိုးယိုင်သွားသည်။

ရုက္ခစိုး။     ။ ဆိုးလိုက်တဲ့ ကလေးတွေဗျာ .. ။ ဘယ်မိမဆုံးမ၊ ဖမဆုံးမလေးတွေလည်း မသိဘူး နော်။ လူကြီးကို လူကြီးမှန်းမသိဘူး ဝင်တိုက်သွားတယ် တောက်။

အမေကွိုင်။     ။ ဒီမယ် ဦးရုက္ခစိုး (နှုတ်ခမ်းကိုထော်၍) စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ။ အဲဒါ ကျမမြေးတော်လေးတွေရှင့်။ ဘုရား ထီးတင်ရင် ကြိုးဝိုင်းဆွဲပေးဖို့ မနည်းချော့ခေါ်ထားရတာ။ သူတို့က လိုက်ချင်တာ မဟုတ်ဘူး။ တထောင်တန်တွေ ကျဲရင် နင်တို့ဘက်ကိုပဲ သေချာကျဲပါ့မယ်လို့ ပြောမှ လိုက်လာတာ။ သိရဲ့လား။

ဒေါ်ကွိုင်ကွိုင် စိတ်ဆိုးသွားသောကြောင့် ဦးရုက္ခစိုး မျက်နှာချိုပြန်သွေးလိုက်သည်။

ရုက္ခစိုး။     ။ ဒါနဲ့ ရွှေရွှေ .. အဲလေ ယောင်လို့ ချိုကုပ်ဒူးကြီး .. ဟာ .. မှားကုန်ပါပြီ။ ဗိုလ်ချုပ်မှူးကြီး ဘယ်သွားလဲဗျ။ မတွေ့ပါလား။

အမေကွိုင်။     ။ မြေမြိုခံရမှာ ကြောက်လို့ ပုန်းနေ … အဲ … ဟိုဒင်းလုပ်နေတယ်။ မနက် ထီးတင်မှာ ဆိုတော့လေ .. အအား မနေနဲ့ဆိုပြီး တရားထိုင်ခိုင်းထားတယ်။

ရုက္ခစိုး။     ။ ကြည့်ရတာ အမေကွိုင်ရဲ့ အစီအမံတွေချည်းပဲ ထင်ပါရဲ့နော်။

အမေကွိုင်။     ။ ဒါပေါ့ရှင့် မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတာ မကြားဖူးဘူးလား။

ရုက္ခစိုး။     ။ ဟင် တမျိုးပါလား .. အမေကွိုင်က ပျက်အောင် ဖျက်နေတာလား။

အမေကွိုင်။     ။ ဒါကတော့ တင်စားပြီး ပြောတာပေါ့ရှင့်။ ခုတောင် ကျမရဲ့ အစီအမံတွေ၊ ယတြာတွေကြောင့် ဒီ ဘုရားကြီး တည်ဖြစ်တာ။ နည်းတဲ့ကုသိုလ်တွေ ရမှာ မဟုတ်ဘူး။

ပြောရင်း အားရလာသဖြင့် ဒေါ်ကွိုင်ကွိုင်က လက်နှစ်ဘက်ကို ဘေးသို့ဆန့်ကားလိုက်ရာ လုံခြုံရေး ယူထားသော စစ်သားနှစ်ယောက်မှာ အမြန် ငုံ့ရှောင်လိုက်ရသည်။

ရုက္ခစိုး။     ။ ဘုရားမတည်လည်း ကုသိုလ်က တခြားနည်းနဲ့ ယူလို့ရတယ် မဟုတ်ဘူးလား။ ဥပမာဗျာ ပြည်သူ တွေ စိတ်ချမ်းသာဖို့ လျှပ်စစ်မီးမှန်မှန်ပေးတာမျိုး၊ ရေရအောင် လုပ်ပေးတာမျိုး .. မျိုး .. မျိုး ..

အမေကွိုင်။     ။ ကွိုင့် ကို စာလာချနေပြန်ပြီ .. ။ ဒါတွေ လုပ်ပေးရင် ကုသိုလ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဗေဒင်ကိန်းခန်း အလိုအရ ရွှေရွှေက ဘုရင် ဇာတာ ပါလာတယ်ဆိုလို့ ကုသိုလ်ရရုံ တင်မဟုတ်ဘူး ကျန်တာ တွေပါ ရအောင် လုပ်ရဦးမှာ။

ရုက္ခစိုး။     ။ ဘာတွေများပါလိမ့်။

အမေကွိုင်။     ။ ရှေးဘုရင်တွေလို ဖုန်း (ဘုန်း)၊ နှလုံး၊ လက်ရုံး ပြည့်စုံအောင် လုပ်ရမှာ။ သူ့မှာက အဲဒီ ၃ ခုလုံး မရှိရှာဘူးလေ။ သနားစရာကောင်းတဲ့ ရွှေရွှေလေးပါရှင် .. ။

ဒေါ်ကွိုင်ကွိုင်မှာ စကားပြောရင်းက မျက်ရည်များစီးကျလာရာ ဘေးမှာရှိသည့် စစ်သားတယောက်က အလျှင်အမြန် ခွက်ဖြင့်ခံပေးလိုက်ရသည်။ မပြီးသေး .. ဒေါ်ကွိုင်ကွိုင်က နှပ်ပါညှစ်ပြီး စစ်သားတယောက်၏ ယူနီဖောင်းဖြင့် သုတ်လိုက်သေးသည်။

အမေကွိုင်။     ။ ပြောရရင် .. သူ ဘုရင်ဖြစ်မှ ကွိုင်က မိဘုရားခေါင်ကြီးဖြစ်မှာဆိုတော့ တတ်စွမ်းသမျှ လုပ်ရတာ ပေါ့လေ။ ခုဏက ပြောတဲ့ ၃ ခုလုံး မရှိတော့ ဘိုးတော်ကပြောတယ်၊ ဖုန်းတခုရှိရင် ကျန်တဲ့ ၂ ခု အလိုလို ရှိလာမယ်တဲ့ .. ။ အဲဒါ ဖုန်းရှိအောင် ဘုရားတည်ရမယ်ဆိုလို့ တည်လိုက်တာပါပဲ။

ထိုစဉ် ဒေါ်ကွိုင်ကွိုင်၏ အကြီးဆုံးမြေး ဖိုးလောက်လန်းဘေးသို့ ရောက်လာပြီး ဆောင့်ကြီးအောင့်ကြီး ဝင်ပြောသည်။

ဖိုးလောက်လန်း။     ။ အဲဒါပြောတာပေါ့။ အဘွားတို့ကခက်တာပဲ။ ဖုန်းရှိအောင် ဒီဘုရားကြီးများ တည်နေရသေး တယ်။ ဘယ်နှလုံးလိုချင်လဲ သားဝယ်ပေးပါမယ်ဆို။ အိုင်ဖုန်းယူမလား၊ ဘလူးဘယ်ရီ ယူမလား။ ဖုန်းနှစ်လုံး ရဖို့ တာဝန်ယူတယ်။ အဘွား ခုဏပြောတဲ့ လရုန်းဆိုတာကြီးတော့ မသိဘူး။

အမေကွိုင်။     ။ သားပြောတာတွေက သားအဘိုးက မသုံးတတ်ဘူးလေသားရဲ့။ သူက ကိုရီးယားကားနဲ့ တရုတ်ကားတွေပဲကြည့်ကြည့်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထမ်းဆောင်နေရတာ။ ဒီတော့ သူလုပ်တတ်တာပဲ လုပ်ပါစေ .. ။ ဟုတ်လား။ ညစ်တီးညစ်ပတ်တွေ မပြောနဲ့။ ကဲကဲ လိမ်မာတယ်၊ လူကြီးတွေစကားဝိုင်းထဲ ဝင်မပါနဲ့နော်။ ဒီကပြန်ရင် သားလိုချင်တဲ့ နိုက်ကလပ် တခု သားအဘိုးကို ထောင်ပေးခိုင်းမယ်။

ဖိုးလောက်လန့်း။     ။ ဟို မော်ဒယ်မလေးပါ ဝယ်ပေး .. ။

အမေကွိုင်။     ။ စိတ်ချ၊ စိတ်ချ ဝယ်ပေးမယ်။

ဒေါ်ကွိုင်ကွိုင်က အချိုသပ်လိုက်သဖြင့် ဖိုးလောက်လန်း ကျေနပ်ကာ “ရို့ .. ရို့” ဟုအော်၍ ကောက်ကွေးကာ ကရင်း ထွက်သွားသည်။

ဦးရုက္ခစိုး။     ။ ပွဲခင်းကြီးက ဟီးနေပေမယ့် .. လူတွေလည်း သိပ်မတွေ့ရဘူးနော်။

အမေကွိုင်။     ။ မပူနဲ့၊ မပူနဲ့ .. ဝန်ထမ်းတွေအားလုံးကို မလာမနေရ ဆိုပြီး သေနတ်နဲ့ချိန်၊ အမိန့်ထုတ် ထားပြီးသား။  လာကြလိမ့်မယ်။ ထီးတင်ပွဲမှာ ကြဲဖို့ တထောင်တန်တွေတောင် အသစ်ထပ်ရိုက်ထားတာလေ။ ကုသိုလ်က များလေကောင်းလေပဲ ဦးရုက္ခစိုးရဲ့။ ရွှေရွှေ့ အကုသိုလ်တွေက နည်းတာမှ မဟုတ်တာ။ အဲဒါတွေကို ပြန်ချေရမှာ။

ထိုစဉ် “ဝေါ .. ဝေါ … ဝုန်း” ဆိုသည့် အသံကြီးတသံ ပွဲခင်းထဲမှ ထွက်ပေါ်လာသည်။

အမေကွိုင်။     ။ ဟာ တော်လဲသံ .. တော်လဲသံ .. အထက်ဗြဟ္မာကနေ .. အောက်အဝီစိအထိ ဘုရားတည် တာကို ကောင်းချီးပေးတာ ကြားလား ဦးရုက္ခစိုးရေ .. တော်လဲတယ်ဆိုတော့ ကျုပ်မလဲတော့ဘူးပေါ့။

ဒေါ်ကွိုင်ကွိုင်၏ စကားကြောင့် ဦးရုက္ခစိုးကျွဲမြီးတိုသွားသည်။

ရုက္ခစိုး။     ။ ဘာဗျ .. ခင်ဗျားသာ ခြေမခိုင်ဘဲ လဲမှာ ကျုပ်က အလန်းကြီးရှိသေးတယ်။ လန်ထွက်နေတာနော်။

လုံခြုံရေးတဦး။     ။ အမေကွိုင် .. အမေကွိုင် .. ပွဲခင်းထဲမှာ ရဟတ်ကြီးပြိုကျတာ .. လူတွေအများကြီး သေကုန် ပြီတဲ့။

အမေကွိုင်။     ။ ဟယ်ဟုတ်လား ဝမ်းသာလိုက်တာ .. ကျိန်းကျေပြီတော့ ဦးရုက္ခစိုးရေ ..။ ရဟတ်ပြိုကျတော့ ရွှေရွှေမပြိုတော့ဘူး .. လူတွေသေတယ် ဆိုတော့ ရွှေရွှေမသေတော့ဘူး။

ပြောရင်းဆိုရင်း ဒေါ်ကွိုင်ကွိုင်က ကွေးနေအောင် ထကသည်။ ဦးရုက္ခစိုးကလည်း သူ့ထုံးစံအတိုင်း ပြောချင်ရာ ပြော၍ မေးချင်ရာ ဆက်မေးသည်။ သူက သတင်းထောက်တာဝန်လည်း ယူခဲ့ရသည်ကိုး၊ စပ်စုရသည်ပေါ့။

ဦးရုက္ခစိုး။     ။ ဒေါ်ကွိုင်ကွိုင်ကိုပဲ မေးရဦးမယ်။ ၂၀၁၀ ရွေးကောက်ပွဲက လုပ်ဦးမှာလားဗျ။

အမေကွိုင်။     ။ (ကနေရင်းမှ) သြော် လုပ်မှာပေါ့ ဦးရုက္ခစိုးရယ်။ ဘိုးတော်က ဘယ်အချိန် ဘာလုပ်ရမယ် အတိအကျ အခါပေးပြီးသား။ ဆယ့်တမီးငြိမ်းအောင်၊ ကိုး နဝင်းကျေအောင်၊ နှစ်ဆယ့်တပေါက်၊ ဘူကြီး၊ ပိုကာ၊ ရှမ်းကိုးမီး .. သြော် ယောင်ကုန်ပါပြီ .. ယတြာတွေ အသေအချာဆင်ထားတာ ပြောပါတယ်။ ကဲကဲ ရှင်နဲ့ လေပန်း ရတာ သိပ် အချိန်ကုန်တာပဲ။ ဟော ဘိုးတော်ပြောထားတဲ့အချိန် ရောက်တော့မယ် လုပ်ကြဟေ့ လုပ်ကြ။

ပြောပြောဆိုဆို ဒေါ်ကွိုင်ကွိုင်က ဝရုန်းသုံးကား ထလုပ်သောကြောင့် အနားက လုံခြုံရေးတပ်သားများလည်း နေရာယူ၊ အသင့်ပြင်၊ မောင်းတင်တွေ လုပ်ကုန်သည်။ ဦးရုက္ခစိုးက ကြောက်ကြောက်ဖြင့် မြေကြီးတွင် ပြားပြားဝပ်လိုက် သည်။

အမေကွိုင်။     ။ ကဲကဲ သမီးတွေ၊ သားမက်တွေ၊ မြေးတွေ လာကြ။ ဖိုးလောက်လန်းတို့၊ စပ်စလူးမ၊ မဲမဲစိန်တို့ အမြန်လာ။ ရွှေရွှေကော ရွှေရွှေ မြန်မြန်လာ ဒီဂျိုးကို အဲလေ .. ယောင်လို့ ဒီကြိုးကိုကိုင်ကြ။ ပြီးရင် ရွှေရွှေက ဘိုးတော် အော်ခိုင်းတဲ့အတိုင်း အော်တော့။ ယတြာချေမယ်။

စိန်ဖူးတော်တင်သည့် ပန်းရထားအထက်တက်ရန် ကြိုးဝိုင်းဆွဲကြသည်။ ပြီးနောက် ဗိုလ်ချုပ်မှူးကြီးက ကုန်း၍ အော်လိုက်သည်။

မှူးကြီး။     ။ ဆွဲဆရာရေ့ …. ။ ရောက်ချင်ရာရောက် .. ။ အဝီစိပဲ ရောက်ရောက် … ငရဲကြီး ရှစ်ထပ်ပဲ ရောက်ရောက် ဆွဲ .. ဆွဲ .. ဆွဲ ..။

စပယ်ယာသံအပြည့်ဖြင့် အော်လိုက်သည့် ဗိုလ်ချုပ်မှူးကြီးအသံအဆုံးတွင် မိသားတစုလုံး ကြိုးကို ဝိုင်းဆွဲလိုက်ရာ တဦးပေါ်တဦးဆင့်၍ ဖင်ထိုင်လျှက်လဲကျသွားလေတော့သည်။

ဆိုင်းသံ။     ။ တုတ်တုတ်တုတ် ဗြင်း .. တုတ်တုတ်တုတ် … တုတ်တုတ်တုတ် ဗြင်း .. ဗြင်း …

မှတ်ချက်။     ။ ဦးရုက္ခစိုး၏ ဓာတ်ပုံ အတတ်ပညာ ညံ့ဖျင်းမှုကြောင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့ လဲကျသည့်ပုံများ မရလိုက်ပါသဖြင့် ထိုပုံများ မဖော်ပြနိုင်ခြင်းကို သည်းခံကြပါကုန်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=819:2009-03-11-09-05-25&catid=6:cmnat&Itemid=20

Written by Lwin Aung Soe

March 15, 2009 at 3:46 pm

One Response

Subscribe to comments with RSS.

  1. Oh,

    That story is really really good.

    nander

    nandar

    September 8, 2009 at 3:57 pm


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: