Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

(စုစည်းသတင်း) အကျဉ်းသား ၆၃၁၃ ဦး ပြန်လည် လွတ်မြောက်

leave a comment »

.

DVB (Burmese)

http://burmese.dvb.no/news.php?id=6905

……….

DVB (Burmese)

http://burmese.dvb.no/news.php?id=6916

………

ဧရာဝတီ

အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ်

E-mail Print

စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ ညနေပိုင်းတွင် စတင်၍ ပြန်လွှတ်ပေးကြောင်းသိရသည်။

ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃  ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။

ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ်အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ်သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ထို့သို့ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ်အစိုးရသတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှုအပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့်အနေနှင့်လည်းးကောင်း၊၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၉ ရက်အထိ လာရောက် သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ပြန်သွား ပြီး နောက် ၁ ရက်အကြာ၌ စစ်အစိုးရက အကျဉ်းသားများလွှတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဤသို့စတင်၍ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=745:2009-02-21-12-28-24&catid=1:news&Itemid=2

………..

DVB (Burmese)

http://burmese.dvb.no/news.php?id=6919

…………..

အန်အယ်ဒီ အမတ်၊ မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦး လွတ်မြောက်လာ

(မဇ္ဈိမ)

နန်းဒေ၀ီ၊ ဖနိဒါ

စနေနေ့၊ ဖေဖေါ်ဝါရီလ 21 2009 20:44 – မြန်မာစံတော်ချိန်

နယူးဒေလီ၊ ချင်းမိုင် (မဇ္စျိမ) ။     ။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး၊ မြို့နယ် ဥက္ကဋ္ဌတဦးနှင့် အဖွဲ့ဝင်တဦးအား အာဏာပိုင်များက ယနေ့ညနေပိုင်းတွင် အကျဉ်းထောင် အသီးသီးမှ ပြန်လွှတ်ပေးလိုက်သည်။

အကျဉ်းသား ၆၃ဝဝ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့အပြီး မန္တလေးတိုင်း အမရပူရမြို့နယ် အန်အယ်ဒီအမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ပါတီအဖွဲ့ဝင်  ဦးဖေစိန်အား မြစ်ကြီးနားထောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေအား အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ၂ ယောက်စလုံး လွတ်လာတယ်။ ထောင်အာဏာပိုင်တွေက သူတို့ကို တည်းခိုရိပ်သာအထိ ပို့ပေးတယ်လေ။ ကျန်းမာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အတွင်း ကျန်းမာ၊ မမာတော့ အိမ်ပြန်မှပဲ ဆေးစစ်ကြည့်ရမယ်လို့တော့ ဒေါက်တာ ဇော်မြင့်မောင်က ပြောနေတယ်” ဟု လွတ်မြောက်လာသူ နှစ်ဦးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်အား ၁၉၉ဝ ခု နိုဝင်ဘာတွင် စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၅ နှစ် ထောင်ချခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများ အစီရင်ခံသဖြင့် ၁၂ နှစ် အတိုးခံရကာ ၃၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။

အလားတူ ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဦးဖေစိန်နှင့် မြို့တော် မြစ်ကြီးနားမှ ဦးကျော်မောင်၊ ဦးနေဝင်းတို့အား ၂ နှစ်စီ ပြစ်ဒဏ်ချထားရာတွင် ဦးဖေစိန် ပြန်လွတ်လာသည်။

ဦးနေဝင်း၏ ဇနီးသည်က “အန်တီက မေးတယ်။ ဦးနေဝင်းတို့ရောလို့ မေးတော့၊ သူတို့က လွှတ်မယ့်စာရင်းထဲ မပါဘူးလို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချုပ်နှောင်ခံထားရသူ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေလည်း ယနေ့ညနေတွင် ပြန်လွတ်လာသည်။

“ညနေ ၄ နာရီ ၄၅ မိနစ်မှာ ထောင်ကနေ သူတို့ကား ထွက်လာတယ်။ ဦးသက်ဝေကို ကားပေါ်ကနေ လှမ်းမြင်လိုက်တယ်။ ဟိုင်းလပ်စ်ကား အဖြူရောင်နဲ့ပဲ၊ သူတို့အုပ်စုကို ခေါ်သွားတယ်။ ခေါင်းပြူထွက်လာပြီးတော့ ၁၁ ယောက်လို့ လှမ်းအော်သွားတယ်။ ကျန်တဲ့လူတွေကို ကြည့်ရတာ လူလတ်ပိုင်းတွေပါပဲ” ဟု နိုင်ငံရေး အကျဉ်းသားများကို လေ့လာစောင့်ကြည့်နေသည့် မြန်မာပြည်တွင်းမှ ပုဂ္ဂိုလ်တဦးက ပြောသည်။

ယနေ့ ညနေပိုင်းက အင်းစိန်ထောင်မှ ပထမသုတ်အဖြစ် အကျဉ်းသား ၁ဝဝ ကျော် ပြန်လွှတ်ရာတွင် အမျိုးသမီး ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် ကျခံရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/2486-2009-02-21-14-27-27.html

………..

DVB (Burmese)

http://burmese.dvb.no/news.php?id=6923

……….

DVB (Burmese)

http://burmese.dvb.no/news.php?id=6922

……….

VOA News (Burmese)

လွတ်မြောက်သူ မြန်မာအကျဉ်းသား ၆ထောင်ကျော်ထဲ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ပါဝင်

22 February 2009

မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးကိုထမ်းနိုင်ဖို့  လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသား ၆ ထောင် ကျော်ထဲမှာ အခုချိန်အထိ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၉ ယောက်ပဲပါတယ်လို့  နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

စနေနေ့ က ပြန်လွတ်လာသူတွေထဲမှာ ၁၉၉၁ ခုနှစ်ထဲက အကျဉ်းကျနေတဲ့  NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အမရပူရမြို့နယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ပါတယ်လို့  NLD သတင်းနဲ့  ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက အတည်ပြု ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကို လာသွားပြီးတဲ့  နောက်မှာ အကျဉ်းသူ အကျဉ်းသားပေါင်း ၆၃၁၃ ယောက်ကို လွှတ်ပေးမယ်လို့ စစ်အစိုးရက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလဲ စစ်အစိုးရက အကျဉ်းသား ၉ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တဲ့ ထဲမှာ နိုင်ငံရေးအကျဉ်းသားဟာ ၁၀ ယောက်ကျော်ပဲပါပါတယ်။

http://www.voanews.com/burmese/2009-02-22-voa6.cfm?rss=topic1

……….

VOA News (Burmese)

နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင် လွတ်မြောက်

22 February 2009

မြန်မာနိုင်ငံ မှာ အကျဉ်းသားပေါင်း ၆,၃၀၀ ကျော် ကို လွှတ်လိုက်တဲ့အထဲမှာ အမရပူရ လွှတ်တော် အမတ် ဒေါက်တာဇော်မြင့်မောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်ကျော် ပါဝင်ခဲ့တယ် လို့ အခုထိ သိရှိထားပါတယ်။ ယခင်တစ်ခေါက် အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ပါဝင်ခဲ့ပါတယ်။ အစိုးရ က နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် လွှတ်လိမ့်မလဲ ဆိုတာ ကို ကမ္ဘာ က စောင့်ကြည့်နေကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ရွေးကောက်ခံရတဲ့ အမတ်တွေ ထဲမှာ ၁၉၉၀ ခုနှစ်ကတည်း က နှစ်ပေါင်း ၁၈ နှစ်ကျော် တောက်လျှောက် အကျဉ်းသက်တမ်း အရှည်ဆုံး အမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်အစိုးရ က လွှတ်ပေးလိုက်ပါပြီ။

ဒေါက်တာဇော်မြင့်မောင် ကို ပြည်ပမှာ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစားရာမှာ ဦးဆောင် သူ တစ်ယောက်အဖြစ် စစ်အစိုးရ က သတ်မှတ်ပြီး၊ ထောင်ဒဏ်၂၅ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထောင်တွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇို ယိုကိုဒါ ဆီ ကို ပေးပို့ရာမှာ ပါဝင်ခဲ့တယ်လို့ ထပ်မံ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတာပါ။

ဒေါက်တာဇော်မြင့်မောင် လွတ်လာတာ နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“တကယ်လွတ်သွားပြီ။ ၄ နာရီ ခွဲလောက်ကျတော့ သတင်းတွေက ကြားနေပေမယ့် ၃ နာရီ ကျော်ကျော်လောက်ကျတော့ ထောင်ပြင်ကို ထုတ်နေပြီ။ ကားစီစဉ်ထားတယ်ဆိုတာ သိပေမယ့် အန်တီတို့က တရားဝင် ဖြစ်အောင်လို့ပေါ့နော်၊ ထောင်ကို ဖုံးဆက်မေးကြည့်လိုက်တော့ အဲဒီ ၄ နာရီခွဲလောက်ကျတော့ ထောင်ကနေပြီးတော့ – ဟုတ်ကဲ့၊ လွတ်သွားပါပြီလို့ ပြောလိုက်တယ်။ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့က မပြောဘူးလေ။ ဖုန်းကို ချပစ်လိုက်တယ်။ အဲဒါနဲ့ ဘယ် ဆက်ရမှန်းတော့မသိဘူးပေါ့နော်။ ဘယ်ရောက်နေမှန်းလဲ မသိဘူး။ အဲဒီအချိန်မှာ မိုးညင်း က ဦးရွှေစိန် ကလည်း ပါတယ်။ သူ့သမီးလေးကနေပြီးမှ ဆက်တာ။ အဖေ တို့တဲ့ ဟင်္သာ တည်းခိုခန်း၊ မြစ်ကြီးနားမှာ ရောက်နေတယ်တဲ့။ သူနဲ့ အဖေနဲ့ စကားပြောပြီးပြီပေါ့။ ဦးဇော် လည်းပါတယ်ဆိုတာနဲ့။ ကျမတို့က အဲဒီ ဟင်္သာတည်းခိုခန်းကို ဆက်လိုက်တော့ အဲဒီ ဦးဇော်နဲ့ တွေ့ရတယ်ရှင့်။ လောလောဆယ်တော့ သူ နေကောင်းပါတယ် ဆိုတဲ့အကြောင်းပေါ့နော်။ မနက်ဖြန်ကို သူတို့ မီးရထားနဲ့ပဲ စီစဉ်ပေးလိမ့်မယ် ထင်တယ်ပေါ့လေ။ အဲဒီလိုပဲ ပြောပါတယ်။ အခုတော့ အက်စ်ပီ က ဆိုလားပဲ ခဏ ဆိုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျမတို့ကတော့ မျှော်လင့်ထားတဲ့နေ့ ရောက်လာတာပေါ့နော်။ အဲဒါအတွက် ၀မ်းသာတာပါပဲ။ ဒါပါပဲ။”

အခုလို လွှတ်လိုက်တဲ့ အထဲ မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ပါဝင်မယ် ဆိုတာ ကို အမေရိကန် နိုင်ငံ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို စဉ်းစားကြမယ့်သူတွေကလည်း စောင့်ကြည့်နေကြမှာပါ။ အာရှ နိုင်ငံ ခရီးအတွင်း မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရဲ့ မူဝါဒ ကို ပြန်လည် သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ မှာ အပြုသဘော ပြောင်းလာအောင် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူး အယူအဆတွေ ကို အမေရိကန် နိုင်ငံ ဟာ ဒေသတွင်း နိုင်ငံတွေ နဲ့ နီးနီးကပ်ကပ် လုပ်ဖို့ စီစဉ်ထားပါတယ်လို့ မစ္စကလင်တန် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် အယ်ဒီတာကတော့ “မူဝါဒ ပြန်လည် သုံးသပ်ရာမှာ အစစ်အမှန် လက်တွေ့ကျဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လာသူတွေ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ကတော့ ၀မ်းသာနေကြပါတယ်။ ခရမ်းမြို့နယ် အမတ် ဦးကျော်သွင် ဟာ ဒေါက်တာ ဇော်မြင့်မောင် နဲ့ တိုက်ထဲမှာ အတူနေခဲ့တဲ့ သူ ပါ။

“ကျနော်က ကိုကြီးဇော်လို့ အမြတ်တနိုး ချစ်ချစ်ခင်ခင်နဲ့ ခေါ်ရတဲ့ အစ်ကိုကြီးတယောက် ဒီနေ့ပဲ လွတ်လာတာကို ကျနော် သိရတဲ့အခါမှာ မျက်ရည် လည်လောက်အောင်၊ မျက်ရည်ကျလောက်အောင် ကျနော် ၀မ်းသာပါတယ်။”

ဦးကျော်သွင် လို နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေသာ မကပါဘူး။ ကုလသမဂ္ဂ ကလည်း မစ္စတာ ဂမ်ဘာရီ ဟာ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ မီဒီယာတွေ က အရေးခံနေရတဲ့ ကုလသမဂ္ဂ ကလည်း အခုလို လွှတ်လိုက်တဲ့ အကျဉ်းသားတွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသမား ဘယ် နှယောက် ပါမလဲ စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာလည်း မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ဖိအား အပေးခံနေရပါတယ်။

ဒါပေမဲ့ အဲဒီလို သွားဖို့ ဆိုရင်၊ မြန်မာ စစ်အစိုးရ က လာမယ့် လတွေ မှာ လာထိုက်ကြောင်း အချက်ပြဖို့ လိုလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေ ကို ပြောပါတယ်။ “အခုလို အကျဉ်းသမားတွေ ကို လွှတ်လိုက်တာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းမားတွေ ကို လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်။

အဲဒီလို ကြိုဆိုတာ ဟာလည်း မျှတရာရောက်တယ်လို့ ကျွန်တော်ယူဆပါတယ်။” လို့ အိန္ဒိယ နိုင်ငံ မှာ ထုတ်ဝေတဲ့ The Hindu သတင်းစာ ကို မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား က ၁၀ ယောက်ကျော်ပဲ သိရပါသေးတယ်။ နိုင်ငံရေး အကျဉ်းသမား လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်လို့ ပြောရာမှာတောင် အဲသလို ကြိုဆိုတာ က မျှတပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကတောင် ဆင်ခြေပေးနေရရှာတဲ့ အဖြစ် ဖြစ်နေပါတယ်။

http://www.voanews.com/burmese/2009-02-22-voa1.cfm?rss=topic1

……….

VOA News Burmese

ယခုအချိန်ထိ လွတ်လာသမျှ နိုင်ငံရေးအကျဉ်းသားနဲ့ သံဃာတော်တချို့ပါဝင်

21 February 2009

ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက စစ်အစိုးရ လွှတ်ပေးလိုက်တဲ့အထဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သံဃာတော်တွေနဲ့ မယ်သီလရှင်တစ်ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လွတ်မြောက်လာတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ စမ်းချောင်းမြို့နယ် အဲန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးသက်ဝေ က အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်သား အားလုံးကိုလည်း လွှတ်ပေးဖို့ လိုလားပြီးတော့ အကျဉ်းထောင်တွင်းက အခြေအနေ ဆိုးရွားမှုအကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မအေးအေးမာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြန်လွတ်လာတဲ့ လူတွေထဲမှာ မြစ်ကြီးနားထောင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အင်းစိန်ထောင်ကဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်မြို့နယ် ဥက္ကဌ ဦးသက်ဝေ၊ ၂၀၀၃ ခုနှစ် ကတည်းက ဖမ်းဆီးခံထားရတဲ့ သံဃာတော် ၇ ပါးနဲ့ မြို့တော်ခမ်းမရှေ့မှာ ဖမ်းဆီးခံရတဲ့ မယ်သီလရှင် ၁ ပါး နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပေါင်း ၁၂ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ခိုင်ဘမြင့်၊ ဗကသ များအဖွဲ့ချုပ်က ကိုထွန်းဇော်ဌေး ခေါ် ကိုထွန်းထွန်း တို့လည်း ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ အခြေအနေကိုတော့ ဦးသက်ဝေ က အခုလို ရှင်းပြပါတယ်။

“သူတို့ကတော့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ (၄၀၁/၁) အရ လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွှတ်ပေးတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဒီအပေါ်မှာကတော့ အခုလို လွှတ်ပေးတယ်ဆိုတာကတော့ ကြိုဆိုရမှာပေါ့ဗျာ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာလည်း အများကြီး ကျန်နေသေးတယ်။ အဲဒါတွေလည်း ဆက်ပြီးတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဆက်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့ဗျာ။”

အင်းစိန်ထောင်တွင်းက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လို ရှိပါသလဲ ဆိုတာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

“ကျန်းမာရေး ဆေးဝါးကုသမှုကိစ္စကတော့ အားနည်းတယ်ဗျာ။ အခုဟာက တိုက်ထဲမှာက လမ်းလျှောက်ဖို့အချိန်ကလည်း နည်းပါးတယ်။ လမ်းလျှောက်ဖို့အချိန် နည်းပါးတဲ့အပြင်ကို လမ်းလျှောက်ဖို့အချိန်က နည်းပါးတဲ့အတွက် မဆင်းလို့ ဆိုပြီးတော့ လမ်းမလျှောက်ကြလို့ ဆိုပြီးတော့ တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဒီ (၁) တိုက်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ်ပေါ့ဗျာ အကျဉ်းပိတ်လိုက်တယ်။ အကျဉ်းပိတ်လိုက်တယ် ဆိုတာက နောက်ထပ်ပေါ့ဗျာ။ ၁၀ ပေ ပတ်လည်ပေါ့ အဲဒါ အကျဉ်းပိတ်လိုက်တယ်။ ရေချိုးလည်း ပိတ်ထားတယ်။ ဒီနေ့ပဲ ကျနော် ထောင်အာဏာပိုင်နဲ့ တွေ့ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြစ်မှုကျူးလွန်တာ ထောင်ဥပဒေတွေ ချိုးဖောက်တာ မရှိတဲ့အတွက် ဒီကိစ္စကို ဒီလို အကျဉ်းပိတ်တဲ့ကိစ္စဟာ မသင့်တော်ဘူး။ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်နိုင်တယ် ဆိုပြီး ကျနော် တင်ပြထားခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့က ခံဝန်လက်မှတ် ရေးထိုးမှ ဒီ အကျဉ်းပိတ်တာကနေ ပြန်ပြီးတော့ ဖွင့်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါ ထောင်အာဏာပိုင် ဦးခင်မောင်ကြည် ကနေ ပြောတာပေါ့ဗျာ။”

အလားတူပဲ ၂၀၀၃ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သံဃာ ၇ ပါးထဲကတော့ ပုဒ်မ (၅/ည)၊ ပုဒ်မ (၆/က)၊ ပုဒ်မ (၂၉၅) စတဲ့ ပုဒ်မတွေနဲ့ သူတို့ဟာ ထောင်ချခံရတာဖြစ်ပြီး ဒီအထဲက တချို့ဟာ ၂၀၀၃ ခုနှစ်က သံဃာတွေ ညမထွက်ရ ဆိုတဲ့အချိန်မှာ တိုင်းမှူးလာတဲ့အချိန် သူတို့ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ပြန်လွတ်လာတဲ့ သံဃာတွေရဲ့ စာရင်းနဲ့အတူ သူတို့ရဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံတော်ပိုင် ယာဉ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပေါ့။ တိုင်းမှူး မြင့်ဆွေ ကားနဲ့ လုံခြုံရေးကားကို ကျနော်တို့ ခဲ နဲ့ ပစ်ပေါက်မိလို့ပါ။ ကျော်မိုး (ခ) ဦးသိရိန္ဒ ၀ံသမေဒနီ စာသင်တိုက်ကပါခင်ဗျာ။ ထွန်းထွန်း (ခ) ဦးဓမ္မိကကလည်း ၀ံသမေဒနီ ကျောင်းတိုက်ကပါပဲ ခင်ဗျာ။ မောင်ဇော် (ခ) ဦးတိခ္က၀ိန္ဒြာယ၊ သူက ရွှေတောင်ကျောင်းတိုက်ကပါခင်ဗျာ စမ်းချောင်း ရွှေတောင် ကပါခင်ဗျ။ ကျော်မင်းသက် (ခ) ဦးကေသရ ကလည်း ရွှေတောင်ကပါပဲခင်ဗျာ။ အေးထွန်းသာ (ခ) ဦးအင်္ဂုရ က စန္ဒသူရိယကျောင်း ရန်ကင်းကပါခင်ဗျာ။ အောင်ကိုကို (ခ) ဦးအာဒိစ္စ၊ မင်းဇော်အောင် (ခ) ဦးမကိန္ဒ က ခရမ်းမြို့နယ် ကိုင်းကုန်း ကျောင်းတိုက်ကပါ ခင်ဗျာ။”

ဒါကတော့ ပြန်လွတ်လာခဲ့တဲ့ သံဃာ ခုနှစ်ပါးထဲက တစ်ပါး ပြောကြားသွားခဲ့တာပါ။

http://www.voanews.com/burmese/2009-02-21-voa6.cfm?rss=topic1

………….

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

(မဇ္ဈိမ)

နန်းဒေ၀ီ

စနေနေ့၊ ဖေဖေါ်ဝါရီလ 21 2009 20:49 – မြန်မာစံတော်ချိန်

ယမန်နေ့က မြန်မာစစ်အစိုးရမှ ကြေညာခဲ့ပြီးနောက် ယနေ့တွင် အကျဉ်းထောင်အချို့မှ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် လွတ်မြောက်လာသူများ ရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့်အတူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ငြှိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့်  နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် – ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။

အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက် စုံစမ်းကာ တင်ပြသွားပါမည်။

http://www.mizzimaburmese.com/news/inside-burma/2487-2009-02-21-14-32-35.html

……

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ဖို့လို (ဦးသက်ဝေနှင့် ဆက်သွယ် မေးမြန်းချက်)

(မဇ္ဈိမ)  အင်တာဗျူး

ကိုဝိုင်း

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 17:17 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ “အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက်လည်းကောင်း” ရည်ရွယ်၍ အကျဉ်းသား ၆,၃၁၃ ဦးကို ယခုလ ၂၁ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့် ပေးမည်ဟု မြန်မာစစ်အစိုးရက နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တချို့တွင် ပါဝင်ခဲ့သူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေကမူ အာဏာပိုင်များအနေဖြင့် လူသားချင်း စာနာထောက်ထားသည်ဆိုလျင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

ထို့အပြင် ထောင်အတွင်း၌ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း ပြောသည်။

အင်းစိန်ထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိမည်ဟုလည်း ဦးသက်ဝေက ခန့်မှန်းပြောဆိုသည်။

ဦးသက်ဝေအား အီလက်ထရောနစ် ပုဒ်မ ၃၃ (က)၊ ၃၃ (ခ) အပါအဝင် ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲခဲ့သော်လည်း နောက်ပိုင်းတွင် ပုဒ်မ ၃၅၃ ဖြင့်သာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်အတွင်း၌ ဦးသက်ဝေ နေခဲ့ရသည့် ၅ လတာ အချိန်အတွင်း အတွေ့အကြုံ တချို့နှင့် သူ၏ ခံယူချက်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားပါသည်။

စနေနေ့ ဘယ်အချိန်လောက်က လွတ်လာတာလဲဗျာ။ မိသားစုကရော လာစောင့်တာ ရှိပါသလား။

ညနေ ၅ နာရီခွဲလောက်က အင်းစိန်အကျဉ်းထောင်က လွတ်ပါတယ်။ အင်းစိန် အကျဉ်းထောင် (၁) တိုက်ကပါ။ အိမ်ကိုတော့ ထောက်လှမ်းရေးကနေပြီးတော့ လိုက်ပို့ပေးပါတယ်။

အခုလို ပြန်လွတ်လာတဲ့ အခါကျတော့ စိတ်ထဲမှာ ဝမ်းနည်း၊ ဝမ်းသာ ဘယ်လိုဖြစ်လဲခင်ဗျ။

ဒီလိုပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်ပါတယ်။ တဖက်မှာလည်း အင်းစိန်ထောင်ထဲမှာရော၊ နယ်ထောင်တွေမှာရော ကျန်နေသေးတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူး။

ဦးသက်ဝေ ထွက်လာတဲ့အချိန် (၁) တိုက်ထဲမှာပဲ အကျဉ်းပိတ်ခံထားရတဲ့လူ ရှိသေးတယ်လို့ သိရပါတယ်။ နည်းနည်းရှင်းပြပေးလို့ ရမလားဗျာ။

ဟုတ်ကဲ့။ (၁) တိုက်မှာ၊ ထောင်အာဏာပိုင်ကနေပြီးတော့ တနာရီပဲ လမ်းလျှောက်ခွင့်ပေးတယ်။ ကျနော်တို့ (၁) တိုက်မှာ ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ရှိတယ်။ အဲဒီအထဲမှာ ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း အပါအဝင်ပေါ့။ တနာရီ လမ်းလျှောက်ခွင့်နဲ့ မလုံလောက်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကနေ စပြီးတော့ တနာရီကနေ တိုးပြီးတော့ လမ်းလျှောက်ခွင့် ရဖို့အတွက် အကျဉ်းဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဋ္ဌေးကို ကျနော်တို့ တင်ပြတယ်။

အခြားသော အကျဉ်းသားတွေ၊ ထောင်တွေ၊ တိုက်တွေမှာလိုပဲ အချိန်ပြည့် ဖွင့်ပေးဖို့၊ အချိန်ပြည့် လမ်းလျှောက်ခွင့်၊ အားကစားလှုပ်ရှားခွင့် ပေးဖို့။ သူကနေ ထောင်ပိုင်ကို တင်ပြပြီးတော့မှ ခွင့်ပြုချက်ပေးပါမယ် ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အကြောင်းမပြန်ဘူး။ ၂ လ ကျော်သွားပြီ။ အဲဒါနဲ့ ကျနော်တို့က သူတို့ပေးတဲ့ တနာရီ လမ်းလျှောက်ခွင့်ကို ဆက်မယူတော့ဘဲနဲ့ ကျနော်တို့ရဲ့ တိုက်ထဲမှာပဲနေပြီး သူတို့ကို ကန့်ကွက်ဆန္ဒပြတာပေါ့။

အဲဒီကန့်ကွက်ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၂၀ ရက်နေ့မှာပဲ ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ အကျဉ်းပိတ်မယ်ဆိုပြီးတော့ ပိတ်တာပေါ့။ အကျဉ်းပိတ်တယ်ဆိုတာက တိုက်မှာ တံခါး ၂ ထပ် ရှိတာကို ပထမ အကျဉ်းတံခါးကို ဖွင့်ပေးထားတော့ နည်းနည်း ကျယ်ကျယ်ဝန်းဝန်း ရှိတာပေါ့။ အပြင်တံခါးကိုတော့ ပိတ်ထားတယ်။ အပြင်တံခါး ပိတ်ထားရာကနေ အခု အတွင်းပါ ထပ်ပိတ်လိုက်တော့ လေဝင်လေထွက် မကောင်းလို့ အနံ့အသက်ဆိုးတဲ့ ၁ဝ ပေပတ်လည် အခန်းထဲမှာပဲ တနေလုံး၊ တညလုံးနေရတာပေါ့။ ရေချိုးပါပိတ်တာ။

အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ထောင်အာဏာပိုင်တွေကိုခေါ်ပြီး ”ဘာကြောင့် ပိတ်တာလဲ”။ အင်းစိန်ထောင်မှူး ကျော်သီဟ ဆိုတဲ့ ပုဂ္ဂိုလ်က ”လူကြီးတွေ ညွှန်ကြားချက်အရ ယာယီပိတ်တာပါ” တဲ့။ ”ပြစ်မှုကျူးလွန်မှု မရှိဘဲနဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စ ကျနော်တို့ လက်မခံနိုင်ဘူး။ ညွှန်ကြားချက်အရ ဆိုတာကလည်း ဥပဒေကို ကျော်လွန်လို့ မရဘူး” လို့။ ”ဥပဒေအရ ဆောင်ရွက်တယ်ဆိုရင် ဒါ ဘယ်ဥပဒေနဲ့ ဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ကို တိတိကျကျ ပြောဖို့လိုတယ်” လို့။ အဲဒီအတွက်နဲ့ ပတ်သက်ပြီး ”ထောင်အာဏာပိုင်တွေကို ချက်ချင်းခေါ်ပေးပါ” လို့ ပြောလိုက်တယ်။ ”ဦးခင်မောင်ဋ္ဌေးကို အကြောင်းကြားပေးပါ့မယ်” လို့ ပြောတယ်။

နောက် တနာရီလောက်ကြာတော့ ဦးခင်မောင်ဋ္ဌေး ရောက်လာတယ်။ ”ဒါဟာတဲ့ ပြစ်ဒဏ်အဖြစ်နဲ့ ပိတ်တာ” ဆိုပြီးတော့၊ သူတို့ပေးတဲ့ တနာရီလမ်းလျှောက်ခွင့်ကို မလျှောက်လို့၊ ဆန့်ကျင်လို့၊ စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးတော့ ပိတ်တာပေါ့။ ”ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ ပိတ်တာ၊ ဥပဒေနဲ့ အညီလုပ်တာပါ” တဲ့။ ”ဘယ်ဥပဒေလဲ” ဆိုတော့ တိတိကျကျ မဖြေဘူး။ ထောင်ပိုင်နာမည်တော့ ကျနော် မသိဘူး။ သူတို့ ဖွဲ့စည်းပုံအရဆိုရင် ထောင်ပိုင်က ဦးစီးမှူးရဲ့ အပေါ်က။ ထောင်ပိုင်အပေါ်မှာ ညွှန်ချုပ်ရှိတယ်။ ထောင်မှူးက ဦးစီးမှူးအောက်က။ အဲဒါနဲ့ ”ခံဝန်လက်မှတ်ထိုးရင် ဖွင့်ပေးမယ်” လို့ ပြောတယ်။

ဒါ ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ညှင်းပမ်းနှိပ်စက်တယ်လို့ ယူဆလို့ လက်မခံလို့ ခံဝန်ချက် လက်မှတ်မထိုးဘဲ ဆက်ပြီး တိုက်ပွဲဝင်တယ်။ အဲဒီလို အကျဉ်းပိတ်လိုက်တဲ့အတွက် ကျနော်တို့ ရဲဘော်တွေအတွက် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသားပေါ့။ ရွှေပြည်သာက အန်အယ်ဒီ လူငယ် ကိုလှခင်ဟာ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တဲ့အတွက် သီးသန့်အကျဉ်းထောင် (၁) အဆောင် အောက်တိုက်က အခန်းနံပတ် ၁၉ မှာ ဆွဲကြိုးချသေခဲ့တယ်။

အဲဒါဆိုရင် ဒီငြိမ်းလင်းကိုလည်း ခန္တီးထောင်ကို ပြောင်းလိုက်ပြီဆိုတော့ နောက်ပိုင်းမှာ ၁၀ ယောက် ကျန်မှာပေါ့။ သူတို့က ဦးသက်ဝေ ထွက်လာတဲ့အထိ တိုက်ပွဲဝင်ဆဲပဲလား။

ဟုတ်ကဲ့၊ တိုက်ပွဲဝင်ဆဲပါ။

ထောင်ထဲမှာ နေရတဲ့အချိန်မှာ ဆေးဝါးကုသမှုနဲ့ အစားအသောက် အနေအထားရော ဘယ်လို ရှိလဲဗျ။

အစားအသောက်ကတော့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးမှူးက လာပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မှာက ဆေးမရှိဘူး။ မိသားစုက ပေးလာသမျှ ဆေးဝါးတွေနဲ့ပဲ ကုသမှု လုပ်ရတယ်။ အိုင်စီအာစီ ICRC ကိုလည်း ဝင်ခွင့်မပေးတဲ့ အခါကျတော့ အရင်ကလို ထိထိရောက်ရောက် မရှိတော့ဘူး။ ကျနော်ကတော့ အခုလောလောဆယ်တော့ အခုထွက်လာတဲ့ အချိန်မှာတော့ ကျန်းမာရေးအရ အခက်အခဲ မရှိပါဘူး။

ဦးသက်ဝေ ကို ဘယ်လို ပုဒ်မတပ်ပြီးတော့ ထောင် ဘယ်လောက် ချလိုက်တာလဲခင်ဗျ။

ထောင် ၂ နှစ် ချပါတယ်။ ပုဒ်မ ၃၅၃ ပေါ့ဗျာ။ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုပေါ့။ ဒီအမှုက အမှုတည်ဆောက်ပြီး လုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားခိုင်းစေမှုကို ILO နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ပပျောက်စေဖို့ ဆောင်ရွက်နေတယ်။ အဲဒီအပေါ်မှာ အငြိုးအာဃာတ ထားတယ်ထင်တယ်။ ကလေးစစ်သားတွေ ကိစ္စလည်း ပါတယ်။

ပုဒ်မ ၃၅၃။ ပြည်သူ့ ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုဆိုတော့ အာဏာပိုင်တွေက ဘာကို အဓိကထောက်ပြပြီး အဲဒီ ပုဒ်မ တပ်တာလဲဗျ။

အဓိကကတော့ဗျာ၊ တိုင်ကြားထားတဲ့ စာတွေကို ထည့်သွင်းထားတဲ့ memory stick ကို ရဲကနေ ကျနော့်ဆီကနေ သိမ်းဆည်းဖို့ လုပ်တာကို ငြင်းဆန်ခဲ့တဲ့အတွက် ကျနော့်ကို ဝတ္တရားနှောင့်ယှက်တယ်လို့ စွဲတာပေါ့။ ကျနော့်ကို ကျောက်တံတားမြို့နယ် တရားရုံးအောက်မှာ သိမ်းဆည်းတာ။ အဲဒီတရားရုံးကို ကျနော်က နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ဦးအုန်းသန်းကို သူ့အမှုမှာ ရှေ့နေအကူအညီပေးဖို့အတွက် ရှေ့နေတယောက်ကို သဘောထား သွားတောင်းရင်းနဲ့ သွားတာ။ ရဲက ကျနော့်ကို ရှာဖွေရင်းနဲ့ တွေ့သွားတာ။ ILO နဲ့ ပတ်သက်တဲ့ memory stick ကို ရဲက တွေ့သွားတာ။

အဲဒီ memory stick က ILO နဲ့ ကျနော်နဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် ပေးလို့မဖြစ်ဘူးလို့ ငြင်းတာပေါ့။ ဥပဒေအရ မညီဘူးလို့။ ကျနော့်မှာ တရားဝင် ကိုင်ဆောင် သိမ်းဆည်းခွင့်ရှိတယ်လို့၊ ဒါကြောင့် သိမ်းဆည်းခွင့် မပေးတာ။ အဲဒီကနေ ကျောက်တံတား ရဲစခန်းကို ခေါ်သွားပြီးတော့မှ ပန်းပဲတန်း ရဲစခန်းကို ပြောင်းပြီးတော့ ပန်းပဲတန်း ရဲစခန်းက တရားလိုလုပ်ပြီးတော့ ပုဒ်မ ၃၅၃ နဲ့ တရားစွဲပြီး အရေးယူတာ။ ကျနော်က ပန်းပဲတန်းရဲစခန်းမှာ အာမခံရတယ်။ အပြင်ကနေ အမှုကို ၈ လလောက် ရင်ဆိုင်ရတယ်။ ၂၀၀၈ ခု ၉ လပိုင်း၊ ၁၆ ရက်မှာ အမိန့်ချပြီး အင်းစိန်ထောင် ရောက်တာ။ အင်းစိန်ထောင်ထဲမှာ ၅ လ နေပြီးပါပြီ။ ပြစ်ဒဏ်စေ့ဖို့ တနှစ်နဲ့ ၇ လ ကျန်သေးတယ်။

အဲဒီအမှုအတွက် ရှေ့နေလိုက်ခွင့်ရလား။ ဘယ်သူလိုက်ပေးပါလဲ။

အဲဒီတုန်းက ရှေ့နေလိုက်ခွင့်ရပါတယ်။ ကိုဖိုးဖြူ လိုက်ပေးပါတယ်။

အခု နောက်ပိုင်းက ရှေ့နေတွေကို ထောင်ထဲ ပေးမဝင်တာတို့၊ ထောင်ချခံရတာတို့၊ ထွက်ပြေးရတာတို့ ရှိနေပါတယ်။ ဆိုတော့ ဦးသက်ဝေတို့တုန်းကတော့ ရှေ့နေတွေက လျောလျောရှူရှူနဲ့ပဲ အကျိုးဆောင်ခွင့် ရလားဗျ။

တကယ်တမ်းကျတော့ တရားခွင်ထဲမှာ ကျနော့်ရဲ့ အမှုနဲ့ပတ်သက်လို့ ခုခံကာကွယ်ဖို့ အချက်အလက်တွေ ရှာဖွေဖော်ထုတ် မေးမြန်းတာတွေဟာ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် ကျနော့်ရှေ့နေက မရခဲ့ဘူး။ ဒီတရားခွင်ထဲမှာ ကျနော့်အတွက် ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝ ရတယ်လို့ ပြောလို့မရဘူး။

ပြန်ထွက်လာရတော့ရော အာဏာပိုင်တွေက ဘယ်လို ပုံစံမျိုးနဲ့ လာအကြောင်းကြားလဲဗျ။ လွှတ်ပေးလိုက်ပြီ ဆိုတာကိုရော ဘယ်သူက ပြောပါလဲခင်ဗျ။

အခုထွက်လာတော့လည်း ကျနော့်ကို ကြိုတင်အကြောင်းကြားမှု မရှိဘူး။ ခေါ်သွားပြီးတော့ နောက်မှ လွှတ်တယ်ဆိုပြီးတော့ အကျဉ်းသားမှတ်ပုံတင်နဲ့ လူနဲ့ တိုက်ကြည့်တယ်။ ပြီးတော့ လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်ပြီ ဆိုတာကတော့ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ကိုယ်တိုင် ပြောတာ။ နာမည်တော့ မသိဘူး။ သူ့ကိုယ်သူပဲ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ဆိုပြီး မိတ်ဆက်တာပဲ။ အဲဒီနေ့က လွတ်တာက တခြားအကျဉ်းသားတွေရော အားလုံးပေါင်း ၁၁၁ ယောက်။ နိုင်ငံရေးအကျဉ်းသားက ကျနော် အပါအဝင် ကမာရွတ်မြိုကနယ်က ဗကသ ကျောင်းသား ကိုထွန်းထွန်းခေါ် ထွန်းဇော်ဋ္ဌေး၊ နောက် ၂၀၀၃ ခုက အဖမ်းခံရတဲ့ ရဟန်းတွေ အပါအဝင်ဆို အားလုံး ၁၁ ယောက်ပေါ့။

အဲဒီညွှန်ချုပ်က ဦးသက်ဝေတို့ကို ဘယ်လိုအကြောင်းပြ ပြောဆိုပြီးတော့ လွှတ်ပေးလိုက်တာလဲ။

ကျနော်တို့ ၁၁၁ ယောက်ကို ဘာပြောလဲဆိုတော့ ”မစ္စတာဂမ်ဘာရီနဲ့ လူ့အခွင့်အရေးက မစ္စတာကွင်တားနား လာလို့ လွှတ်ပေးတာ မဟုတ်ဘူး၊ သူတို့ လွှတ်ချင်လို့ လွှတ်ပေးတာ” ဆိုပြီးတော့ ပြောတာပေါ့။ ဘယ်သူ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲနဲ့ သူတို့ သဘောနဲ့သူတို့ လွှတ်တာပေါ့။ သူတို့ သဘောဆန္ဒမရှိဘဲနဲ့ လွှတ်မပေးနိုင်ဘူးပေါ့။

ထောင်ထဲမှာ နေတုန်းက အကျဉ်းသားဥပဒေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေက တခြား ချိုးဖောက်နေတာတွေ တွေ့ခဲ့ရသေးလား။ နိုင်ငံရေးအကျဉ်းသားတင် မဟုတ်ဘဲ တခြား အကျဉ်းသားတွေအပေါ်ရောပေါ့။

ဘာကိုပြရမလဲဆိုတော့ ၂ အဆောင်အချုပ်မှာ။ တရားရုံးကနေ အမိန့်မကျသေးဘဲနဲ့  အချုပ်သားတွေဘဝနဲ့ ရောက်နေတဲ့ အကျဉ်းသားတွေကို အလုပ်ခိုင်းစေတဲ့ကိစ္စ။ ဒါ အချုပ်သားရဲ့ ဆန္ဒမပါဘဲနဲ့ အတင်းအဓမ္မ အလုပ်ခိုင်းစေတာကို တွေ့ရတယ်။ နောက်တခုက ခိုင်းစေတဲ့ အလုပ်ပုံစံတွေကလည်း ကျန်းမာရေးအရ ထိခိုက်နိုင်တဲ့ အလုပ်တွေ ဖြစ်တယ်။ မိလ္လာကျင်းထဲမှာ အမှိုက်တွေကို ခြေထောက်နဲ့ တက်နင်းခိုင်းတယ်။ ဒူးဆစ်လောက်မြုပ်တဲ့ မိလ္လာရည်တွေပေါ့။ နောက် ရေချိုးခွင့်လည်း မပေးဘူး။ ရေမချိုးရတဲ့ အခါကျတော့ ယားနာတွေပေါက်ပြီးတော့ ကျန်းမာရေးကို ထိခိုက်နေတယ်။ အနံ့အသက်ကြောင့်လည်း အာရုံကြောတွေ ထိခိုက်တယ်။

ဒီငြိမ်းလင်းကို ထောင်ရွှေ့လိုက်တဲ့အချိန်မှာ ဦးသက်ဝေက အထဲမှာပဲ ရှိသေးတယ်နော်။ ဦးသက်ဝေတို့ ကြိုသိလား။

ဟုတ်ကဲ့ခင်ဗျာ။ အဲဒီ စနေနေ့ မနက် ၂ နာရီလောက်မှာပဲ။ မနက်အစောကြီးပေါ့ဗျာ။ လာခေါ်သွားတာပေါ့။ ဒီငြိမ်းလင်းကို ခေါ်ထုတ်တဲ့အချိန်မှာ ဒီငြိမ်းလင်းက ကျနော့်အခန်းရှေ့ကို ရောက်လာပြီးတော့ လာနှုတ်ဆက်ပါတယ်။ သူ ထောင်ပြောင်းပါတယ် ဆိုပြီးတော့။ သူ့ကို ”ကြိုတင် အကြောင်းကြားခြင်း မရှိဘဲနဲ့တဲ့၊ ချက်ချင်း အားချင်း ဒီလို ခေါ်ထုတ်တော့ တော်တော်လေး ကသီလင်တနိုင်တယ်” ဆိုပြီးတော့ ညီးညူသွားတယ်။

အခု အပြင်ပြန်ရောက်တော့ ဘာဆက်လုပ်မယ်လို့ စိတ်ကူး ရှိပါသလဲခင်ဗျာ။

တာဝန်ကတော့ ရှိတုန်းပါပဲ။ ကျနော်ဟာ စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပါတီရဲ့ မူ၊ ဘောင်၊ စည်းကမ်းတွေနဲ့အညီ ဆက်လုပ်ပြီးတော့ နိုင်ငံရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမှာပါ။

အာဏာပိုင်တွေက အကျဉ်းသား ၆ ထောင်ကျော် လွှတ်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာလည်း သိရသလောက်အထိ ရာဇဝတ်သား အများစုဖြစ်တယ်။ ပြီးတော့ ဦးသက်ဝေ အထဲမှာ ရှိနေစဉ်မှာရော၊ မလွှတ်ခင်လေးတင်မှာရော သံဃာတော်တွေ အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ပြီး နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ပစ်တာတွေ ရှိပါတယ်။ အဲဒီတော့ အခုလို လွှတ်ပေးလိုက်တဲ့ ကိစ္စကရော တရားမျှတမှု ရှိတယ်လို့ ထင်ပါသလား။ ဘယ်လို ယူဆပါသလဲခင်ဗျာ။

ဒီလို လွှတ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ အပြုသဘောဆောင်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကလည်း ကျန်နေသေးတယ်။ အခု ကျနော် ထွက်လာစဉ်ကာလမှာတောင် တိုက်ပိတ်၊ အကျဉ်းပိတ်ပြီးတော့ ကျန်းမာရေး ထိခိုက်အောင် လုပ်နေတယ်။ အင်းစိန်ထောင်မှာ ချပြီးတော့ နယ်ထောင်တွေ ရွှေ့တာတွေရှိတယ်။ ဒါတွေကလည်း အပြုသဘောဆောင်တဲ့ ကိစ္စကို ထိခိုက်စေတဲ့ အပိုင်းတွေ ရှိတယ်။ တကယ်တမ်း လူသားချင်း စာနာထောက်ထားမှု ရှိတယ်ဆိုရင် အကုန်လုံးကို ခြွင်းချက်မရှိ၊ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော် ယူဆတယ်။

http://www.mizzimaburmese.com/interview/2493-2009-02-23-11-01-54.html

…..

VOA News (Burmese)

အကျဉ်းထောင်အတွင်း အခြေအနေ မတိုးတက် (နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း

ဒေါက်တာဇော်မြင့်မောင် အင်တာဗျူး)

23 February 2009

Dr. Zaw Myint Maung.fbppn
ဒေါက်တာဇော်မြင့်မောင်။
(ဓာတ်ပုံ-fbppn အင်တာနက် စာမျက်နှာ။)

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး
အခြေအနေတွေဟာ သိသိသာသာ တိုးတက်လာမှု မရှိ
ဘူးလို့ စနေနေ့က ပြန်လွတ်လာတဲ့ အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမရပူရမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
၁၉၉၀ ခုနှစ်ကတည်းက ရန်ကုန် အင်းစိန်ထောင်နဲ့
မြစ်ကြီးနားထောင်တွေမှာ ပြောင်းရွှေ့အကျဉ်းချခံခဲ့ရ
တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြန်လည်လွတ်မြောက်
လာချိန်မှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ၁၈ နှစ်
လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး အခုတော့
နေအိမ်ကို ပြန်ရောက်နေပြီဖြစ်တဲ့ ဒေါက်တာ
ဇော်မြင့်မောင်ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ထောင်ထဲကလွတ်လာချိန်မှာ ထူးထူးခြားခြား ဘာတွေကို သတိပြုမိသလဲလို့ စမေး
ကြည့်တော့ ဒေါက်တာဇော်မြင့်မောင်က အခုလိုဖြေပါတယ်။

“ပြောရရင် အန်ကယ်က အထဲမှာနေခဲ့တာ အားလုံးပေါင်း ၁၈ နှစ်နဲ့ ၃ လဆိုတော့
ချက်ချင်း အပြင်လည်း ပြန်ထွက်လိုက်ရရော ပတ်ဝန်းကျင်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ
သိသိသာသာ ပြောင်းလဲသွားတာတော့ သိလိုက်ရတာပေါ့။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုဆိုတာကတော့ အချိန်နဲ့ ကာလနဲ့အညီ ပြောင်းလဲနေတာပဲလေ။ စိတ်ပိုင်း
ဆိုင်ရာ ဘယ်လောက်ပြောင်းလဲသလဲဆိုတာတော့ အန်ကယ် လေ့လာရဦးမယ်နဲ့
တူတယ်။

“လူတွေရဲ့ Inclination ဘယ်ဘက်လှည့်နေတယ်၊ ဘယ်ဘက် Tendency လှည့်နေ
တယ်ဆိုတာတွေတော့ အန်ကယ် ကြည့်ရဦးမယ်ထင်တယ်။ သူတို့ နိုင်ငံရေးကို
စိတ်ဝင်စားနေသေးလား၊ စိတ်မ၀င်စားတော့ဘူးလား၊ ၁၉၉၀ ရွေးကောက်ပွဲကို သူတို့
မေ့သွားပြီလား။ အဲဒါမျိုးတွေ အန်ကယ်သိချင်တာပေါ့။ ချက်ချင်းလက်ငင်းကြီးတော့
ပြောလို့မလွယ်ဘူးထင်တယ်။”

ထောင်ထဲမှာ အန်ကယ် ၁၈ နှစ်နေခဲ့ရတဲ့ ကာလအတွင်းမှာ အပြင်မှာဖြစ်နေတဲ့
အခြေအနေတွေကို ဘယ်လောက်အထိ သိခွင့်ရခဲ့ပါသလဲ။

“အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ထောင်ထဲမှာဆိုတော့ မီဒီယာက တဆင့်ပေါ့
နော်။ မီဒီယာဆိုတာလည်း ပြည်တွင်းကထုတ်တဲ့ မဂ္ဂဇင်းတို့၊ ဂျာနယ်တို့အရပဲ သိရတာ
ကိုး။ အဲဒါတွေကလည်း ဆင်ဆာနဲ့ဘာနဲ့ဆိုတော့ အန်ကယ် ဘယ်လောက်သိနိုင်မလဲ
ဆိုတာ မသိဘူး။ သတင်းစာတော့ ဖတ်ခွင့်ရှိတာပေါ့။ အဓိက Weekly ဂျာနယ်တွေကို
အန်ကယ် လိုက်ဖတ်တာပေါ့။ အဲဒီလောက်ကပဲ သိရတာပေါ့။ အားလုံးကိုခြုံပြီး မမြင်
နိုင်ဘူးထင်တာပဲ၊ ဂျာနယ်တွေကလည်း အပြည့်အစုံ မရေးနိုင်ဘူးနဲ့ တူပါတယ်။”

အန်ကယ့်အနေနဲ့ ထောင်တခုမက နေခဲ့ရတဲ့အခါကြတော့ ထောင်တွေထဲက အခြေ
အနေရော အန်ကယ် ဘယ်လိုသုံးသပ်ပါသလဲ။

“ထောင်တွေထဲက အခြေအနေကို သုံးသပ်ရင်တော့ အရှည်ကြီးပဲ။ အိုင်စီအာစီ
မ၀င်ခင်၊ အိုင်စီအာစီ ၀င်ပြီးသွားတဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး ပြောရမှာလေ။
ထောင်တွင်းအခြေအနေကို ယေဘုယျ ခြုံပြောရရင် ထောင်ဆိုတာတော့ အပြင်နဲ့
စာရင် လွတ်လပ်မှုအားလုံး ဆိတ်သုဉ်းသွားတဲ့နေရာပဲလေ။ ပြောချင်တဲ့စကားလည်း
မပြောရဘူး၊ စားချင်တဲ့အစားလည်း မစားရဘူး၊ နေချင်သလိုလည်း မနေရဘူး။ ပြောရ
ရင်တော့ သူတို့ ထောင်ဥပဒေအတိုင်း ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ဆိုတဲ့ပုံစံမျိုး
ဖြစ်သွားတာပေါ့။ လွတ်လပ်မှုဆိတ်သုဉ်းနေတဲ့နေရာကို ထောင်လို့ခေါ်တာပဲလေ။”

အန်ကယ် ထောင်ကျပြီးမကြာခင် ထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်တာတွေ
အကြောင်း ကုလသမဂ္ဂကတဆင့် သိအောင်လုပ်ခဲ့လို့ ထောင်ဒဏ်တိုးချတာ ခံခဲ့ရ
တယ်။ အခု အန်ကယ် ပြန်လွတ်လာပြီဆိုတော့ ထောင်ထဲမှာဖြစ်နေတဲ့ အခြေအနေ
တွေရော အရင်တုန်းကလိုပဲ ပြောဖို့အစီအစဉ် ရှိပါသလား။

“အဲဒါက မေးတဲ့လူအပေါ်မှာ မူတည်ပြီးတော့ အန်ကယ့်အဖြေက ထွက်လာမှာပဲ။
သိချင်တာက လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလား၊ ဆုတ်ယုတ်သွားလား
ဆိုတာလား။ ဒီမှာ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ လာနေတာပဲ မဟုတ်လား။
ဥပမာ အန်ကယ်စမီတာ ယိုဇိုယိုကိုတာက စမီလိုက်တာပဲ။ အခုဆိုရင် တောမတ်စ်
အိုဟေး ကင်တားနားအထိ။ အဲတော့ အဲဒီကြားထဲ လာနေတာတွေ အကြိမ်ပေါင်း
ဘယ်လောက်ရှိပြီလဲ။ ၉၂ ခုနှစ်ကတည်းက။ အန်ကယ်ထင်တာ Very Significant
Changes တော့ မတွေ့ဘူး။ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ထောင်ထဲမှာ ပြောင်းလဲ
လာသလားဆိုရင် မပြောင်းလဲဘူးလို့ ပြောရမှာပဲ။”

ရှေ့နှစ်ကျရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ အန်ကယ်
ကြားမိမယ်ထင်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့
ဒီအပေါ်မှာ ဘယ်လိုသဘောထားပါသလဲ။

“ဒီမိုကရေစီဖြစ်စဉ်မှာ အန်ကယ်ဝင်လာတယ်ဆိုတာက အန်ကယ်တို့နိုင်ငံမှာ ဒီမို
ကရေစီ ရချင်လို့ဆိုပြီး အန်ကယ် ၀င်လာတာပါ။ အန်ကယ့်ကိုယ်ကျိုး မပါပါဘူး၊ အတ္တ
မပါဘူး။ အန်ကယ်တို့တိုင်းပြည်မှာလည်း လိုအပ်နေပြီလို့ ယူဆတာပေါ့၊ ဒီမိုကရေစီ
ဖြစ်ပေါ်ဖို့။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင်တော့ အန်ကယ်တို့ ဒီမိုကရေစီ
လိုနေပြီဆိုတာတော့ သိတယ်။ အဲတော့ ၉၀ ရွေးကောက်ပွဲမှာ အန်ကယ်က ပြည်သူ
တွေရဲ့ Man Date ကို ရထားတာပေါ့။ ဒီ Mandate ကို အန်ကယ် တန်ဖိုးထားတယ်။

“ဒီ ၉၀ ရွေးကောက်ပွဲကိုမှ အန်ကယ်တို့က ဘာမှ ရေရေရာရာ မသိရဘဲနဲ့ အခုလာမယ့်
၂၀၁၀ ရွေးကောက်ပွဲကို အန်ကယ် ဘယ်လိုသဘောထားမလဲဆိုရင် ၉၀ ရွေးကောက်
ပွဲကိုပဲ အန်ကယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ ပြည်သူတွေကပေးထားတဲ့ Man Date ကို
အန်ကယ်ကိုင်ထားသေးတယ်။ အန်ကယ် Committed ဖြစ်ထားတယ်။ အဲဒီအတွက်
လောလောဆယ်မှာ အန်ကယ့်အနေနဲ့ ၂၀၁၀ အကြောင်းကို မစဉ်းစားသေးဘူး။ ဒါ
အန်ကယ့်သဘောထားကို ပြောတာပါ။ အန်ကယ် အန်န်အယ်လ်ဒီဗဟိုနဲ့လည်း
မဆက်သွယ်ရသေးဘူး။ အန်ကယ်က အန်န်အယ်လ်ဒီဖြစ်တဲ့အတွက် သူ့ရဲ့အလံတော်
အောက်မှာဆိုရင် သူ့ရဲ့ အခြေခံအချက်တွေကိုလည်း အန်ကယ်လေးစားရဦးမှာကိုး။”

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပြောပြသွားတာ ဖြစ်ပါတယ်။ ဒေါက်တာ
ဇော်မြင့်မောင်ဟာ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံခဲ့ရ
ပါတယ်။ အဲဒီနောက် အင်းစိန်ထောင်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ
တွေကို ကုလသမဂ္ဂဆီကို စာရေးပေးပို့ခဲ့လို့ ထပ်တိုးပြစ်ဒဏ် ၁၂ နှစ်ကျခံပြီး စုစုပေါင်း
ထောင်ဒဏ် ၃၇ နှစ် ကျနေရာက စနေနေ့မှာ ပြန်လွတ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ကျရင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးကို
ထမ်းနိုင်ဖို့ အကျဉ်းသား ၆,၃၁၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ မြန်မာ
စစ်အစိုးရက ကြေညာပြီး လွှတ်ပေးနေတဲ့အထဲမှာ အခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား
စုစုပေါင်း ၂၅ ယောက်ပဲ ပါသေးတယ်လို့ နိုင်ငံရေးအသိုင်းအ၀န်းက ပြောပါတယ်။

http://www.voanews.com/burmese/2009-02-23-voa6.cfm?rss=topic1

….

ဧရာဝတီ

လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦးသာပါဝင်

E-mail Print

စစ်အစိုးရက စနေနေ့မှ စတင်၍ အကျဉ်းသား ၆၃၁၃ ဦးလွှတ်မည်ဟု ကြေညာ၍ အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံရေး အကျဉ်းသား၂၃ ဦးသာ ပါဝင် သေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“နိုင်ငံရေးအကျဉ်းသား အတည်ပြုလို့ရတာ ၂၃ ယောက်ပဲ ရှိသေးတယ်၊ အဲဒါ အင်းစိန်ထောင်၊ ကလေးထောင်၊ မြစ်ကြီးနားထောင်တွေက၊ မန္တလေးထောင်က ၂ယောက်လွတ်တယ်လို့ကြားတယ်၊ ဒါပေမယ့် အတည်ပြုလို့မရ သေးဘူး၊ အဲဒါက ၂၁ ရက်နေ့က တရက်တည်း လွတ်တာ”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။

ယခုပြန်လွှတ်သည့် နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ မန္တလေး တိုင်း အမရပူရအမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ အပါ အ၀င် ၄ ဦးသာ ပြန်လွတ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပြသည်။

“မန္တလေးကလည်း လွှတ်တယ်၊ အခု မသိရသေးဘူး၊ စာရင်းမရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

ထိုသို့ အစိုးရက ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ပြန်လွှတ်ပေးနေသည် ဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များက ထောင်ဘူးဝတွင် လာရောက် စောင့်မျှော်မှုများ ရှိခဲ့ ကြောင်းလည်း သိရသည်။

ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကို ၏မိခင် ဒေါ်စိုးစိုးသော်က“ကျမတို့သားလည်း ပြန်လွတ်မယ်အထင်နဲ့ အဲဒီစနေနေ့က အင်းစိန်ထောင်မှာ သွားစောင့် သေးတယ်”ဟု ပြောပြသည်။

“ဒါပေမယ့် ကံမကောင်းချင်တော့ သူ့ကို အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပြောင်းထားတယ်တဲ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၃၀၀ ၀န်းကျင် လွှတ်ရာတွင် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေး ကာလ က ဖမ်းဆီးခံခဲ့ရသည့် သံဃာတပါးအပါအ၀င် သံဃာတော် ၉ ပါး နှင့် သီလရှင်၂ပါး ပါဝင်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ သိရသည်။

“အင်းစိန်က လွှတ်တာ အလွန်ဆုံး ၃၀၀ ၀န်းကျင်လောက်ပါပဲ၊ ကျနော့် မျက်မြင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားက  ဦးသက်ဝေ အပါအ၀င် ၁၁ ဦး၊ ကျနော့်ရှေ့မှာ ထပ်ရောက်လာတာက ဘုန်းကြီးတပါး၊ နောက်ပြီး မြောက်ဥက္ကလာ သစ္စာသရဖူ ကျောင်းက အသက် ၈၀ တပါး ရယ်၊ အသက် ၆၀ တပါး ၊ သီလရှင် ၂ ပါး၊ မမွှေး ၊ နောက် ဒေါ်ခင်ခင် လဲ့၊ ဘားဂရာ ၀ံသ ကျောင်းက ဘုန်းကြီး ၇ ပါး၊ ကိုသက်ဝေနဲ့ အတူ လွတ်တဲ့နေ့က ကားပေါ်အတူပါသွားတာ၊ သံဃာအားလုံး ၈ ပါး၊ တပါးက ၂၀၀၇ ရွှေဝါရောင်တုန်းက ဆူးလေမှာအဖမ်းခံရတာ မြောက်ဥက္ကလာ အနန်းပင် ကျောင်း က၊ ကျန် သံဃာတွေက ၂၀၀၃ ခုနှစ် ကတည်းက အဖမ်းခံထားရတာ”ဟု ၎င်းက ပြောပြသည်။

ကလေးမြို့ ထောင်မှ စိန်စီသောည ဗီဒီယို အခွေနှင့်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသည့် ကိုတင်ဌေးနှင့် ကိုသန်းနိုင် တို့ပြန်လွတ်ကြောင်းလည်းသိရသည်။

ယင်းသို့အကျဉ်းသားများကို ပြန်လွှတ်မည်ဆိုပါက မိသားစုဝင်များကို အကြောင်းကြားရန်လိုအပ်အကြောင်းနှင့် ပြန်လွှတ်ရာတွင်လည်း မည်သည့် အကျဉ်းသား မည်ရွေ့မည်မျှ လွှတ်သည်ကို တရားဝင်ထုတ်ပြန်သင့်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။

“ပြီးခဲ့တဲ့ လွှတ်တာတွေတုန်းကလည်း ဂဏန်းတွေပဲ ကြေညာတာ၊ ဘယ်လောက်လွှတ်ပေးပြီးပြီ ဆိုတာ ကြေညာ တာမဟုတ်ဘူး၊ ကျနော်တို့လည်း မသိနိုင်ဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူး ဆိုရင်တောင် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရထိန်းသိမ်းထားတဲ့သူ ဘယ်လောက်ပါတယ်ဆိုတာ တရားဝင် ထုတ်ပြန် ပေးရမှာ ဖြစ်ပါတယ်”ဟု ဦးတိတ်နိုင် ကပြောဆိုသည်။

ဦးတိတ်နိုင်င်ငံက ဆက်လက်ပြီး“ရာဇ၀တ် အကျဉ်းသားပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ် အခုလိုပြန် လွှတ်မယ်ဆိုရင် မိသားစုကို အကြောင်းကြားရပါမယ်၊ လွှတ်ချင်သလိုလွှတ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ တကယ့်ကို ပရမ်းပတာ ဆန်လွန်းတဲ့ လုပ်ရပ်လို့သာ ကျနော်တို့ ထင်ပါတယ်၊ စေတနာမပါဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=751:2009-02-23-13-06-53&catid=1:news&Itemid=2

………

ခေတ်ပြိုင်

ပြန်လွတ်လာလဲ အန်အယ်ဒီအဖွဲ့ဝင်လို့ ခံယူထား
ဒေါက်တာဇော်မြင့်မောင် ခေတ်ပြိုင်ကိုပြော


မင်းနိုင်သူ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

မကြာခင် ရက်ပိုင်းအတွင်း မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က မိမိကိုယ်မိမိ အန်အယ်ဒီအဖွဲ့ဝင်တဦးအဖြစ် ခံယူထားကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မကြာခင်က ပြန်လွတ်လာသည့် အကျဉ်းသား (၆,၀၀၀) ကျော်တွင် တဦးအပါအ၀င်ဖြစ်ပြီး ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရသည်။ လောလောဆည် ကျန်းမာရေးအတွက် ဆေးစစ်ခံဦးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၅) နှစ် အပြစ်ပေးခံရသည်။ ၁၉၉၁ ခုတွင် စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာဇော်မြင့်မောင်အား ပါလီမန်မှ ပယ်ဖျက်ပြီး နောက်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်မလွှတ်သေးသူများထဲတွင် ကိုမျိုးအောင်သန်း၊ ကိုကြည်လင်း ၊ ကိုဇာဂနာ၊ ကိုလှမျိုးနောင်တို့ကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပြင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိများ ၊ စသုံးလုံး ညွှန်ချုပ်တို့လည်း ကျန်နေသေးသည်ဟု ပြန်လွတ်လာသူတွေက ပြောသည်။

နအဖ စစ်အစိုးရက အကျဉ်းသား (၆,၃၁၃) ဦး လွတ်ပေးမည်ဟု ဖေဖော်ဝါရီ (၂၀) ရက်တွင် ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သူများအနက် နိုင်ငံရေးအကျဉ်းသားမှာ (၂၀) ၀န်းကျင်ခန့်သာ ရှိနေသေးသော်လည်း ယင်းတို့အနက် ထောင်ဒဏ် (၁၈) နှစ် (၃) လ ကျခံခဲ့ရသော အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပါရှိလာခဲ့ခြင်းကိုမူ ကျေနပ်ရကြောင်း အန်အယ်လ်ဒီအသိုင်းအ၀န်းက လည်းပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားအကျဉ်းထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရကာ ယခုလ (၂၀) ရက်တွင် ကချင်ပြည်နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဖေစိန်နှင့် အတူ ပြန်လည် လွတ်မြောက်လာသည်။ မြစ်ကြီးနား အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၀) ကျော် ရှိနေသည့်အနက်မှ ၄င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဖေစိန်သည် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အသက် (၇၄) နှစ်ရှိ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ကာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် မြစ်ကြီးနား အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် အတူ ထောင်ဒဏ် (၂) နှစ်စီ ကျခံခဲ့ရသည်။

“မိုးကွက်ကျားရွာတယ်လို့ပြောရမလား။ ဒီမှာက နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်ကျန်နေ သေးတယ်။ အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ကိုနေ၀င်းတို့ ကိုကျော်မောင်တို့လည်း ကျန်နေ သေးတယ်ဗျာ။ ကိုမျိုးအောင်သန်း (ILO)၊ ကိုကြည်လင်း (တောင်ဒဂုံNLD)တို့ဆိုလည်း နှစ်တွေကြာလှပြီလေ။ သူတို့ကိုလည်းလွတ်စေချင်ပါတယ်”ဟု ဦးဖေစိန်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသာနှစ်ဦးနှင့် အတူ မူဆယ် (၁၀၅) မိုင်ဂိတ် အရေးအခင်းကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ပေးခံထားရသော ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီး တင့်ဆွေလည်း ပြန်လည်လွတ်မြောက်လာကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။

voice(အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)

http://www.khitpyaing.org/interviews/feb_09/23-2-09.php

….

(မဇ္ဈိမ)

စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြိုးစားသူ လွတ်မြောက် (အင်တာဗျူး)

အင်တာဗျူး

ဖနိဒါ

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 16:01 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ထောင်ဒဏ် ၃၇ နှစ် ကျခဲ့ရသူ မန္တလေးတိုင်း အမရပူရမြို့နယ်မှ အန်အယ်ဒီ လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်မောင်သည် ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ ယခုလ ၂၁ ရက်နေ့က ပြန်လွတ်လာသည်။

ဤသည်မှာ အကျဉ်းသားပေါင်း ၆၃၁၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရ ကြေညာခဲ့ပြီး နောက်တရက်တွင် အကျဉ်းသားတချို့နှင့်အတူ သူလည်း ပြန်လွတ်လာခြင်း ဖြစ်သည်။

သူ့ကို အကန့်အသတ်များ မထားရှိဘဲ အာဏာပိုင်များက လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

စင်ပြိုင်အစိုးဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ၁၉၉ဝ ခုနှစ် နိုဝင်ဘာလအတွင်းက သူ့ကို ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်းက နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် စတင်ချခဲ့သည်။

ထို့နောက် ပြစ်ဒဏ် ကျခံရစဉ်အတွင်း ၁၉၉၇ ခုနှစ်တွင် ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား အစီရင်ခံခဲ့သဖြင့် ပြစ်ဒဏ် ၁၂ နှစ် ထပ်တိုးခံခဲ့ရသည်။  သူက ဒီမိုကရေစီ လှုပ်ရှားမှု ဆုံးခန်းမတိုင်မချင်း ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ထောင်ထဲတွင် ၁၈ နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားပါသည်။

ထောင်ထဲမှ ဘယ်လောက်နေခဲ့ရလဲ။ စုစုပေါင်း ထောင်ဒဏ် ဘယ်နှနှစ်လဲ။

ဦးက ၁၉၉၂ မှာ နိုဝင်ဘာလ ၂၂ မှာ အဖမ်းခံခဲ့ရတယ်။ ပြီးလို့ရှိရင် ရန်ကုန်မှာ ၁၉၉၇ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နေခဲ့ရတယ်။ အဲဒီကြားထဲမှာ ဦးတို့က နောက်တမှု ထပ်ဖြစ်တယ်။ အဲဒီမှာ ထောင် ၁၂ နှစ် ထပ်ချတယ်။ စုစုပေါင်း ၂၂ နှစ်။ ပထမအမှုက နှစ်အစိတ်ကနေ ၁၅ နှစ်လျော့တော့ ၁ဝ နှစ် ဖြစ်သွားတယ်။ ၉၇ ခုနှစ်က အခု ၂ဝဝ၉ ဖေဖော်ရီလ ၂၁ အထိ မြစ်ကြီးနားထောင်မှာပေါ့နော်။ စုစုပေါင်းဆို ၁၈ နှစ်နဲ့ ၃ လ၊ ၁ ရက် ရှိတယ်ပေါ့။

ဘယ်လို ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခဲ့လဲဆိုတော့ ဦးကို စွဲထားတဲ့ ပုဒ်မတွေကတော့ ပထမတော့ ၁၂၂ (၁) နဲ့က နှစ် အစိတ်ချတယ်။  နောက်တခုက ညီလာခံအကြိုမှာ ၁၉၉ (၃) ဆိုပြီး အမိန့်ကြေညာချက် ထုတ်တယ်။ ကျနော်တို့ ၂၄ ယောက် ကုလသမဂ္ဂကို စာတင်လို့ဆိုပြီး ၅ (င) နဲ့ ၁ဝ နှစ်၊ ဦးဝင်းတင် အပါအဝင်ပေါ့ဗျာ။ ထောင်ထဲမှာ အကျဉ်းသား ကာကွယ်ရေး ဖွဲ့ပါတယ်ဆိုပြီး အသင်းအဖွဲ့ ပုဒ်မ ၆ နဲ့ ၅ နှစ်။

ရှေ့နေလိုက်ခွင့်ရလား။ ရှေ့နေက ဘယ်သူလဲ။

ရှေ့နေနဲ့ တွေ့ခွင့်မရပါဘူး။ ထောင်ထဲမှာပဲ ကျလာခဲ့တာ။ ကိုယ်တိုင် လျှောက်လဲပြီးတော့ တရားစီရင်ရေးပေါ့နော်။

ထောင်ထဲမှာ နေတုန်းက ဘယ်လို အခက်အခဲဆုံး ဖြစ်ရတဲ့ အတွေ့အကြုံတခုလောက် ပြောပြလို့ ရမလား။

ဦးတို့ နောက်အမှု ဖြစ်တုန်း မှတ်မှတ်ရရ စစ်ခွေးတိုက်မှာ နေခဲ့ရတယ်။ ကာလ ၆ လလုံး နေခဲ့ရတယ်။

ထောင်ထဲကနေ ဘယ်လို ထွက်လာခဲ့ရလဲ။ ခံဝန်လက်မှတ် ထိုးခဲ့ရလား။

လက်မှတ် မထိုးခဲ့ရပါဘူး။ သူ့ရဲ့ Release procedure အရတော့ ထိုးပေးရတာပေါ့နော်။ နိုင်ငံရေး မလုပ်ရဘူး ဆိုတာကတော့ ကန့်သတ်ချက် မရှိပါဘူး။ သူတို့က ထောင်ကနေ ရထားနဲ့ အမရပူရအိမ်ထိ လိုက်ပို့တယ်။ အိမ်ကို အပ်တာပေါ့၊ သဘောကတော့။

တခြား ဘယ်သူတွေ အတူလွတ်လာသေးလဲရှင့်။

ဦးရယ်၊ မိုးညှင်းက ဦးဖေစိန်ရယ်။ နောနော်ဆိုတဲ့ လူက စီးပွားရေးသမား ထင်တယ်။ ၅ (ဇ) နဲ့ ဟုတ်တယ်။ ဆက်သွယ်လို့ ရမယ်လို့ မထင်ဘူး။ သူက ပူတာအိုကနေ transit လာရင်းနဲ့ လွတ်သွားတယ်။

အခုလို အန်ကယ့်ကို လွှတ်ပေးတာကို ဘယ်လို မြင်ပါသလဲ။

အခုတော့ ဘယ်လိုမှ မသုံးသပ်နိုင်သေးဘူး၊ ဘာဖြစ်လို့ လွတ်တယ်ဆိုတာ။ လွှတ်ပေးသင့်နေပြီလေ။ ၁၈ နှစ် ကျော်ပြီလေ။ လွှတ်ပေးဖို့တော့ တန်နေပြီလေ။

မြစ်ကြီးနားထောင်ထဲမှာ တခြား နိုင်ငံရေးအကျဉ်းသား ဘယ်သူတွေ ကျန်သေးလဲရှင့်။

အန်အယ်ဒီ ကိုနေဝင်း၊ ရန်ကုန်ကဆိုရင် ကိုမျိုးအောင်သန့်နဲ့ ကိုကြည်လင်း၊ မိုးညှင်းက ဦးကျော်မောင် ကျန်တယ်။ နောက်ပြီး ၂ဝဝ၇ ခုနှစ်မှာ ပြောင်းလာတဲ့ အန်အယ်ဒီ ၄ ယောက် ကျန်သေးတယ်။ ပြီးတော့ ကိုသူရ၊ ကိုမြတ်စံ၊ ကိုလှမျိုးနောင်၊ ကိုသီဟသန့်ဇင်တို့ ကျန်တယ်။ ကိုသူရတို့နဲ့ မတွေ့ရပါဘူး။

ထောင်ထဲမှာနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရပါသလဲ။ ဘာတွေ ပြောင်းလဲသွားပြီလို့ ခံစားရလဲရှင်။

ဘာမှ မသိရပါဘူးခင်ဗျာ။ ဘာမှ သေချာ မသိသေးဘူးလေ။ အပြင်မှာကလည်း ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ ဘူတာကနေ အိမ်ရောက်၊ တိတိကျကျ မဖော်ပြနိုင်သေးပါဘူးကွယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် အန်အယ်ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာရော ဘယ်လို ပါဝင်သွားဖို့ ဆုံးဖြတ်ထားပါသလဲ။

ဦးအနေနဲ့တော့ ပြန်ကြည့်ရမယ်။ ဘာခေါ်မလဲ mission မှ မပြီးသေးတာလေ။ ဆက်လုပ်သွားမှာပဲလေ။ အခုထိတော့ ဘာလုပ်မယ်ဆိုတာ မပြောတတ်သေးပါဘူး။

ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကို အန်ကယ် ဘာများ ပြောချင်ပါသလဲ။

ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် ထောက်ခံ အားပေးကြဖို့ အရေးကြီးပါတယ်။

အခု ထောင်ကနေ လွတ်လာတော့ ဘယ်လို ခံစားရလဲ။

အားလုံး ဝမ်းသာကြပါတယ်။ အိမ်ကလည်း ဝမ်းသာတာ။ ဦးအမျိုးသမီးဆို ၁၈ နှစ်လုံး သူတယောက်ထဲ ဒုက္ခခံလာရတာ။ သားသမီးတွေကို လုပ်ပေးနေရတာ။ သူတို့လည်း သိပ်ဝမ်းသာတာပေါ့ကွယ်။ ဒါပေမဲ့ ကျနော်ကတော့ အပြည့် မပျော်နိုင်သေးဘူး။ ကျနော် မျှော်လင့်တဲ့ လူတွေလည်း ပါမလာသေးဘူးလေ။ ကိုယ့်ရဲဘော်တွေ ကျန်ခဲ့သေးတော့ ဘယ်လို ပျော်နိုင်မလဲဗျာ။ အပြည့်အဝ မပျော်နိုင်ပါဘူးဗျာ။ သူတို့ အားလုံးနဲ့ တွေ့မှ ပျော်နိုင်မှာပါ။

ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ medical checkup လုပ်ရအုံးမယ်။ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မသိသေးဘူး။ ပြန်စမ်းဖို့ လိုလာတယ်။ ဆေးသောက်နေရတယ်။

http://www.mizzimaburmese.com/interview/2492-2009-02-23-09-45-25.html

………

DVB (Burmese)

http://burmese.dvb.no/news.php?id=6931

………

(မဇ္ဈိမ)

သံလက်သီးအမှုတွင် ပါဝင်သူ ပြန်လွတ်လာ

သန်းထိုက်ဦး

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009 16:26 – မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ထောင်ဒဏ် ၇ နှစ် ကျခံနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးညိုကြီး ယခုလ ၂၀ ရက်နေ့က ခန္တီးထောင်မှ ပြန်လွတ်လာသည်။

စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စတင်၍ ပြန်လွှတ်ပေးမည့်ရက် မတိုင်ခင် တရက်အလိုက ယခုလို လွတ်လာခြင်း ဖြစ်သည်။

“ခန္တီးကနေ ပြန်လာတော့ ည ဟုမ္မလင်း ရောက်တာပဲ။ အဲဒီကနေ ပြန်လွတ်လာတဲ့အကြောင်း ဖုန်းဆက်ပြောတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ယခုအခါ အပြန်လမ်း၌သာ ရှိနေသေးပြီး ယနေ့ ညပိုင်းတွင် မတ္တရာသို့ ပြန်ရောက်နိုင်ကြောင်း သူက ဆက်ပြောသည်။

၂၀၀၇ ဇွန်လ ၁၅ ရက်နေ့က မန္တလေးတွင် ပြုလုပ်သည့် အန်အယ်ဒီ အဖွဲ့ဝင်များ၏ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် အမည်မသိ လူတဦးက မတ္တရာအမတ် ဦးသန်းလွင်အား သံလက်သီးဖြင့် ထိုးကာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးအတွင်း ၀င်ပြေးခဲ့သည်မှ စတင်ခဲ့သည်။

ထိုမှတဆင့် ဦးသန်းလွင်က မျက်မြင်သက်သေများနှင့် ရဲစခန်းသို့ သွားတိုင်ရာ ရဲများက ကြံ့ဖွံ့ရုံးသို့ သွားသည့်အခါ ရုံးတံခါး မဖွင့်သည့်အပြင် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲ့ရာမှ မျက်မြင်သက်သေအဖြစ် လိုက်သွားသူ ဦးညိုကြီးနှင့် ကာယကံရှင် ဦးသန်းလွင် အပါအ၀င် ၇ ဦးမှာ ထောင်ဒဏ်များ ကျခံခဲ့ရသည်။

သူတို့အား အသရေဖျက်မှု ပုဒ်မ ၅ဝ၆ ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချခဲ့သော်လည်း မန္တလေးတိုင်း တရားရုံးတွင် အယူခံဝင်ရာ ဦးညိုကြီးမှအပ မျက်မြင်သက်သေ ၅ ဦးအား တနှစ်အထိ ပြစ်ဒဏ်လျှော့ချခဲ့ရာ ၂၀၀၈ ခု အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လွတ်လာပြီး ဖြစ်သည်။

သို့သော် မတ္တရာအမတ် ဦးသန်းလွင်မှာမူ မန္တလေး အိုးဘိုထောင်ထဲ၌ ထောင်ဒဏ် ၈ နှစ် ကျခံနေရဆဲ ဖြစ်သည်။

သံလက်သီးသမားအား ယခုအချိန်ထိ ရှာဖွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြချက်အရ မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်နေရာ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးသာ ပါဝင်သေးကြောင်း သိရသည်။

http://www.mizzimaburmese.com/news/inside-burma/2498-2009-02-24-10-09-05.html

…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: