Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် …

leave a comment »

ဧရာဝတီ

ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် …

Wednesday, 04 February 2009 15:37

ရန်ကုန်သားတာတေ

..

ဖုန်း … ခွပ် …  အင့် …။ ဟာ … ဟာ … ရိုက်ကုန်ပြီ၊ ရိုက်ကုန်ပြီ …။ တော်ကြပါတော့ …  တော်ကြပါတော့ …။ ဝုန်း … ဒိုင်း … အုန်း … ဂွမ်း …။

ဥရောပ နိုင်ငံတခုတွင် ပြုလုပ်သော မြန်မာ့ နိုင်ငံရေး သမားတို့၏ ညီလာခံမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။ ညီလာခံတက်သူ တချို့ ဆွေးနွေး ငြင်းခုန်စဉ် ရုတ်တရက် အငြိုးတကြီး လုံးထွေး သတ်ပုတ်ကြလေသည်။

ကွမ်းတရာညက်ခန့် အကြာတွင် ရန်ပွဲ ရပ်စဲသွားသည်။ ဆေးရုံကား ရောက်လာပြီး ဒဏ်ရာရသူများကို ခေါ်ထုတ်သွားသည်။ အခြေအနေများ ပုံမှန် ပြန်ဖြစ်သွားသည်။ ရုက္ခစိုးလည်း ထိုအခါမှ သက်ပြင်း ချနိုင်လေသည်။ လေ့လာသူအဖြစ် ညီလာခံတက်နေသူ ရုက္ခစိုးက “ငါ ဒီကိုလာမိတာ မှားပြီထင်တယ်” ဟု တွေးမိသည်။

ဘေးတွင် ထိုင်နေသူ ဒေါက်တာဝိန်စင်းက အထိတ်တလန့် ဖြစ်နေသည့် ရုက္ခစိုးကြီးကို နှစ်သိမ့်စကား ပြောသည်။

ဒေါက်တာဝိန်စင်း။     ။ မကြောက်ပါနဲ့ ဦးရုက္ခစိုးကြီးရယ် … ။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ တော်တော် လန့်သွားသလား။

ရုက္ခစိုး။     ။ လန့်တာပေါ့။  ညီလာခံလုပ်တယ် ဆိုတော့ လူကြီးလူကောင်းဆန်ဆန် ပြုမူ ဆက်ဆံ ပြောဆိုကြမယ် ထင်ထားတာ။

ဒေါက်တာဝိန်စင်း။     ။ လူကြီးလူကောင်းတွေပါဗျာ။ ကျနော်တို့ လူကြီးလူကောင်းတွေလည်း ဒေါသထွက်ခွင့် ရှိတာပေါ့ မဟုတ်ဘူးလား။

ရုက္ခစိုး။     ။ ဟုတ်ပါတယ် … ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလူတွေ တကယ့် လွှတ်တော်ထဲရောက်ရင် ဘယ်လိုလုပ်မလဲ။ အင်း … သေချာစဉ်းစားကြည့်တော့လည်း ဗိုလ်ချုပ်မှူးကြီးက အမြော်အမြင် ကြီးပါပေတယ်လို့ပဲ ပြောရတော့မှာပဲ။

ရုက္ခစိုး၏စကားကြောင့် ဒေါက်တာဝိန်စင်း မျက်နှာ မဲ့သွားသည်။

ဒေါက်တာဝိန်စင်း။     ။ ဦးရုက္ခစိုး ဘာကို ဆိုလိုတာလဲ။

ရုက္ခစိုး။     ။ ဗိုလ်ချုပ်မှူးကြီးရဲ့ အခြေခံဥပဒေထဲမှာ ရေးထားတယ်လေဗျာ၊ ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ဗိုလ်တမတ်သား ဆိုတဲ့ကိစ္စ။ လွှတ်တော်ထဲမှာ စစ်သား လေးပုံ တပုံ ဝင်ထိုင်ရမယ် ဆိုပြီး သတ်မှတ်ထားတယ်လေ၊ မှတ်မိပြီလား။

ဒေါက်တာဝိန်စင်း။     ။ မှတ်မိပါတယ်၊ ဒါပေမယ့် ကျနော် နားမလည်သေးဘူး၊ ဗိုလ်ချုပ်မှူးကြီးက ဘာတွေ အမြော်အမြင် ကြီးတာလဲ။

ရုက္ခစိုး။     ။ လွှတ်တော်ထဲမှာ စောစောက ဖြစ်သလိုမျိုး ရိုက်ကြ နှက်ကြမယ်ဆိုရင် စစ်သားတွေက ဝင်ပြီး ထိန်းသိမ်းလို့ ရမယ်လေဗျာ။ ဒါကို ပြောတာပါ။

ဒေါက်တာဝိန်စင်း ရှက်ပြုံး ပြုံးလိုက်သည်။ ထိုအခိုက် ဒေါက်တာဝိန်စင်းအနားသို့ လူတယောက် ရောက်လာသည်။ သူ၏အမည်မှာ ကိုဘင်လှဒို့ဖြစ်သည်။

ကိုဘင်လှဒို့။     ။ အပြင်ဘက်မှာ လူတယောက် ရောက်နေတယ် တဲ့။ အထဲ ဝင်ချင်လို့ တဲ့။ ပေးဝင်လိုက်ရမလား။

ထိုသို့ ပြောနေစဉ် တံခါးကို တဒုန်းဒုန်းဖြင့် ဆောင့်တွန်းသံများ ထွက်ပေါ်လာသည်။ မကြာမီ တံခါးပွင့်သွားပြီး မည်းမည်း … မည်းမည်းနှင့် လူကြီးတဦး အခန်းထဲသို့ ဝင်ရောက်လာသည်။

ဘေးမှ ကိုဘင်လှဒို့ဆီမှ “ဟိုက်” ဆိုသော အာမေဋိတ်သံကြီး ထွက်လာသည်။

ဒေါက်တာဝိန်စင်း။     ။ (အဝေးမှ လှမ်းကြည့်ပြီး) ဟာ  … ဘယ်သူလဲ၊ မည်းလိုက်တဲ့အသား။ ရိုဟင်ဂျာတွေ ဝင်လာပြီထင်တယ်၊ ပေးမဝင်နဲ့၊ ပေးမဝင်နဲ့  … ။ ဝါးလုံးနဲ့ ထိုးလွှတ်လိုက်။ မည်းမည်းမြင်ရာ အကုန်ရိုက် … ရိုက်။

ကိုဘင်လှဒို့။     ။ ရိုဟင်ဂျာလည်း မဟုတ်ဘူး၊ ဝါးလုံးနဲ့ ထိုးလို့လည်း မဖြစ်ဘူး ဝန်ကြီးချုပ်ရေ … ။ ဒါ … မစ္စတာ ဂန်ဘာရီ ဗျ။

အခန်းအတွင်း ၀င်လာသည့် မစ္စတာ ဂန်ဘာရီက ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး “ကူပါဦး၊ ကယ်ပါဦး၊ ကျနော့်ကို နေပြည်တော်က ပေးမဝင်ဘူး”ဟု အော်ဟစ်ပြီး ငိုကြွေးလေသည်။ “အကြံလေး ဘာလေး ပေးပါဦး၊ ယတြာရှိရင်လည်း ပေးကြပါဦး၊ ရတနာဒီပံ ဆေးဖယောင်းတိုင်တွေ ထွန်းတာလည်း များလှပြီ၊ အလုပ်မဖြစ်ဘူး” ဟု ဆိုသည်။ “Voo Doo တွေ လုပ်တာလည်း မရဘူး၊ ငှက်ပျောသီး ကျွေးတာလည်း မစားကြဘူး” ဟုလည်း ဆို၏။

ဒေါက်တာဝိန်စင်း။     ။ ကိုဘင်လှဒို့ရေ … ကျနော်တော့ သူ့ကို မတွေ့ချင်ပါဘူး၊ ခင်ဗျားပဲ ကြည့်ရှင်းလိုက်ပါ။ လူကြီးတွေ မရှိဘူးလို့ ပြောလိုက်ဗျာ။

ကိုဘင်လှဒို့ ဆိုသူက မစ္စတာ ဂန်ဘာရီကို အဆွေတော်၊ အဆွေတော် ဟု လက်ဆွဲခေါ်ပြီး ဖယောင်းတိုင် တထုပ် နှင့် ပရိတ်ရေ ပေးလိုက်ပြီး အပြင်ဘက်သို့ ထွက်ခိုင်းလိုက်သည်။

ရုက္ခစိုး။     ။ မစ္စတာ ဂန်ဘာရီက အရေးကြီးတာပဲ၊ သူ့ကို ဘာကြောင့် မတွေ့ချင်ရတာလဲ။ Funding မရလို့ စိတ်ကောက်နေတာလား။ သူက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောပေးမယ်လို့ အသံ ထွက်နေတယ်နော်။ ဒေါ်စုနဲ့လည်း သူ တခါတလေ တွေ့နေတာပဲမဟုတ်လား။

ဒေါက်တာဝိန်စင်း။     ။ ထားလိုက်ပါဗျာ အဲဒါတွေက အရေးမကြီးပါဘူး။ ကျနော်တို့ ဒီကနေ့ ညီလာခံ ကျင်းပတာကို အာရုံစိုက်ရမယ်။

ရုက္ခစိုး။     ။ ညီလာခံက ဘာအရေးကြီးလို့လဲ။

ဒေါက်တာဝိန်စင်း။     ။ ဘယ်လိုမေးလိုက်ပါလိမ့် ဦးရုက္ခစိုးရယ်၊ အင်မတန် အရေးကြီးတာပေါ့ခင်ဗျာ။ ကျနော်တို့ အုပ်စု နှစ်ခုလုံး ဒီညီလာခံကြီးကနေ ဝန်ကြီးတွေအဖြစ် အရွေးခံရဖို့ နေ့မအား ညမနား စည်းရုံးလှုံ့ဆော်နေရတာ။

ရုက္ခစိုး။     ။ (အံ့သြသွားဟန်ဖြင့်) ဟာ … ခင်ဗျားတို့ ဒီကလူတွေ အားလုံး တဖွဲ့ထဲ မဟုတ်ဘူးလား။

ဒေါက်တာဝိန်စင်း။     ။ ဒီလိုရှိတယ် ဦးရုက္ခစိုးရဲ့ … ။ ဟော … ဟိုမှာ တွေ့လား … မျက်နှာမသာမယာနဲ့ ထိုင်နေတဲ့ ဆရာသမားကိုကြည့်။ သူ့နာမည်က ကိုသိန်းယူ တဲ့။ သူက ကျနော့်နေရာကို လုဖို့ ကြိုးစားနေတာ။ သူ့ကိုယ်သူ အုပ်စုတောင့်တယ်လို့ ထင်နေတာ။ အဲဒါ ကျုပ်တို့ဆီက ကိုဘင်လှဒို့ကလည်း ခေသူမှ မဟုတ်တာ။

ရုက္ခစိုး။     ။ ကိုဘင်လှဒို့ဆိုတာ စောစောက ဂန်ဘာရီကို မောင်းထုတ်လိုက်တဲ့လူလား။

ဒေါက်တာဝိန်စင်း။     ။ ဟုတ်တယ် … ဟုတ်တယ်၊ သူပဲ။ သူက ဘယ်လိုလုပ်လိုက်တယ် မသိပါဘူးဗျာ၊ ၃ ရက်အတွင်း စည်းရုံးလိုက်တာ ကိုသိန်းယူတို့ဆီကလူတွေ ကျုပ်တို့ဘက် ပါလာတယ်၊ အဲဒီမှာ ဒီဆရာ ကွဲတော့တာပဲ။

မြန်မာ့အရေးကို အချိန်ပြည့် လေ့လာထားသဖြင့် ကျွမ်းကျင်အဆင့် ရောက်နေပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ထားသော ဦးရုက္ခစိုး မျက်စိလည်သွားသည်။ ဒေါက်တာဝိန်စင်း၏ စကားများကို နားမလည်နိုင်တော့ပေ။

ဒေါက်တာဝိန်စင်း။     ။ ကဲဗျာ … နောက်မှ အသေးစိတ် ရှင်းပြတော့မယ်။ ဟော … ဟိုမှာ ကျနော့်ကို ဘုကြည့် ကြည့်နေတဲ့ တယောက် တွေ့တယ် မဟုတ်လား။ အဲဒါ … ကမ်းခြေမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဗျ။ ဒေါ်ကမ်းကမ်း ဆိုပါတော့။

ထိုအချိန်တွင် ညီလာခံ ပြန်လည် စတင်လိုက်သဖြင့် ဒေါက်တာဝိန်စင်းနှင့် ရုက္ခစိုးကြီးတို့ စကားစ ပြတ်သွားသည်။

ညီလာခံက အကြိတ်အနယ် ညီလာခံဖြစ်ကြောင်း ရုက္ခစိုးကြီး သတိပြုမိသည်။

ကိုသိန်းယူ ဆိုသော ရုပ်တည်နှင့် ပုဂ္ဂိုလ်က စားပွဲခုံကို တဒုန်းဒုန်းထုပြီး အော်ဟစ် ဆွေးနွေးသည်။

ကိုဘင်လှဒို့က လက်ညိုးတထောင်ထောင်ဖြင့် ပြန်လည် ချေပသည်။ တံတွေးများပင် စင်ထွက်ကုန်သည်။

ဒေါက်တာဝိန်စင်းက ဟိုကြည့် ဒီကြည့်ဖြင့် တဖြည်းဖြည်း သွေးပျက်လာပုံရသည်။

ဒေါ်ကမ်းကမ်းကလည်း တက်တက်ကြွကြွ ဝင်ရောက် ပြောဆိုသည်။ သို့သော်လည်း သူ့စကားကို မည်သူကမျှ ဂရုစိုက်ဟန်မရှိ။ ထို့ကြောင့် ဒေါ်ကမ်းကမ်း ဒေါသ ထွက်သွားသည်။ ရှေ့တွင်ရှိသော ဖန်ခွက်ဖြင့် ဒေါက်တာဝိန်စင်းဆီသို့ လှမ်းပေါက်လိုက်သည်။ ဖန်ခွက်က ဒေါက်တာဝိန်စင်းကို မထိဘဲ ဘေးတွင်ထိုင်နေသော ရုက္ခစိုးထံသို့ ရောက်သွားရာ ရုက္ခစိုးကြီးက ကမန်းကတန်း ငုံ့ရှောင်လိုက်ရသည်။ ထို့နောက်တွင် ဖန်ခွက်နှင့် ရေပုလင်းများ အတောင်ပေါက်ကာ ညီလာခံ ခန်းမထဲတွင် ဝဲပျံသွားတော့သည်။

အချို့သော ညီလာခံကိုယ်စားလှယ်များက ရှူးဖိနပ်များချွတ်ပြီး ပစ်ပေါက်ကြရာ ရုက္ခစိုးကြီးက ညီလာခံ ခန်းမအတွင်းမှ ထွက်ပြေးရလေသည်။

အရက် အမြဲ မူးနေသော အမတ်တဦးက “First Aid, First Aid”ဟု လှမ်းအော်သည်။

ဒေါက်တာဝိန်စင်းတို့၏ အရှိန်အဝါကား ကြီးမားလှသည်။ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် အသံလွှင့်ဌာနများက အဆိုပါ ညီလာခံနှင့် ပတ်သက်သည့် အီးယောင်ဝါး သတင်းများကို ထုတ်လွှင့် ကြေညာကြလေ၏။ သို့သော်လည်း အတွင်းကျကျသတင်းများကို မထုတ်လွှင့်ဘဲ နှာစေးနေကြသည်။

ညီလာခံကို နဖူးတွေ့ ဒူးတွေ့ ရှောင်လင်သိုင်းသမား လုပ်ခဲ့ရသူ ရုက္ခစိုးကြီးက ရေဒီယိုသတင်း စောင့်နားထောင်ပြီး မချင့်မရဲ ဖြစ်နေသည်။

ညီလာခံအပြီး တပတ်အကြာတွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းဌာနတခု၏ အင်တာနက် စာမျက်နှာတွင် ဒေါ်ကမ်းကမ်းနှင့် ဆက်သွယ် မေးမြန်းထားချက်များ ပေါ်လာသည်။

အင်တာဗျူးတွင် ဒေါ်ကမ်းကမ်းက “ရန်ပွဲ ဖြစ်သလား မဖြစ်သလားတော့ မသိဘူး၊ နဖူးတွေဘာတွေ ကွဲပြီးတော့ ချုပ်လိုက်ရတာပဲ။ ကျမတို့ အချင်းချင်းတော့ သိတယ် ဘာကြောင့်ဖြစ်တယ် ဆိုတာ” ဟု ရှင်းပြသည်။

အဆိုပါ အင်တာဗျူးနှင့်အတူ ထုတ်လွှင့်လိုက်သည့် သီချင်းမှာ “xxx ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် xxx ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ xxx” ဟူသော သီချင်း ဖြစ်လေသတည်း။     ။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=678:2009-02-04-08-39-02&catid=6:cmnat&Itemid=20

မှတ်ချက်၊    ဧရာဝတီ အင်တာနက် စာမျက်နှာသို့ ဝင်ရောက်မဖတ်ရှုနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

February 5, 2009 at 4:00 pm

Posted in ဧရာဝတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: