Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ

leave a comment »

ခေတ်ပြိုင်

သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ

NEJ / ၂၅ သြဂုတ် ၂၀၀၉

မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို  နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံး တောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။  ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက် ထုတ်ရတာပါလဲဘုရား။

ဖြေ။  ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက  သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊ နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့ သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။

ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေးပေမယ့် ငြိမ်နေခဲ့ကြရတယ်။ နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့ ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။

အဲဒီမှာလည်း သူတို့က ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊ ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒီလိုတော့ မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့ အမြဲတမ်းပဲ စော်ကားချင်သလို စော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင် ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။

အခုဆိုရင် သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေ အားလုံးအတွက် ၀မ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ် ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊ အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်း ပြည်ပသံဃာတော်တွေ အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့ မြတ်စွာဘုရား ချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့ ဆင်နွှဲမှဖြစ်မယ် ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။  ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။  ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး ၀န်ချတောင်းပန်ကြရတဲ့ပွဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများကလည်း ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာ ရှိပါတယ်။ ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ စည်းရုံး ညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို  မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့ ပ၀ါရဏာ ပြုကြရပါတယ်။

အဲတော့ သံဃာတော်အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ ပ၀ါရဏာပြုတဲ့အချိန် တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံး စုစည်း ညီညာတဲ့ အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး ၀န်ချ တောင်းပန်ကြသေးတာ၊ နအဖ စစ်အစိုးရအနေနဲ့လည်းပဲ သူတို့ကျူးလွန်ထားတဲ့ အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊ ဆရာတော်တွေကို ပြန်လွှတ်မယ် ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့ သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့ တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ သွားရမယ်ဆိုတဲ့ ဒီလို ရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။  ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။  ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင် မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံ ဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈) ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကို ရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာ ရှိခဲ့တယ်။ ၀ိနည်းဥပဒေတော် ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့ သံဃာတော်တွေက မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊ မဖြစ်မနေ လုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ သာသနာတော်ကို စော်ကားရာ ရောက်နေတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ ဒါက သံဃာတော်တွေ လုပ်ရမယ့်အပိုင်း ဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က ဒီလို လုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင် မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့ သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီး တောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့ အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော် အတွက် အင်မတန် ၀မ်းမြောက်ဖွယ်ရာ ဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။ သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့ ယနေ့ ဟစ်ကြွေးနေကြတဲ့ အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ မြတ်စွာဘုရား ချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့ အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန လိုက်နာဖို့လိုပါတယ်။

မေး။  ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ  (၈) ချက်က ဘာတွေပါလဲဘုရား။

ဖြေ။  ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက် (၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက် ညီခဲ့ရင်တောင်မှပဲ သပိတ်မှောက်ကံဆောင်လို့ ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။

အဲဒါတွေ ကတော့ နံပါတ် (၁) က  ရဟန်းတို့အား လာဘ်မရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။ သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေ ထုတ်တာဟာ သံဃာတော်တွေရဲ့ လာဘ်လာဘကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။

(၂) အချက်က သံဃာတော်တွေကို နေရာမရအောင် လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။ တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊ တချို့ပုန်းရှောင်နေကြရတယ်။

နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးမြင်ကြတဲ့အတိုင်း ပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက် ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။

နံပါတ် (၄) ကတော့ ရဟန်းချင်း ကွဲပြားအောင် ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင် မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့ ၀ိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင် လုပ်တာပါပဲ။

နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ ဆို၏။

နံပါတ် (၆)  တရားဂုဏ် ကျေးဇူးမဲ့ ဆို၏။

နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ ဆို၏ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။

နံပတ် (၈) ကတော့ အကျိုးမဲ့ ဘေးရန်ဖြစ်အောင် ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက်  အကျိုးမရှိတာတွေကို ခွင့်ပြုတာ ဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့ ဖြစ်ပါတယ်။

မေး။  ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။  ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။ ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့ ၀ိုင်းဝန်းလာမယ် ဆိုရင်တော့လည်း ပိုပြီး အောင်မြင်တာပေါ့လေ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊ နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက ၀ိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။  ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။

ဖြေ။  ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့ မရပါဘူး။ မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ ရပ်တည်လို့မရပါဘူး။

ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။ စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ အများစုဖြစ်နေကြပါတယ်။ အမိန့်ပေး ခိုင်းနေတာ အထက်ကခေါင်းဆောင် လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက မလိုက်နာသင့်ဘူး။

ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီ ဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊ သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊ ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီး ကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။

http://www.khitpyaing.org/interviews/Aug09/250809.php

Written by Lwin Aung Soe

August 25, 2009 at 12:42 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: