Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

စစ်အစိုးရကို နိုင်ငံတကာ တရားရုံးသို့ လွှဲအပ်ဖို့ ရှေ့နေများ ကောင်စီ တောင်းဆို

leave a comment »

RFA (Burmese)
2008-05-29

မနက်ဖြန် မေလ (၃၀)ရက်နေ့မှာ ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်ပွားခဲ့တာ (၅)နှစ်ပြည့်ခဲ့ပါပြီ။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ဒီပဲယင်းလုပ်ကြံမှု (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထူးထုတ်ပြန်ချက်တစောင် မေလ ၂၉ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

(Courtesy of Artist Min Kyaw Khine)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို နယူးယောက်မြို့ အခြေစိုက် ပန်းချီ မင်းကျော်ခိုင်က ရေးဆွဲ ဂုဏ်ပြုထားခြင်း ဖြစ်သည်။ (Courtesy of Artist Min Kyaw Khine)

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြစ်မှုကြီးတွေအပေါ် အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကိုလွှဲအပ်ပေးဖို့ အဲဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး မုန်တိုင်းဘေးဒုက္ခသည်တွေ အရေးအတွက် ဆောင်ရွက်ခဲ့တာ၊ ဒီပဲယင်းလုပ်ကြံမှုကြီးနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းနည်းစကားပြောတာ၊ လွတ်မြောက်အောင် လုပ်မယ်လို့ ကတိစကား ပြောကြားခဲ့တာတွေအတွက် ကျေးဇူးတင်ရမှာဖြစ်ပေမဲ့ မြန်မာ့အခြေအနေဟာ ဒီမျှလောက်နဲ့ မလုံလောက်တော့ဘူးလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ထုတ်ပြန်ကြေညာချက်မှာ အစချီထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဥပဒေပါ ပြဌာန်းချက်ကို အတိအကျ ချိုးဖောက်နေတာ ဖြစ်တဲ့အတွက် ဒီအမှုကို အရေးယူ ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နိုင်ငံတကာတရားရုံးကို လွှဲပြောင်းပေးနိုင်တဲ့ အခွင့်အာဏာရှိတဲ့အပြင် လွှဲပြောင်းပေးဖို့ တာဝန်လည်းရှိတဲ့အတွက် လွှဲပြောင်းပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက အခုလိုပြောပါတယ်။

ဦးအောင်ထူး။   ။ “ဒီပဲယင်းနဲ့ ဆက်စပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ ကိစ္စဟာ ပြည်တွင်း ဥပဒေထဲက ဘယ်ဥပဒေနဲ့မှ အကျုံးမဝင်ဘူး။ ဒါကြောင့် ၅နှစ်ကျော် ဆက်ဖမ်းတဲ့ကိစ္စ ကုစားဖို့အတွက် ပြည်တွင်းမှာ ရှိတဲ့ ဥပဒေတွေနဲ့ လုံးဝ အရေးယူ ဆောင်ရွက်လို့ မရတော့ဘူး။ ဒါကြောင့် နိုင်ငံတကာ ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်လာတယ်။ အဲဒီလို စဉ်းစားတဲ့အခါကျတော့ လက်ရှိတည်ဆဲ ဥပဒေဖြစ်တဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးဥပဒေ ပုဒ်မ (၇) လူသားအဖြစ် အသက်ရှင်သန်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုရဲ့ ပုဒ်မခွဲ (e) မှာ အဓိက ပြဋ္ဌာန်းထားချက်ပါတယ်။ အဲဒီ ပြဋ္ဌာန်းထားချက်က ဘာလဲဆိုတော့ ‘ထောင်သွင်းအကျဉ်းချ ဖမ်းဆီးခြင်း၊ လူတယောက် ရပိုင်ခွင့်ရှိတဲ့ အခြေခံ လွတ်လပ်မှုတွေကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ အကျုံးဝင်တယ်။”

“ဒါကြောင့်မို့ ဒီနေ့ အချိန်ကာလမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ မတရားမှုတွေ ပျောက်ဆုံးသွားဖို့ဆိုရင် ခုချိန်မှာ နိုင်ငံတကာ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ နည်းလမ်းကလွဲရင် အခြားနည်းလမ်း မရှိတော့ဘူး။”

၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး စတင်ပေါ်ပေါက်ခဲ့ပြီး နောက်တနှစ်အကြာ ၂၀၀၃ ခုနှစ် မှာ ဒီပဲယင်းလုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကိုကျူးလွန်ခဲ့တဲ့ တာဝန်ရှိ အာဏာပိုင်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ပါဘူး။ ဒီလို အရေးမယူနိုင်တာဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အရေးယူရေးကို တညီတညွတ်တည်း မတောင်းဆိုနိုင်ခဲ့တာ၊ လွတ်လပ်တဲ့ ပြည်တွင်း တရားစီရင်ရေးစနစ်မရှိတာ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးဥပဒေကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးမထားတာတွေ ကြောင့်ဖြစ်တယ်၊ အဲဒါကြောင့် ပြစ်မှု ကျူးလွန်သူတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သံဃာတော်တွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့အထိ လက်ရဲဇက်ရဲ ပိုဖြစ်လာကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးတွေ အပေါ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးအနေနဲ့ အရေးယူဆောင်ရွက်နိုင်တဲ့ အလားအလာတွေ ပိုတွေ့လာနေရပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဆူဒန်နိုင်ငံဟာ နိုင်ငံတကာတရားရုံး ဥပဒေကို လက်မှတ် ထိုးမထားပေမဲ့ လုံခြုံရေးကောင်စီက လွှဲအပ်ခဲ့တဲ့အတွက် ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော် ပြစ်မှုကြီးတွေကို နိုင်ငံတကာတရားရုံးက ၂၀၀၅ ခုနှစ်ကစပြီး အရေးယူ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက မှုခင်းတွေကိုလည်း အခုလို ဆောင်ရွက်သင့်တဲ့ အကြောင်း သြစတြေးလျနိုင်ငံရဲ့ လေဘာပါတီက ၂၀၀၇ ခုနှစ် မေလက တိုက်တွန်းခဲ့ပြီး ဥရောပသမဂ္ဂ ပါလီမန် ကလည်း ၂၀၀၈ ခုနှစ် မေလမှာ အလားတူတိုက်တွန်းခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့အမှုဟာ ပြည်တွင်းဥပဒေအရ သုံးသပ်ရုံနဲ့ မလုံလောက်တော့ပဲ နိုင်ငံတကာ ဥပဒေအရ သုံးသပ်အရေးယူဖို့သာ ရှိတော့တယ်လို့ ဦးအောင်ထူးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အဲဒီလို လွှတ် ၊ ဖမ်း သံသရာကြီး အပြီးအပိုင်အဆုံးသတ်သွားဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့အတွက် နအဖ အာဏာပိုင်တွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးက အရေးယူ ဆောင်ရွက်တဲ့အဆင့်ထိ ရောက်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာနိုင်ငံရှေ့နေများကောင်စီက မေတ္တာရပ်ခံလိုက်ပါတယ်။

http://www.rfa.org/burmese/news/lawyers_council_demands_international_trial-05292008155551.html

Written by Lwin Aung Soe

May 30, 2008 at 3:38 pm

Posted in Uncategorized

Tagged with ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: