Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

အစွဲ

leave a comment »

အစွဲ

လူဆိုသည်မှာ အစွဲရှိကြသည်၊ အစွဲထားတတ်ကြသည်။ မိမိယုံကြည်လက်ခံထားသောအရာ၊ အကြောင်းအချက်များကို ခိုင်မြဲစွာ စွဲကိုင်လှုပ်ရှားကြသည့် အစွဲရှိသည်။

အစုအဖွဲ့ဖြင့် နေတတ်သောလူသည် အများနှင့်ပတ်သက်သော အကြောင်းအရာများကို မိမိတဦးတည်းဖြင့် ဆောင်ရွက်ခြင်း မပြုနိုင်၊ စုစည်းလုပ်ဆောင်ရမည်ကို သိသည်။ ထို့ကြောင့် အုပ်စု အဖွဲ့များဖြင့် လှုပ်ရှားကြသည်၊ ထို့ကြောင့် မိမိတို့အစု မိမိတို့အဖွဲ့ စသည့်အစွဲများ ဖြစ်လာကြသည်။

လူတဦးနှင့်တဦး တယောက်နှင့်တယောက် သဘောထား ထပ်တူညီသည် ဆိုသည်မှာ အမြဲ မရှိနိုင်ပေ။ အခြေအနေ၊ အကြောင်းအချက်၊ ပုဂ္ဂလိက ခံစားချက်၊ အမူအကျင့်၊ တွေးခေါ်မြော်မြင်မှု စသည်တို့အပေါ် မူတည်ကာ ကွဲပြားမှုများ ဖြစ်လေ့ရှိသည်။

ထိုကဲ့သို့ ကွဲပြားမှုများဖြစ်သည့်အခါ မိမိ၏ ရှုမြင်သုံးသပ်မှု၊ မိမိ၏ အမြင်၊ မိမိ၏ သဘောထားတို့သည် မှန်ကန်သည် ဟူသော အစွဲဖြင့် အခိုင်အမာ ရပ်တည် ပြောဆို လုပ်ကိုင်ကြသည်။ လူတိုင်းသည် အကြောင်းအရာ တရပ်ရပ်ပေါ်တွင် လွတ်လပ်စွာ ရှုမြင် သုံးသပ်ပိုင်ခွင့် ရှိသည်။ မိမိ၏ သဘောထား၊ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရှိသည်။ ထိုအခွင့်အရေးသည် လူတိုင်းတန်းတူခံစားရသည့် ကိုယ်ပိုင်အခွင့်အရေးဖြစ်သည်။

မိမိ၏ အုပ်စု၊ အဖွဲ့အတွင်း ပြောဆိုဆွေးနွေးရာတွင်၎င်း၊ အုပ်စုများအကြား အဖွဲ့များအကြား ပြောဆို ဆွေးနွေးရာတွင်၎င်း တဦးချင်းအမြင်များကို ထုတ်ဖော်ပြသ ပြောဆိုကြသည်၊ ထိုသို့ဆွေးနွေးမှုအဆင့်ကို ကျော်လွန်ပြီး ဆုံးဖြတ်ချက်ချရမည့် အဆင့် ရောက်ပြီဆိုလျှင် မိမိ၏ ကိုယ်ပိုင်ခံစားချက်၊ အမြင်၊ သဘောထား၊ အယူအဆတို့ကို အုပ်စု-အဖွဲ့၏ရည်မှန်းချက်၊ လုပ်ကိုင်ပုံနည်းလမ်းတို့နှင့်သာမက မိမိတို့ရည်မှန်းသောပန်းတိုင်၊ မိမိက ပူးပေါင်းလုပ်ပေးနိုင်-မနိုင် စသည်တို့နှင့် ချိန်ထိုး စဉ်းစားပြီး ဆုံးဖြတ်နိုင်ရမည် ဆိုသည်ကို နားလည် သဘောပေါက်ရန် အရေးကြီးသည်။ ယခုအဆင့်သို့ရောက်လျှင် ပြဿနာဖြစ်သည်က များသည်။ အကြောင်းမှာ အစွဲကြောင့် ဖြစ်သည်။

မိမိတဦးတယောက်တည်းဘက်မှ၊ ရှုထောင့်မှ ကြည့်လျှင် မှန်သည်ဟုဆိုနိုင်သော်လည်း အများနှင့် ပတ်သက်သည့်အခါ ရှုထောင့်စုံ၊ ဘက်စုံမှမြင်တတ်ရန်၊ သဘောထားတတ်ရန် အရေးကြီးသည်။ အများစုမှာ အစွဲများကြောင့် ထိုကဲ့သို့ ချိန်ထိုးကြခြင်း မရှိသည့်အတွက် ပြဿနာ ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်သည်။

လူတိုင်းတွင် အစွဲရှိကြသည်မှာ အမှန်ပင်။ လူမျိုးစွဲ၊ ဒေသစွဲ၊ နိုင်ငံစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ၊ အုပ်စုစွဲ စသည့်အစွဲ များရှိကြသည်။ ထိုသို့အစွဲရှိခြင်းတွင် ကောင်းသည့်အချက်ကို ထောက်ပြလိုသည်။ မိမိကိုယ်စားပြုသော အဖွဲ့၊ မိမိနေထိုင်ရာနေရာ စသည်တို့၏ အစဉ်အလာများ၊ ဓလေ့များကို ထိန်းသိမ်းရေးနှင့် တိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင်နိုင်ရေး၊ တည်တံ့ခိုင်မြဲရေးတို့ကို ဆောင်ရွက်ရာတွင် တွန်းအားပေးမှုများ၊ စေ့ဆော်မှုများသည် အစွဲကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

တူညီသောလားရာ၊ တူညီသောဦးတည်ချက်ရှိပြီး နည်းလမ်းနှင့် ရှုမြင်ပုံများ တူညီနေသော အခါမျိုးတွင် ထိုအစွဲများက တိုးတက်မှုများ ဖြစ်ထွန်းစေရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ သို့သော် ကွဲပြားခြားနားမှုများရှိသော အခြေအနေမျိုး၌ ထိုအစွဲများကို မလျှော့ချနိုင်လျှင်၊ ဘေးဖယ်မထားလျှင်၊ မေ့ပျောက် မထားနိုင်လျှင် တိုးတက်မှုများ ဖြစ်ထွန်းစေရေးအတွက် အထောက်အပံ့ဖြစ်စေတော့မည် မဟုတ်ပဲ၊ အဟန့်အတားသာ ဖြစ်နေစေလိမ့်မည်။

အများနှင့်ပတ်သက်နေသော အရာများကို ဆောင်ရွက်နေသူတို့သည် အစွဲကြီးလျှင် အခက်အခဲ တွေ့ရပေလိမ့်မည်။  ကောင်းကျိုးမဖြစ် ဆိုသည်ကို သိသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရေးမှာ များစွာ ခက်ခဲနေလိမ့်ဦးမည် ဖြစ်သည်။ ထိုအခက်အခဲများကို မည်သို့ ကျော်လွှားသွားနိုင်မည်လဲဆိုသည်ကို အမြဲ စဉ်းစားတွေးတော လုပ်ဆောင် နိုင်ရေးသည် အရေးကြီးသည်။ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုဖြစ်သည့်အတွက် မိမိကိုယ်တိုင် အလေ့အကျင့်လုပ်မှ ဖြစ်မည်။ သို့မှသာ အစွဲများကို ဖျောက်နိုင်မည်ဖြစ်သည်။

အများအတွက် အလုပ်လုပ်ရာတွင် စိတ်ခံစားချက်ကို ဦးစားပေးခြင်းထက် ဦးနှောက်ဖြင့် တွေးတော ဆင်ခြင် လုပ်ကိုင် ခြင်းကို ဦးစားပေးရန်လိုအပ်သည်။ ဆိုလိုသည်မှာ ကိုယ်ပိုင် ခံစားချက်၊ သဘောထားများကို အလွန်အကျွံ ရှေ့တန်း မတင်ရေးပင် ဖြစ်သည်၊ မိမိဆန္ဒအတိုင်း၊ အမူအကျင့်အတိုင်း ပြောဆိုဆွေးနွေး လုပ်ကိုင်မည်ဆိုလျှင် အများနှင့် သဟဇာတ ဖြစ်မည် မဟုတ်ပေ။ သဟဇာတ မဖြစ်လျှင် စုပေါင်းလုပ်ဆောင်မှုများတွင် အဆင်ပြေ ချောမွေ့နိုင်မည် မဟုတ်။ အဆင်ပြေချောမွေ့မှု မရှိလျှင် အောင်မြင်မှုရရန်ကြန့်ကြာပေမည်။

ယနေ့ခေတ်ကာလတွင် မည်သူတဦးတယောက်မျှ တဦးတည်း သီးခြားရပ်တည်ရန်မှာ လွန်စွာခက်ခဲလှပေသည်။ တဦးတယောက်တည်း လုပ်ဆောင်နိုင်သောအလုပ်ဟူသည်မှာ မရှိသလောက်ပင် ရှားပါးလှသည်။ မိမိကိုယ်ကျိုးအတွက် လုပ်သည့်အလုပ် ဆိုသည့်တိုင် အခြားသူများနှင့် အတူလက်တွဲ လုပ်ရခြင်း၊ ပြောဆို ဆွေးနွေးရခြင်း၊ ညှိနှိုင်းတိုင်ပင်ရခြင်း တခုမဟုတ်တခု ရှိနေသည်။ ထိုအခါ မိမိရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ပြောဆို ဆွေးနွေးချဉ်းကပ်မှုများကို အခြေအနေ အချိန်အခါပေါ်မူတည်ကာ တိုးသာ-ဆုတ်သာ လုပ်ရသည် မဟုတ်ပါလော။ ထိုသို့လုပ်ဆောင်ခြင်းသည်ပင် မိမိအခိုင်အမာ ယုံကြည် လက်ခံထားမှုများနှင့် မိမိ၏သဘောထားကို တရားသေ ဆုပ်ကိုင်မထားခြင်း ဖြစ်သည်။

မိမိသဘောထားအယူအဆကို တရားသေ ဆုပ်ကိုင်မထားခြင်းက အစွဲ ကြီးမားခြင်း မရှိ ဆိုသည်ကို ဖော်ပြနေသည်။ တနည်းဆိုရလျှင် ပြောင်းညွတ်လွယ်မှု Flexible ရှိခြင်းပင် ဖြစ်သည်။ Flexible ရှိခြင်းသည် ဆွေးနွေးမှုများပြုရာတွင် တိုးတက်မှု သို့မဟုတ် နားလည်မှု ရရှိစေရန် အားပေးသောအချက်ဖြစ်သည်။ တဦးနှင့်တဦးအကြား နားလည်မှု ရှိခြင်းသည် အပေးအယူ လုပ်နိုင်သည့်အခြေအနေကို ဖော်ဆောင်သည်။ အပေးအယူ လုပ်နိုင်ခြင်းဖြင့် မိမိတို့ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ပြောဆိုဆွေးနွေးမှုကို တိုးတက်အောင်မြင်စေမည် ဖြစ်ပေသည်။

ကျော်ကျော်စိုး

မေ ၃ဝ ၊ ၂ဝဝ၉

This article is contributed by Kyaw Kyaw Soe (Japan) to Save Burma.

Copyright: Kyaw Kyaw Soe

Written by Lwin Aung Soe

June 3, 2009 at 3:39 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: