Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေ မိန့်ခွန်းနဲ့ အပြောင်းအလဲ

leave a comment »

ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။

ဧပြီလ(၁) ရက်၊ ၂၀၀၉

ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းတခုကို ရှားရှားပါးပါး ကြားလိုက်ရပါတယ်။ ဖက်ဆစ် တော်လှန်ရေးနေ့က။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာပါ။ မြန်လိုက်ပါဘိ။ အဖြေအသင့်ရှိနေတဲ့သဘောပါပဲ။ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ငါမြင်းငါစိုင်းတော့မယ့်အကြောင်း ကမ္ဘာကိုပါ ကြေညာလိုက်တာလို့ပြောရင် မမှားပါဘူး။

တပါတည်းမှာ စဉ်းစားစရာပေါ်လာတာက နအဖ စစ်ဗိုလ်ချုပ်များဟာ အမေရိကန်နဲ့ စကားပြောခွင့်ရတဲ့အတွက် ပိုပြီး မာနတက်လာ၊ ဘဝင်လေခိုက်နေတာလား၊ ဒါ့သာမက တရုတ်ခေါင်းဆောင်တဦးလည်း လာဆိုတော့ ဗိုလ်သန်းရွှေတို့ နိုင်ငံတကာရေးရာမှာ အောင်မြင်မှုတွေ ရနေလေပလား စတဲ့မေးခွန်းတွေပါ။

ဒါမှမဟုတ်လည်း ဗိုလ်သန်းရွှေရဲ့ ဒီမိန့်ခွန်းဟာ သူတို့ရဲ့ရွေးကောက်ပွဲဥပဒေကို စောင်းပါးရိပ်ခြေ ကြေညာနေတာများလား။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ စတီဖင်ဘလိပ် လာလိုက်တဲ့အတွက် ဗမာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်တော့မှာလားဆိုပြီး တွေးတောသူတွေ အတော်ရှိပါတယ်။ ဗမာပြည်အရေးအပေါ် ဘယ်အတိုင်းအတာအထိ ထိခိုက်နိုင်မလဲ ဆိုပြီး ဆွေးနွေးကြတာတွေလည်း ကြားရပါတယ်။ မီဒီယာအတွက်တော့ စကားဝိုင်းဖန်တီးလို့ ကောင်းပေသပေါ့။ ဒါပေမယ့် ဆွေးနွေးသူတချို့မှာ တကယ်ကို စိုးရိမ်တဲ့ လေသံတွေ ပါနေသလား ထင်မှတ်မိပါတယ်။ နောက်ပြီး အမေရိကန်ဟာ လှည့်ရင် တင့်ကားလို (၁၈ဝ) ဒီဂရီ မလှည့်ပါဘူး။ မီးရထားလို တဖြည်းဖြည်းချင်း လှည့်မှာပါလို့ ချွေးသိပ်သံတွေလည်း ကြားရပါတယ်။ တချို့လောကမှာ ဂယက်မသေးတာ သေချာပါတယ်။

ဒီနေရာမှာ ဗမာပြည်နိုင်ငံရေးရဲ့ အပြောင်းအလဲဆိုတာ ဘာလဲဆိုတာကို ပြန်မေးရပါလိမ့်မယ်။ နအဖစစ်ဗိုလ်ချုပ်တွေက ပုံစံပြောင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုက်တာကို အပြောင်းအလဲလို့ ခေါ်မှာလား။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ကလွှတ်ပေးပြီး ဒီပဲယင်းအခြေအနေမတိုင်မီက လှုပ်ရှားခွင့် ပေးတာလောက်ကို အပြောင်းအလဲခေါ်မှာလား။ နိုင်ငံရေးသမားတွေကို ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာကို အကြိမ်ကြိမ် ပြောင်းလဲနေတယ်လို့ ခေါ်မှာလား။

လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ အဓိကဝင်ရိုးဟာ နအဖစစ်အစိုးရနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုအကြားက ပဋိပက္ခဖြစ်ပါတယ်။ နအဖစစ်အစိုးရနဲ့ အမေရိကန်အစိုးရအကြားက ပဋိပက္ခမဟုတ်ပါဘူး။ ဒါကြောင့်မို့ သဘောတရားအရ ပြောရရင် ဗမာပြည်နိုင်ငံရေးရဲ့ အရေးပါတဲ့အပြောင်းအလဲဟာ နအဖနဲ့ ပြည်သူလူထု အကြားက ပဋိပက္ခကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နအဖနဲ့ အမေရိကန် ဆက်ဆံမှုအကြားက ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

တချို့သော နိုင်ငံရေးဆောင်ရွက်ချက်တွေကိုလည်းပဲ အလားတူပဲစံထားချက်၊ တိုင်းတာမှုနဲ့ တွက်ရမှာဖြစ်ပါတယ်။ တချို့က အမေရိကန်က နအဖအစိုးရကို အသိအမှတ် ပြုလိုက်ရင် ဘယ်လိုဖြစ်မလဲလို့ စဉ်းစားကြပါတယ်။ အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြု မပြုဆိုတဲ့ပြဿနာဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့ပါဘူး။ တဖက်ကပြောရင် နအဖတည်ရှိမှု၊ မတည်ရှိမှုဟာ အမေရိကန်က အသိအမှတ်ပြု၊ မပြုဆိုတာအပေါ်မှာ မတည်ပါဘူး။ အိမ်ဖြူတော်က အသိအမှတ် မပြုလည်း နအဖဟာ တည်ရှိနေမှာပါပဲ။

အမေရိကန်ရဲ့ ပိတ်ဆို့မှု (sanctions) ကို ကြည့်မြင်ရင်လည်း အလားတူပဲ ကြည့်မြင်ရမယ် ထင်ပါတယ်။ ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရအတွက် အခက်အခဲ ဖြစ်စေတာတော့အမှန်ပါ။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကို အခြေခံကျတဲ့ အပြောင်းအလဲတွေ မလုပ်စေနိုင်ပါဘူး။ ပြည်သူတွေဘက်ကကြည့်ရင်တော့ အဲဒီပိတ်ဆို့မှုတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှသိပ်မထူးခြားပါဘူး။ ဆိုလိုတာ နိုင်ငံရေးအားဖြင့်ပြောတာပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်တာဟာ မဆလအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုထားရုံမက အကူအညီတွေ အမျိုးမျိုးပေးနေကြချိန် ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ပွဲဝင်ကြတဲ့ ပြည်သူတွေရော၊ ခေါင်းဆောင်တွေပါ မဆလအစိုးရကို အမေရိကန်က ထောက်ခံထားသလား၊ မထောက်ခံဘူးလားလို့ တွေးတောခဲ့ကြပါသလား။ ဘယ်သူက ထောက်ခံထားတာဖြစ်လို့ မဆလအစိုးရကို မဆန့်ကျင်ဘူးလို့ ဘယ်သူ့ခေါင်းထဲမှာများ ပေါ်ခဲ့ဖူးပါသလဲ။

ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ဒီအရေးတော်ပုံကို တခြားနိုင်ငံအစိုးရတခု ဒါမှမဟုတ် အစိုးရတွေနဲ့ ဆက်ချိတ် စဉ်းစားတဲ့တွေးခေါ်နည်းဟာ အကျိုးမပေးပါဘူး။ နအဖအစိုးရရဲ့ ပြည်ပဆက်ဆံရေး အခြေအနေကို ကြည့်ပြီး ကိုယ်က စိတ်ဓာတ်ကျလိုက်၊ တက်လိုက်ဖြစ်နေလို့လည်း မဖြစ်ပါဘူး။ တကယ်တော့ ဒီလှုပ်ရှားမှုကြီးထဲမှာ ဒီအတွေးအခေါ်ပေါ်နေတာကြာပါပြီ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို လျော့ပါးစေပါတယ်။

ဒီထက်ပိုဆိုးတာကတော့ နိုင်ငံရေးပါတီ ဒါမှမဟုတ် အင်အားစုတရပ်အနေနဲ့ ပြည်ပ နိုင်ငံတခုနဲ့ နအဖအစိုးရတို့ရဲ့ ဆက်ဆံမှုအပေါ် အခြေခံပြီး ကိုယ့်လုပ်ငန်းစဉ်၊ လမ်းစဉ်ကို ချမှတ်တာပါပဲ။ ဒါဆိုရင်တော့ ငါးပါးတောင် မှောက်တတ်ပါတယ်။

တဖက်က ပြန်စဉ်းစားလိုက်ရင်လည်း အမေရိကန်နိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံတခုမှာ သမ္မတပြောင်းလဲလို့  ဒါမှမဟုတ် ပေါ်လစီပြောင်းလဲလို့ ဗမာပြည်ထဲက အရေးတော်ပုံကြီးတခုကို ထိခိုက်တယ်ဆိုရင် ဒီအရေးတော်ပုံဟာ ရာဇဝင်ရိုင်းရော မဟုတ်ပါလား။

တကယ်လို့ ဝါရှင်တန်က နအဖဗိုလ်ချုပ်တွေကို အလျှော့အတင်း လုပ်နိုင်အောင် တိုက်တွန်းနိုင်တယ်ဆိုရင်တော့ မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်ဟာ ဗမာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တစုံတရာထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတောင်မှ ဒီလိုပြောင်းလဲတာရဲ့ အဓိက အကြောင်းရင်းက ပြည်သူလူထုတွေက နောက်မဆုတ်ဘဲ ရပ်ခံနေကြတာဟာ အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ ရှိစေတော့။ အခုတော့ ဗိုလ်သန်းရွှေက ပြတ်ပြတ်သားသားပဲ အဖြေပေးလိုက်ပါပြီ။ သူအဖြေပေးတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သာမက မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်အပေါ် စဉ်းစားတွက်ဆနေကြတဲ့ ပြည်တွင်း ပြည်ပကိုပါ တပါတည်း အဖြေပေးလိုက်တာ ဖြစ်ပါတယ်။ စိတ်ကူးမယဉ်ကြပါနဲ့။

စီးပွားရေးကပ်ဆိုက်နေတဲ့ အမေရိကန်ဟာ “ဦး” သန်းရွှေအစိုးရနဲ့လည်း “ဦး”နေဝင်း အစိုးရနဲ့ ဆက်ဆံမှုမျိုး ပြန်ထားရှိကောင်း ထားရှိလာနိုင်ပါတယ်။ အင်ဒိုနီးရှားကတဆင့် လုပ်နေတာတွေရော၊ မစ္စတာ စတီဖင်ဘလိပ် လာတာပါ။ ဒါတွေ အားလုံးဟာ ဆက်ဆံမှု အပြောင်းအလဲတွေလုပ်နိုင်ဖို့ အပေးအယူ လုပ်နေကြတာ ဖြစ်ဖို့များပါတယ်။ တချို့ လူတွေအတွက်တော့ ဒါဟာ “အပြောင်းအလဲကြီး တရပ်” ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့လုပ်ချင်တာ တွေလုပ်ဖို့ အကြောင်းပြစရာ ရသွားနိုင်ပါတယ်။

ဒီလိုဖြစ်သွားရင် ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံကို ပြည်သူတွေအနေနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။

ရောက်မလာသေးတဲ့ အနေအထားတခုကို ကြိုပြောရတာခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်း ပြောရရင်တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း ဦးနေဝင်း အစိုးရ လက်ထက်တုန်းကလိုပဲ ပြန်လုပ်ကြရမှာပါပဲ။

ရာစုနှစ် တဝက်နီးပါး ပြည်သူတွေ အသက်သွေးချွေးတွေပေးပြီး တောင်းဆို တိုက်ပွဲဝင်နေခဲ့ကြတာဟာ အနှစ်သာရအရကိုပဲ စစ်အာဏာရှင် လက္ခဏာ စိုးစဉ်းမှ မရှိတဲ့ အစိုးရတရပ်ပေါ်ထွက်ရေး ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။


http://www.khitpyaingnews.org/articles/April_09/1-4-09.php

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: