Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး

leave a comment »

နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး

မောင်ဝံသ

( ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် Popular News journal ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါးကို မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်တွင်းဂျာနယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ပိုပြီးဖော်ပြ ခွင့်ပြုလာတာကို သတိထားမိပါတယ်။ တင်းပြည့်ကျပ်ပြည့် လွတ်လွတ်လပ်လပ် ဆွေးနွေး ရေးသားခွင့် မရှိသေးပေမယ့် အခုလို ဆောင်းပါးလေးတွေကို တွေ့လာရတာဟာ တိုးတက်တဲ့ ပြောင်းလဲမှု တစ်ခုအဖြစ် မှတ်ယူမိပါတယ်။ )

………………….

ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ပြီဆိုရင် ပါလီမန် (လွှတ်တော်) ရှိလာမယ်။ အဲသည် လွှတ်တော်သို့ ပြည်သူများက ရွေးကောက် တင်မြှောက်တဲ့ “အမတ်” ခေါ် လွှတ်တော် ကိုယ်စားလှယ်များ ရှိလာမယ်။ (အမတ်ဆိုတာ တည်ကြည် ဖြောင့်မတ်စွာ ဆောင်ရွက်သူလို့ ဆိုလိုပါတယ်) ၎င်းအမတ်များကို ရွေးကောက် တင်မြှောက်တဲ့ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ရွေးကောက်ပွဲ တွေမှာ ပါဝင် ယှဉ်ပြိုင်မယ့် အမတ်လောင်းများ ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီများ ရှိလာမယ်။ သို့အားဖြင့် နိုင်ငံရေး သမားများလည်း ရှိလာမယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံကြမှာပါ. . .

နိုင်ငံရေးသမား အရည်အချင်း

ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လို အရည်အချင်းတွေ ရှိသင့်သလဲ။ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးကြမှာလဲ။ သည်အချက်တွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အလွန် အရေးပါ ပါတယ်။

နိုင်ငံရေးသမား ဆိုတာ အထက်တန်းလွှာ၊ လူလတ်တန်းစား၊ ပညာတတ်၊ နိုင်ငံ့ဝန်ထမ်းဟောင်း၊ သူဌေး ဘယ်သူ ဖြစ်ရမယ်၊ ဘယ်သူတော့ မဖြစ်ရဘူးဆိုတာ အကန့်အသတ် မရှိပါဘူး။

ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဆေးတက္ကသိုလ် စသည်ဖြင့် အနည်းဆုံး ၁၇ နှစ်လောက် ပညာ သင်ကြားရမယ်။ အနည်းဆုံး တစ်နှစ် အလုပ်သင်အဖြစ် အတွေ့အကြုံ ယူရမယ်။ ဘာကြောင့် သည်လောက် နှစ်တွေများများ သင်ကြား လေ့ကျင့်ရသလဲ ဆိုတော့ ဆရာဝန်ဆိုတာ လူ့အသက်နဲ့ စပ်ပြီး အလုပ်လုပ် ကြရတာကိုး။ တတ်ယောင်ကား ဆရာဝန် လက်ထဲ ရောက်သွားလို့ကတော့ အသက်ပါ ဆုံးရှုံးရနိုင်တယ်။

ဒါဆိုရင် ဆရာဝန် တစ်ယောက်ရဲ့ အရည်အချင်း မပြည့်စုံမှုဟာ တစ်ကြိမ်မှာ လူတစ်ယောက် အသက်လောက်ပဲ ဆုံးရှုံးနိုင်တယ်။ တိုင်းပြည် ကံကြမ္မာကို ၀ကွက် အပ်ရမယ့် နိုင်ငံရေး သမားတွေ အရည်အချင်း မပြည့်စုံရင်၊ အမြော်အမြင် မရှိရင် (ဥပမာ- မဖြစ်သင့်ဘဲ စစ်ဖြစ်သွားခဲ့ရင်) လူ့အသက်ပေါင်း ရာထောင်ချီ ဆုံးရှုံးရနိုင်တယ်။ ဥပမာ- စီးပွားရေး မူဝါဒ တစ်ချက် မှားလိုက်ရင် တိုင်းပြည် မွဲသွားနိုင်တယ်လို့ မပြောနိုင်ဘူးလား။

ဒါကြောင့် နိုင်ငံရေးသမားဟာ တခြား အသက်မွေး ၀မ်းကျောင်း သမားတွေထက် အရေးကြီးတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ သည်တော့ နိုင်ငံရေးသမား ဖြစ်ဖို့ ဘာအရည်အချင်း လိုအပ်သလဲ။

အမေရိကန် စာရေးဆရာ ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားမှာ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းက နိုင်ငံရေး လုပ်ချင်စိတ်ပဲ။ နိုင်ငံရေးသမား လုပ်တော့မယ်ဆိုရင် ဦးဆုံး မိမိကိုယ် မိမိ ဆန်းစစ်ဖို့က တကယ် နိုင်ငံရေးလုပ်ချင်ရဲ့လား ဆိုတာပဲ” လို့ ရေးခဲ့ဖူးတယ်။

ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားဟာ မွေးရာပါ ပါရမီရှင် ဖြစ်ဖို့မလိုဘူး။ တချို့ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးသမား လုပ်ချင် ဖြစ်ချင်တဲ့ ရည်မှန်းချက် ထားရှိခဲ့ကြပေမယ့် ဖြစ်မလာသူတွေ အများကြီးပဲ။ တချို့ကျတော့ မတော်တဆ နိုင်ငံရေး နယ်ထဲ ရောက်ပြီး အောင်မြင်သွားတတ်ကြတယ်။ အမေရိကန် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်ရေဂင်ဟာ ရုပ်ရှင်မင်းသားဘ၀ကနေ နိုင်ငံရေးနယ်ထဲ ရောက်ပြီး သမ္မတအထိ တက်ဖြစ်ခဲ့တယ် မဟုတ်လား”လို့ ထောက်ပြတယ်။

ပြီးတော့ နိုင်ငံရေးသမား ဖြစ်လာဖို့ အကြောင်းတရားတွေကို ဆက်ရေးတယ်။

(၁) နိုင်ငံရေးသမားလုပ်ဖို့ မဆုံးဖြတ်ခင် နိုင်ငံရေးသမား ဖြစ်ချင်တဲ့ ဆန္ဒ ဘယ်ကလာသလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဘာကြောင့် နိုင်ငံရေး လုပ်ချင်သလဲဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြမယ်။ အကြောင်းရင်းအမှန်ကို ဘယ်သူ့ကိုမှ ပြောပြစရာ မလိုဘူး။ တိုင်းရေး ပြည်ရေးကို ကိုယ့်နယ်ပယ် ဒေသအကျိုးကို တကယ် နှစ်နှစ်ကာကာ လုပ်ချင်လို့ ဖြစ်ချင် ဖြစ်မယ်။ ဘ၀တက်လမ်း ရှာချင်လို့ ဖြစ်ချင် ဖြစ်မယ်။ အာဏာရရင် ငါနှင့် မတူ ငါ့ရန်သူတွေကို မှတ်လောက် သားလောက် ဆော်လိုက် နှက်လိုက်မဟဲ့ ဆိုတဲ့ ဒေါသဇောကြောင့် ဖြစ်ချင် ဖြစ်မယ်။ ကိုယ့်အကြောင်း ကိုယ်ပဲ သိတယ်တော့ မထင်နဲ့။ ကြာလာတဲ့အခါ ကျတော့ ပြည်သူတွေကလည်း သိလာမှာပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး လုပ်ချင်စိတ် အလွန်အမင်း ပြင်းပြနေပြီဆိုရင် ဆုံးဖြတ်ချက်ချပါ။

(၂) နိုင်ငံရေးပါတီ ရွေးပါ။ နိုင်ငံရေးသမား လုပ်ပြီဆိုရင် ခြံစည်းရိုး ခွထိုင်လို့ မရပါ။ မိမိခံယူချက်တွေနဲ့ ကိုက်ညီတဲ့ ပါတီရှိနိုင်သလို ပါတီတွေရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို လေ့လာပြီး မိမိက နှစ်သက် သဘောကျတဲ့ ပါတီကိုလည်း တွေ့နိုင်တယ်။ မိမိ နိုင်ငံရေး စိတ်ဝင်စားကြောင်း သိလို့ ချဉ်းကပ် စည်းရုံးတာတွေနဲ့လည်း ကြုံရတတ်တယ်။ ပါတီက မိမိကို မရွေးပါစေနဲ့။ မိမိက ပါတီကို ရွေးပါ။ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ်ပြီးရင် သေသေချာချာ ကြည့်ရမှာက (က) ပါတီခေါင်းဆောင်မှု၊ (ခ) ပါတီမှာ မိမိတွဲဖက် လုပ်ဆောင်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ။

(၃) သင်ပါဝင် ဆောင်ရွက်မယ့် ပါတီ ရွေးပြီးရင် သင်ကြည်ညို လေးစားတဲ့ ခေါင်းဆောင် တစ်ဦးဦးနဲ့ ဆွေးနွေးပါ။ လူချင်း မတွေ့နိုင်ရင် စာရေးဆက်သွယ်ပြီး တိုင်ပင်ပါ။ သင်သိချင်တာတွေ မေးပါ။ သင်ဖြစ်ချင်တာတွေ တင်ပြပါ။ သင့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါ။

(၄) အောက်သက်ကျေပါစေ။ ပါတီမှာ သင်ထမ်းဆောင်နိုင်မယ့် တာဝန်ကို စေတနာ့ ၀န်ထမ်းလုပ်ပေးပါ။ အချိန်ပြည့် လုပ်နိုင်သလား။ အချိန်ပိုင်း လုပ်နိုင်သလား၊ သင်ပေးနိုင်တဲ့ အချိန်ကို မိမိနယ်မြေ တာဝန်ခံထံ သတင်းပို့ပါ။

(၅) လေ့လာ ဆည်းပူးမှု အဆက်မပြတ်ပါစေနှင့်။ အထူးပြု လေ့လာမှုနှင့် အထွေထွေ လေ့လာမှု နှစ်မျိုးစလုံးကို ဆက်လုပ်ပါ။ ဥပမာ- သင့်ကို မော်တော်ယာဉ် လုပ်သားများ စည်းရုံးရေးအတွက် တာဝန်ပေးထားရင် မော်တော်ယာဉ် လုပ်သားများရဲ့ ဘ၀၊ သူတို့ရဲ့ လိုအင်ဆန္ဒ၊ သူတို့အတွက် လိုအပ်ချက် စတာတွေကို အထူးပြု လေ့လာနေရမယ်။ တစ်ချိန်တည်းမှာ တစ်နိုင်ငံလုံးက အလုပ်သမား ရေးရာတွေကိုလည်း မျက်ခြည်မပြတ်ရဘူး။

(၆) အချိန်တန်ပြီဆိုရင် အဆင့်ဆင့်သော ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပါ။ သည်လိုနဲ့ပဲ သင်ဟာ နိုင်ငံရေး သမားကောင်း တစ်ယောက် အဖြစ် ဘ၀ကို နေသွားလို့ ရပါတယ်။

ကျောင်းနေကတည်းက လေ့ကျင့်ပေးရမယ်

ရော်ဘင်ရေဗင်က နိုင်ငံရေးသမား ပျိုးထောင်မှုအကြောင်းကို ဆက်ရေးတယ်။ သူက နိုင်ငံတစ်နိုင်ငံဟာ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး သမားကောင်းတွေ အရေအတွက်များမှ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကြီးပွား တိုးတက်မယ်လို့ ယုံကြည်ဖို့ လိုတယ်တဲ့။ ဒါကြောင့် စာသင်ကျောင်းတွေကနေ နောက်မျိုးဆက်အတွက် နိုင်ငံရေးသမားတွေ လေ့ကျင့် ပျိုးထောင်ပေးရမယ်လို့ သူက တိုက်တွန်းတယ်။ ကျောင်းတွေမှာ အသင်းအဖွဲ့တွေကို ဦးဆောင်မယ့် ကျောင်းသား အမှုဆောင် လူကြီးရွေးပွဲတွေ လုပ်ပေးရမယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ကို လေ့ကျင့်ပေးရမယ် စာတော်နေရုံနဲ့ မပြီး ပေါင်းသင်း ဆက်ဆံရေး ၀င်ဆံ့မှ လူချစ်လူခင်များမှ ထောက်ခံဆန္ဒမဲ များများရမှာဆိုတဲ့ အသိကို သွတ်သွင်း ပေးရမယ်လို့ သူ့ရဲ့စာတမ်းမှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး ပါလီမန် မိခင်နိုင်ငံကြီးလို့ ထင်ရှားတဲ့ ဗြိတိန်နိုင်ငံက “နိုင်ငံရေးသမား အကြောင်း သိကောင်းစရာ” မှတ်စုလေး တစ်ခုကို မြန်မာပြန် တင်ပြလိုက်ပါတယ်။ ယခုတင်ပြချက်ဟာ သူတို့ဆီက ကျောင်းသား လူငယ်လေးများကို ဗဟုသုတအဖြစ် သင်ပေးတဲ့ သင်ခန်းစာဖြစ်လို့ လိုရင်း အချက်များကိုပဲ ဖော်ပြထားပါတယ်။

နိုင်ငံရေးသမားဆိုတာ

သူတို့ဆီမှာ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပါတီ တစ်ခုခုမှာ ပါဝင်ဆောင်ရွက်နေသူ၊ ပါလီမန် အမတ်၊ ရွေးကောက် တင်မြှောက်ခံ ရာထူးဌာနနန္တရ တစ်ခုခုမှာ ၀င်ရောက် အရွေးခံသူ၊ သက်ဆိုင်ရာ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးပေးသူတွေကို ခေါ်ပါတယ်။

ပါလီမန် အမတ်ဖြစ်သွားရင် လစာ တစ်နှစ် ပေါင် ၆၀၀၀၀ မှ ပေါင် ၁၃၆၄၀၀ ရပါတယ်။

အမတ်တွေမှာ အလုပ်ချိန်ရှိတယ်။ ရက်သတ္တတစ်ပတ်လျှင် လန်ဒန်မှာ လေးရက်၊ မိမိရဲ့ မဲဆန္ဒနယ်မှာ တစ်ရက်နေကြရတယ်။

အရည်အချင်းအားဖြင့် ပါလီမန်အမတ် အများစုဟာ GCSE အောင်ပြီးသူ၊ A အဆင့်နဲ့ အောင်သူ၊ ဘွဲ့တစ်ခုခု ရပြီးသူတွေ ဖြစ်တယ်။

ပါလီမန် အမတ် (MP-Members of Parliament) ဆိုတာ မဲဆန္ဒနယ် အသီးသီးက မဲဆန္ဒရှင် ပြည်သူတွေကိ ရွေးကောက် တင်မြှောက်လိုက်သူ ဖြစ်တယ်။ အမတ်အများစုဟာ နိုင်ငံရေးပါတီများကို ကိုယ်စားပြုတယ်။ အမတ် အနည်းစုကတော့ တစ်သီး ပုဂ္ဂလ ၀င်အရွေးခံခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ အမတ်လစာက တစ်နှစ်အတွက် ပေါင် ၆၀၀၀၀၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးက ပေါင် ၁၃၆၄၀၀ ရပါတယ်။

စေတနာ့ဝန်ထမ်း အလုပ်မဟုတ်

ဗြိတိသျှ နိုင်ငံရေး လောကမှာ နိုင်ငံရေးသမားဆိုတာ ဂုဏ်သိက္ခာ ရှိတဲ့ အလုပ်ဖြစ်တယ်။ စေတနာ့ဝန်ထမ်း အလုပ်လို့ မခေါ်ပါဘူး။ လခကြေးငွေ ရသော တာဝန်ရှိသော အလုပ် (job)လို့ သုံးနှုန်းပါတယ်။ အချိန်ပို လုပ်ကိုင်ရတဲ့ အခါများမှာ လွှတ်တော် စီမံဌာနကို စာရင်းပေးပို့ပြီး အိုဗာတိုင် တောင်းနိုင်ပါသေးတယ်။

ပါလီမန် အမတ်တစ်ယောက် ဖြစ်ဖို့ ပညာအရည်အချင်း ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ သို့သော် ဗြိတိန်က အမတ်အားလုံး လောက်ဟာ အနိမ့်ဆုံးအားဖြင့် အထက်တန်းအောင်ပြီး သူများဖြစ်တယ်။ သူတို့ဆီမှာ (General Certificate of Secondary Education-GCSE) လို့ ခေါ်တယ်။ ပြီးတော့ အေအဆင့် (A Level grades) အောင်ပြီးသူနဲ့ ဘွဲ့ရပြီးသူတွေ များပါတယ်။

ဗြိတိန်မှာ နိုင်ငံရေးထဲ မ၀င်ခင် တခြား အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခုကို လုပ်ခဲ့ကြတာ များတယ်။ နောက်လေး ငါးဆယ်နှစ် လောက်နေမှ နိုင်ငံရေး ၀င်လုပ်လေ့ ရှိတယ်။ တချို့ကျတော့ လက်ရှိပါလီမန် အမတ်တစ်ယောက် ယောက်ဆီမှာ သုတေသနမှူး၊ လူမှု ဆက်ဆံရေးမှူး၊ အကြံပေးစသည်ဖြင့် အချိန်အတော် ကြာကြာ ၀င်လုပ်ပြီးမှ ရွေးကောက်ပွဲ ၀င်တယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ လူကြီးနေရာတွေ အတွက် ရွေးကောက်ပွဲဝင် အရွေးခံတာကို အရင်လုပ်တယ် (မြူနီစီပါယ် ရွေးကောက်ပွဲလို့ ခေါ်ပါတယ်)။

စိတ်ချရတော့မှ ရွေးကောက်ပွဲဝင်

ဗြိတိသျှ နိုင်ငံရေး သမားတွေထဲမှာ စိတ်ကူးပေါက်လို့၊ ကြုံကြိုက်လို့၊ အဖော်ကောင်းလို့ နိုင်ငံရေး ၀င်လုပ်တယ် ဆိုတဲ့သူ မရှိသလောက်ပါပဲတဲ့။ နိုင်ငံရေး စိတ်ထက်သန်သူတွေဟာ ကောလိပ်ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး စိုက်လိုက်မတ်တတ် လေ့လာခဲ့ကြတယ်။ စာတွေ့၊ ကိုယ်တွေ့ လေ့လာ ဆည်းပူးကြတယ်။ မဲဆန္ဒရှင် ပြည်သူတွေ ယုံကြည် ကိုးစားလောက်တဲ့ အရည်အချင်း မိမိမှာ အထိုက်အလျောက် ရှိနေပြီလို့ စိတ်ချရတော့မှ ရွေးကောက်ပွဲဝင် အရွေးခံကြတာ ဖြစ်တယ်။

တစ်နည်းပြောရရင် ဗြိတိန်က နိုင်ငံရေးသမားတွေဟာ ဆရာဝန်လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူ၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူတွေ ဆိုင်ရာ ဆိုင်ရာ ပညာရပ်တွေကို နှစ်မြှုပ်လေ့လာ ဆည်းပူးကြသလို နိုင်ငံရေးပညာကို လေ့လာ ဆည်းပူးခဲ့ကြတာ ဖြစ်တယ်။ မိမိသဘောကျတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်ကိုလည်း အဲဒီကာလ ကတည်းက ရွေးချယ်လေ့ရှိတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးရင် မဲပေးလို့ရတယ်။ အရွေးခံလို့ ရတယ်။ အဲသည်အချိန်မှာ နိုင်ငံရေး စိတ်သန်သူဟာ Political activist လို့ ခေါ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ် ကွန်ဆာဗေးတစ်၊ လေဘာ၊ လစ်ဘရယ် ကြိုက်ရာ ပါတီတစ်ခုခုမှာ ပါဝင်လုပ်အားပေးလို့ ရတယ်။ အဓိကတော့ နယ်မြေဆိုင်ရာ ရွေးကောက်ပွဲတွေ၊ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အောင်နိုင်ရေး အဖွဲ့ဝင်ခေါ် မဲဆွယ်သူများ အဖြစ် ပါဝင် လှုပ်ရှားရတာ ဖြစ်တယ်။

အောက်ခြေသိမ်း နိုင်ငံရေးသမား

အဲသည် အဆင့်မှာပဲ တစ်သက်လုံး နေသွားပြီး ပါဝင်အရွေးခံတဲ့ အချိန်ပြည့် နိုင်ငံရေးသမား အထိ မလုပ်ဘဲ နေသူတွေလည်း အများကြီး ရှိတယ်။ သူတို့ကို အောက်ခြေသိမ်း နိုင်ငံရေးသမား (grass roots politicians)တွေလို့ ခေါ်ပါတယ်။ သူတို့လို လူတွေများများ ရှိမှ နိုင်ငံရေး ပါတီတစ်ရပ်ဟာ အခြေခိုင်ပါတယ်။

ရွေးကောက်ပွဲတွေမှာ ပါဝင် အရွေးခံတဲ့အထိ ဆက်လုပ်သွားမယ့် လူတွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူလူထု ယုံကြည် ကိုးစားလောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ပုံရိပ်ပေါ်လာအောင် မိမိကိုယ်ကို ဖြည့်ဆည်းနေရပါတယ်။

တစ်ဦးတည်း အရွေးခံရတာမဟုတ်

ပါလီမန် အမတ်အဖြစ် အရွေးခံတယ်ဆိုတာ မိမိပါတီက အမတ်လောင်း အဖြစ် ရွေးချယ်လိုက်ရုံနဲ့ အမတ်ဖြစ်သွားတာ မဟုတ်ပါ။ အနည်းဆုံး ပါတီသုံးလေးခုက ကိုယ်စားလှယ်လောင်း သုံးလေးဦး ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်သူများက မဲဆန္ဒရှင် ပြည်သူများ ဖြစ်ပါတယ်။ ဗြိတိန်မှာ မဲလိမ်မဲခိုးလို့လည်း မရပါ။ မဲခိုးမှု ဖြစ်ခဲ့ဖူးတာလည်း မရှိပါ။

ထူးခြားတာတစ်ခုက ဗြိတိန်မှာ နိုင်ငံရေးပါတီကို ကြိုက်လို့ မဲပေးတာ၊ မကြိုက်လို့ မဲမပေးတာထက် မိမိတို့ မဲဆန္ဒနယ်က အမတ်လောင်းကို ကြိုက် မကြိုက်က အဓိကပိုကျပါတယ်။ နိုင်ငံရေးပါတီမူဝါဒထက် အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဒီမိုကရေစီ နည်းကျတယ်လို့ သူတို့ ယုံကြည်ကြပါကြောင်း။

မောင်ဝံသ

………………….

မှတ်ချက်။ ပိတောက်မြေ ဘလော့ဂ်မှ ကူးယူဖော်ပြသည်။

Written by Lwin Aung Soe

March 23, 2009 at 4:00 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: