Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

(ICC) အာဏာရှင် စစ်ခေါင်းဆောင်များကို အမဲလိုက်ခြင်း

leave a comment »


အာဏာရှင် စစ်ခေါင်းဆောင်များကို အမဲလိုက်ခြင်း

Saturday, 25 July 2009 16:40 ဧရာဝတီ

မြန်မာစစ်အစိုးရ အဖွဲ့ဝင်များကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) တွင် တရားစွဲဆို အပြစ်ပေးရန် တောင်းဆိုသံ များသည် သူတို့၏ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုများ ပို၍များလာသည်နှင့်အမျှ ပို၍ ကျယ်လောင်လာခဲ့သည်။

သို့သော် မြန်မာစစ်ဗိုလ်ချုပ်များကို သည်ဟိဂ်မြို့ ရှိ တရားခုံရုံးတွင် တရားစွဲဆို အပြစ်ပေးနိုင်ရေးမှာ လွယ်ကူလှသော ကိစ္စရပ်တော့ မဟုတ်ပါ။ တချို့သောလေ့လာသူများက ဝေဖန်ပြောဆိုနေကြရာတွင် အင်အားကြီးမဟာမိတ်နိုင်ငံများဖြစ် သည့် တရုတ်နှင့် ရုရှားနိုင်ငံ၏ ထီးမိုးကာကွယ်ပေးမှုကို စစ်အစိုးရက ရရှိနေသရွေ့ကာလတလျှောက်လုံး၊ ဤသို့ နိုင်ငံတကာ အရေးယူမှုများ ဖြစ်လာနိုင်ဖွယ် မရှိဟုပင် ဆိုနေကြသည်။

မည်သို့ပင် အဆိုးမြင်များ ရှိနေကြပါစေ အပြည်ပြည်ဆိုင်ရာ ရှေ့နေတဖွဲ့ကမူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်တရပ်လုံးကို ခြိမ်းခြောက် အန္တရာယ်ပြုနေသည့် ရာဇ၀တ်ပြစ်မှုများ ကျူးလွန်နေခြင်း ရှိ မရှိ ကို စတင်စုံစမ်းစစ်ဆေးမှုပြုရန် ဖိအားပေးမှုများ စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဤသည်မှာ စစ်အာဏာပိုင်များကို တရားဥပဒေ ရှေ့မှောက် အရောက်ပို့နိုင်ရေးအတွက်လည်း ပထမဦးဆုံးအဆင့် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရှေ့နေတစု၏ ကြိုးပမ်းမှုများသာ အောင်မြင်ခဲ့ပါက မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေ အဖို့ တနေ့တွင် သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးတွင် တရားစွဲဆိုခံရခြိမ့်မည် ဖြစ်သည်။ ယခင် ဆာဗီးယား စစ်ရာဇ၀တ်ကောင် ဆလိုဗိုဒန် မီလိုဆိုဗစ်သည်လည်း ဤခုံရုံးတွင်ပင် တရားဥပဒေကို ရင်ဆိုင်ခဲ့ရသည်။ (စိတ်ကူးပုံ ဖော်ပြချက်။ ဟန်လေး၊ ဧရာဝတီမဂ္ဂဇင်း)

ဤကြိုးပမ်းမှုကို ကမ္ဘာ့နာမည်ကျော် တရားသူကြီးများက စတင်ကြိုးပမ်းနေကြခြင်း ဖြစ်ပြီး သူတို့က အမေရိကန်ပြည်၊ ဟားဗတ်တက္ကသိုလ်၊ ဥပဒေပညာသင်ကျောင်းရှိ လူ့အခွင့်အရေး ကာကွယ်ကုသခန်း (Human Rights Clinic) မှ နေ၍ ကမ္ဘာ့ကုလသမဂ္ဂအတွက် အစီရင်ခံစာ တစောင် ပြုစုတင်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို ခုံရုံးတင် တရားစွဲဆိုနိုင်ရန် အချက်အလက်များ စုဆောင်းတင်ပြခဲ့ကြသည်။

ဧရာဝတီမဂ္ဂဇင်းက ဤအစီရင်ခံစာ ရေးသားသည့် စာရေးသူများအနက် တဦးဖြစ်သည့် ဟားဗတ်တက္ကသိုလ်၊ ဥပဒေ ကျောင်းရှိ လူ့အခွင့်အရေး ကာကွယ်ကုသခန်း (Human Rights Clinic) ၏ ဒါရိုက်တာဖြစ်သူ တိုင်လာ ဂီယန်နီနီ (Tyler Giannini) နှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များကို သည်ဟိဂ်မြို့ရှိ ICC ခုံရုံးသို့ တင်ရန် မည်သည့် အတွက်ကြောင့် ခက်ခဲနေရသနည်းဟု စတင်မေးမြန်းခဲ့ပါသည်။

ဖြေ။     ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားခုံရုံး (ICC) ကို စတင်ဖွဲ့စည်းခဲ့တဲ့ စာချုပ်ကို မြန်မာစစ်အစိုးရက သဘောတူ  လက်မှတ်ရေးထိုး မထားပါဘူး။ အဲသည်တော့ နိုင်ငံတကာ တရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှု ကိစ္စတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ လုပ်ငန်းစဉ် အားလုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စရပါတယ်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေအရ ICC ကို လွှဲပြောင်းစစ်ဆေးစေဖို့ လိုအပ်တယ်လို့ ယူဆရင် လွှဲပြောင်းပေးနိုင်ပါတယ်။ ဒီအခါမှာ ICC က စုံစမ်းစစ်ဆေးတဲ့ တရားလိုရှေ့နေတွေက စွဲဆိုစရာ ဖြစ်နိုင်ခြေရှိတဲ့ ပြစ်မှုတွေ မစတင်နိုင်မချင်း သူတို့ ဘာသာ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်ပါတယ်။ အဲဒါအပြင် အပြစ်ရှိတယ်လို့ စွပ်စွဲခံရတဲ့သူ မည်သူမဆို ကလည်း တရားခုံရုံး မစတင်ခင်မှာ ခုံရုံးရှေ့မှောက် ရောက်ရှိဖို့ လိုအပ်ပါတယ်။

အဲသည်လို အခြေအနေ ရှိတယ်လို့ လွှဲပြောင်းပေးအပ်တာနဲ့ တရားလိုရှေ့နေတွေက သက်ဆိုင် ပတ်သက်နေသူ အားလုံး ကို ကြည့်ပါတယ်။ အစိုးရဘက်ကိုသာ မဟုတ်ပါဘူး။ (တရားစွဲဆိုဖို့) ဖြစ်နိုင်တဲ့ ပြစ်မှုအားလုံးကို ထည့်သွင်းစဉ်းစားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ICC က ခုံရုံးတင် စစ်ဆေးတဲ့အခါ တခြား အရေးကြီး တဲ့ ထည့်သွင်းစဉ်းစားချက် ၂ ခု လည်း ရှိပါသေးတယ်။ ပထမအချက်က အဲသည်ပြဿနာရှိနေတဲ့ နိုင်ငံက စုံစမ်းစစ်ဆေး မှု၊ အရေးယူအပြစ်ပေးမှု မလုပ်လိုတဲ့ ခါ၊ ဒါမှမဟုတ် အဲသည်လို လုပ်ငန်းစဉ်တွေက အစစ်အမှန် မဆောင်ရွက်နိုင်တဲ့ အခါမျိုးမှာသာ နိုင်ငံတကာမိသားစုက ၀င်ရောက်ဆောင်ရွက်ခွင့် ရှိပါတယ်။ ဒုတိယအချက်က ICC တရားရုံးအနေနဲ့ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်း အခု သဘောတူညီချက် ဥပဒေတည်ပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပျက်တဲ့ကိစ္စ တွေ အပေါ်မှာသာ စီရင်ဆုံးဖြတ်ခွင့် ရှိပါတယ်။

မေး။     ။ မကြာခဏဆိုသလို ထောက်ပြပြောဆိုနေကြတာက ဒါဖောဒေသကိစ္စ၊ ရ၀မ်ဒါ နိုင်ငံကိစ္စ၊ ယခင် ယူဂိုဆလားဗီးယား နိုင်ငံဟောင်း ကိစ္စတွေမှာ ဥပဒေကြောင်းအရ အောင်မြင်စွာ အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ကိစ္စမှာရော အလားတူလမ်းမျိုး ဖြစ်နိုင်ပါသလား။

ဖြေ။     ။ ဒီကိစ္စ ၃ ခုလုံးမှာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုင်ငံတကာတရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှု ကိစ္စတွေ  အတွက် အမေးရှိလာတဲ့အတိုင်း တသားတည်း တုံ့ပြန်ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမအချက်က လူသားမျိုးနွယ်တရပ် လုံးကို အန္တရာယ်ပြု ခြိမ်းခြောက်မှု အပါအ၀င် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ ချိုးဖောက်ခဲ့ဖွယ်ရှိကြောင်း လုံခြုံရေး ကောင်စီက မှတ်တမ်းတင်ပါတယ်။ အဲဒါကြောင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိလာပြီလို့ ဆုံးဖြတ်ပါတယ်။ ဒုတိယအချက်က လုံခြုံရေးကောင်စီက ဥပဒေ ချိုးဖောက်မှုတွေရဲ့ကျယ်ပြန့်မှုအတိုင်းအတာ၊ သဘော သဘာဝကို စုံစမ်းစစ်ဆေးနိုင်ရအောင် ကော်မရှင်တခု ဖွဲ့စည်းပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ဖြစ်ပျက်မှု ရှိ မရှိ အကဲဖြတ် စစ်ဆေးပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို သတ်မှတ်ဖော်ထုတ်ပါတယ်။ နောက်ဆုံးအချက် အနေနဲ့ လုံခြုံ ရေး ကောင်စီက အပြည်ပြည်ဆိုင်ရာ တရားမျှတမှုသဘော ဖြစ်စေဖို့ နောက်အဆင့်များကို ဆက်လက် ဆောင်ရွက်ပါတယ်။

ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းနဲ့ ရ၀မ်ဒါ နိုင်ငံ ကိစ္စများမှာတော့ လုံခြုံရေးကောင်စီက သီးသန့်အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ဖွဲ့စည်းဆောင်ရွက်ခဲ့တာတွေ ရှိပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပါတယ်။ ဒါဖောကိစ္စမှာတော့ ဒီအခြေ အနေကို လုံခြုံရေးကောင်စီက ICC တရားရုံးကို လွှဲပြောင်း စစ်ဆေးစေပါတယ်။

မေး။     ။ သေချာတာကတော့ ဒီလိုလမ်းကြောင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဖြတ်သွားရပါတယ်။ ဒါပေမယ့် ဟားဗတ် ဥပဒေကျောင်းက အစီရင်ခံစာမှာတော့ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံကိစ္စမှာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာ ကို ထောက်ပြထားပါတယ်။ အခု အစီရင်ခံစာရေးသားကြသူတွေက ဘယ်လို အရေးယူ ဆောင်ရွက်မှုမျိုး ဖြစ်စေလိုကြတာလဲ။

ဖြေ။     ။ အခု လေ့လာမှုက ကုလသမဂ္ဂ မှတ်တမ်းတွေကိုချည်း အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ကုလ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေ၊ အထူး စုံစမ်းအစီရင်ခံသူ အရာရှိရဲ့အစီရင်ခံစာတွေကိုသာ လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ဥပဒေ ချိုးဖောက်နေမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဘယ်လောက်သိရှိ ထားသလဲ ဆိုတာကို အကဲဖြတ်ခဲ့တာပါ။ ၁၉၉၀ ခုနှစ်များ နှစ်ဆန်းပိုင်းက ရှိခဲ့တဲ့ မှတ်တမ်းတွေကို စစ်ဆေးလေ့လာခဲ့ပြီး ၂၀၀၂ ခုနှစ် နှောင်းပိုင်း အခြေအနေတွေကို အလေးပေး လေ့လာခြင်းအားဖြင့် ကုလသမဂ္ဂ တာဝန်ရှိသူ အထွေထွေက “အကျယ်အပြန့်” နဲ့ “စနစ်တကျ” ချိုးဖောက်ကျူးလွန်မှုတွေကို စဉ်ဆက်မပြတ် အစီရင်ခံခဲ့ကြတယ်ဆိုတာ တွေ့ရှိရပါတယ်။

ဒီလိုအခြေအနေတွေက လူသားမျိုးနွယ်တရပ်လုံးကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့ ဘောင်ထဲ ရောက်နေနိုင်တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်ကြားမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း အစီရင်ခံသူ အရာရှိက ဖော်ပြခဲ့ရာမှာ ကျေးရွာပေါင်း ၃,၀၇၇ ရွာ ပြောင်းရွှေ့ခဲ့ရတယ်၊ ဖျက်ဆီးခံခဲ့ရတယ်၊ ဒါမှမဟုတ် အတင်းအကျပ် ထွက်ပြေး စွန့်ခွာစေခဲ့တယ်လို့ ဆိုပါတယ်။ သူက “သီးခြားလွတ်လပ်တဲ့” “ယုံကြည်ရလောက်တဲ့” သတင်း ရင်းမြစ်တွေကို အခြေခံ ပြောတာပါ။ ဒီလို လူတွေရွှေ့ပြောင်းထွက်ပြေးနေရတဲ့ အခြေအနေက ဒါဖောဒေသမှာ ဖြစ်နေတာ နဲ့ နှိုင်းယှဉ်လောက်ပါတယ်။

အခု အစီရင်ခံစာမှာ နိဂုံးချုပ်ဖော်ပြထားတာက အခု မှတ်တမ်းတွေက ဖော်ပြထားချက်နဲ့ ယခင် ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ဒါဖောဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်စဉ်လာတွေနဲ့ ချိန်ထိုး ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတွေ ကျူးလွန်ချိုးဖောက်နေခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်(COI) ဖွဲ့စည်းသင့်ပြီ ဆိုတာပါပဲ။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက အခု COI ဖွဲ့စည်းရေးကိစ္စကို တင်ပြသင့်ကြပါတယ်။ အဲသည် စုံစမ်းရေး ကော်မရှင်က တွေ့ရှိ လာချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့လည်း လုံခြုံရေးကောင်စီက ပြင်ဆင်ထားသင့် ပါတယ်။

မေး။     ။ နိုင်ငံတကာ တရားခုံရုံးရှေ့မှာ ဒါမှမဟုတ် တရားရုံးမှာ ဥပဒေကြောင်းအရ အရေးယူမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတခု တည်းနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ လုံလောက်ပါ့မလား။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်စေနိုင်ပါ့မလား။ အဲသလို ခြိမ်းခြောက်မှုကပဲ အလယ်အလတ်အဆင့် စစ်တပ်ခေါင်းဆောင်တွေအတွက် နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ် လာစေဖို့ လုံလောက်တဲ့ စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုတွေ ဖြစ်လာစေနိုင်ပါသလား။

ဖြေ။     ။ မြန်မာနိုင်ငံမှာ ချက်ချင်းဆိုသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်စဲသွားဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင် (COI) ဖွဲ့စည်းပေးဖို့ တောင်းဆိုတာက ဘာဖြစ်လို့ အရေးကြီးသလဲဆိုတော့ စစ်အစိုးရကို တရားဥပဒေစိုးမိုးရေးကိစ္စ အလေးပေးမြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်နေတာ မီးမောင်းထိုးပြ သတိပေးရုံတင်မကဘဲ ပြစ်မှု ကျူးလွန်နေသူတွေ အရေးယူအပြစ်ပေးခံရခြင်း မရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ ကိစ္စတွေ အဆုံးသတ်ရလေအောင်၊ ပြစ်မှုကျူးလွန်သူတွေ တာဝန်ရှိတဲ့အတိုင်း ဖြစ်ရလေအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အခုလို တာဝန်ခံမှုကိစ္စတွေသာ မဟုတ်ဘဲ ကုလ လုံခြုံရေး ကောင်စီက အတည်ပြုထားတဲ့ စစ်ဆေးရေးကိစ္စတွေကြောင့် နောက်ထပ်လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ရလေအောင် စစ်တပ်ကို ပိုလို့အနီးကပ် စောင့်ကြည့်မှုတွေ ရှိလာနိုင်ပါတယ်။ အဓမ္မနေရာပြောင်းရွှေ့ချထားတာ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တာ၊ တရားမဲ့ သတ်ဖြတ်တာ၊ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို လက်မခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ မိသားစုက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုအပြစ်ပေးဖို့ ကြိုးစားတာကို တညီတညွတ်တည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီလို စုပြီးဝေဖန်သံတွေကြောင့် အနည်းဆုံး စစ်အစိုးရကို တုံ့ဆိုင်းသွားစေပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကို ခုံရုံးတင်တရားစွဲတဲ့ကိစ္စကို ပိုလို့ သေသေချာချာ ကိုင်တွယ်ဆောင်ရွက်နေရပါပြီ။ အလားတူပါပဲ။ စုံစမ်း စစ်ဆေးရေး ကော်မရှင်(COI) က လူသားမျိုးနွယ်တရပ်လုံးကို အန္တရာယ်ပြုခြိမ်းခြောက်နေတဲ့ ရာဇ၀တ် ပြစ်မှုတွေကို စစ်ဆေး အကဲဖြတ်လာတဲ့အခါ တချို့သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ် တားဆီးနိုင်ပါလိမ့်မယ်။

ဧရာဝတီ ပုံနှိပ်မဂ္ဂဇင်း ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ထုတ်မှ Hunting the Junta တွေ့ဆုံမေးမြန်းခန်းကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1497:2009-07-25-09-42-20&catid=4:interview&Itemid=10

မြန်မာပြည်သူအများ အထူးလေ့လာမှတ်သားသင့်သော ဆောင်းပါးဖြစ်၍ ဧရာဝတီမှ မူရင်းအတိုင်း ကူးယူကာ တင်ပြခြင်း ဖြစ်ပါသည်။

admin

….

Written by Lwin Aung Soe

August 5, 2009 at 4:30 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: