Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ကာလကတ္တား တရားရုံးအတွင်းမှ ပင်လုံစိတ်ဓာတ်

leave a comment »

ကာလကတ္တား တရားရုံးအတွင်းမှ ပင်လုံစိတ်ဓာတ်

နန်ဒီတာဟက်ဆာ (Nandita Haksar)

သောကြာနေ့၊ နိုဝင်ဘာလ 20 ရက် 2009 ခုနှစ် 19 နာရီ 43 မိနစ်

မဇ္ဈိမ မြန်မာသတင်းဌာန

အနောက်ဘင်္ဂလားပြည်နယ် ကာလကတ္တား စက်ရှင်တရားရုံးများအတွင်း ရှေ့နေလိုက်နေကြသော ဥပဒေအကျိုးဆောင်ကြီးများအတွက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ကြာသပတေးနေ့သည် ခါတိုင်းလို အလုပ်များလှသော နေ့တနေ့သာဖြစ်သည်။

သူတို့သည် တရားသူကြီး မစ္စ ကယ်ပါနာဒေး (Ms. Kalpana Dey) ရုံးထိုင်သော တရားခွင်ရှေ့မှ ငဲ့စောင်း၍ပင် ပြန်မကြည့်ဘဲ ကျော်ဖြတ်သွားကြသည်။ သူတို့အတွက်တော့ မြင်ကွင်းမှာ ဘာမှမထူးဆန်း။ ရှေ့နေများက အနက်ရောင် ဝတ်ရုံများခြုံ၍၊ တရားခွင်စာရေးများက စားပွဲတွင်ထိုင်၍၊ တရားသူကြီးက တရားခွင်မှတ်တမ်းကို သူ့လက်ရေးတို စာရေးကို နှုတ်တိုက်ချပေးနေ၍၊ မြင်နေကျမြင်ကွင်းများပင်။

တရားခွင်မှ အသည်းအသန် ပြောဆိုနေကြသော လျှောက်လဲချက်များကို ကြားလိုက်ရသည့် ရှေ့နေတချို့ကတော့ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ထူးတာလေးများ ကြားရမလားဟူသော စေ့ငုလိုစိတ်ဖြင့် အခန်းတွင်းသို့ ဝင်လာကြတာလည်း ရှိသည်။ အစိုးရရှေ့နေကြီးက နိုင်ငံခြားသားများကို သေသေချာချာ သမ္မန်စာဆင့်ဆိုခြင်း မရှိဘဲ တရားရုံးတွင် သက်သေထွက်ခွင့် မပြုသင့်ကြောင်း ရုံးတော်ကို လျှောက်လဲကန့်ကွက်နေသည်။ နိုင်ငံခြားသားများကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်းသာ သမ္မန်စာဆင့်ဆိုရမည်ဟု သူက ဆိုသည်။

ဤလေကောင်းလေသန့်ရ၍ ကျယ်ဝန်းသော ရုံးတော်၏နောက်ရှိ သစ်သားအချုပ်ခန်းထဲတွင်မူ လူ ၃၄ ဦးကို ချုပ်နှောင်ထားသည်။

သူတို့ထဲမှ အတော်များများမှာ ပင်ပန်းလွန်း၍ ရပ်မနေနိုင်တော့ဘဲ အေးစက်နေသည့် ကျောက်တုံးကြမ်းခင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် အင်္ဂလိပ် စကားလည်း မတတ်၊ ငြင်းခုံပြောဆိုနေကြသည့် ရှုပ်ထွေးပွေလီလှသည့် ဥပဒေရေးရာ အချက်အလက် အကြောင်းအရာများကိုလည်း သူတို့မသိကြ။ သို့သော် တချို့ကတော့ အချုပ်ခန်း သစ်သားတန်းများကိုကိုင်၍ အပြန်အလှန် လျှောက်လဲချက်များကို နားထောင်နေကြသည်။ သူတို့ မျက်နှာများပေါ်တွင်တော့ ပူပန်သောကများက အထင်းသား ပေါ်နေသည်။

ကျယ်ဝန်းလှသော တရားရုံးအတွင်း ချထားသည့် ခုံတန်း ၃ တန်းအနက် နောက်ဆုံးခုံတန်းတွင် ထိုင်နေသူ ၂ ဦးကမူ အေးဆေးစွာ အနှောင့်အယှက်မရှိ အသေအချာ နားစိုက်ထောင်နေသည်။

နောက်ဆုံးတွင် သစ်သားလှောင်အိမ်တွင်းမှ အချုပ်သား ၃၄ ဦး၏ ရှေ့နေကြီးက သူ့သက်သေများကို ခေါ်ယူစစ်ဆေးခွင့်ပြုပါရန် တရားသူကြီးကို ဖျောင်းဖျပြောဆိုလိုက်သည်။ ပထမဆုံး သက်သေမှာ ဦးဟန်ညောင်ရွှေ ဖြစ်သည်ဟု ရှေ့နေကြီးက တရားသူကြီးကို အသိပေးလိုက်သည်။

ဦးဟန်ညောင်ရွှေက နေရာမှထပြီး သက်သေခုံရှိရာသို့ လျှောက်လာသည်။ သူ့ဘေးတွင် ကပ်လျက်ထိုင်နေသူကို တရားရုံးပြင်ပသို့ ထွက်ခွာပေးရန် မေတ္တာရပ်ခံလိုက်သည်။ ဥပဒေအရ တရားခံပြ သက်သေများသည် တဦးထွက်ဆိုနေသည်ကို နောက်တဦးက နားထောင်နေခွင့် မရှိပါ။

ဦးဟန်ညောင်ရွှေ ခနော်နီခနော်နဲ့ သက်သေဝက်ခြံအတွင်းသို့ ဝင်လိုက်ပြီး ကျမ်းကျိန်ရသည်။ ထို့နောက် သူသက်သေထွက်ရန် အသင့်ဖြစ်နေပါပြီ။ သစ်သားလှောင်အိမ်အတွင်းမှ တရားခံများအနေဖြင့် သူဘာပြောနေသည်ကို မကြားရနိုင်ပါ။ သို့သော် သူ၏ ကြက်သရေရှိမှုနှင့် အေးဆေးငြိမ်သက်သော ကိုယ်နှုတ်အမူအရာတို့ကြောင့် မလေးစားဘဲ မနေနိုင်ကြပါ။ ဘင်္ဂါလီလူမျိုး လက်ရေးတိုစာရေးက သူအကျွမ်းတဝင် မရှိသော လေယူလေသိမ်းနှင့် မြန်မာအမည်များကို မနည်းကြိုးစားကာ ရေးမှတ်နေရသည်။

ဦးဟန်ညောင်ရွှေကို လွန်ခဲ့သော ၆၂ နှစ်တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့သည်။ ရှမ်းမင်းမျိုးမင်းနွယ်မှ ပေါက်ဖွားလာသူ ဖြစ်ကြောင်းကို သူ့ဟန်ပန်အမူအယာကို ကြည့်ရုံဖြင့် သိနိုင်သည်။ သူ့ဖခင်သည် ၁၉၄၈ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်ခဲ့ကြောင်း အေးဆေးတည်ငြိမ်စွာဖြင့် စကားလုံးများကို သေချာစွာ ရွေးချယ် ပြောကြားနေသည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သောအခါ သူ့ဖခင်မှာ ဖမ်းဆီးခံရပြီး ထောင်ထဲ၌ပင် သေဆုံးသွားခဲ့ရသည်။ သူ့အကိုတဦးမှာလည်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ကွပ်မျက်ခြင်း ခံခဲ့ရသည်။

ဤကြေကွဲဖွယ် အဖြစ်ဆိုးများကြောင့် မိသားစုလိုက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထို့နောက် ဦးဟန်မှာ ကနေဒါနိုင်ငံတွင် ပြောင်းရွှေ့ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် ကနေဒါနိုင်ငံသားအဖြစ် ခံယူခဲ့သည်။

မျိုးရိုးဂုဏ်ကြောင့်သာမဟုတ်၊ သူ့ပညာရပ်ဆိုင်ရာ အရည်အချင်းများကလည်း အထင်ကြီးစရာပင်။ သူသည် သတ္တုတွင်းတူး အင်ဂျင်နီယာတဦးဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စိစစ်လေ့လာသူတဦးလည်းဖြစ်ကာ ကနေဒါနိုင်ငံတွင် နေထိုင်သူတဦးဖြစ်သည်။ သို့သော် သူ့ဘဝတခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုအတွင်း၌သာ မြှုပ်နှံထားခဲ့သည်။

ဤတရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ကနေဒါနိုင်ငံမှ တနံတလျားလာခဲ့ရသည်။ တရားခွင်နောက် သစ်သားလှောင်အိမ်တွင်းရှိ မြန်မာနိုင်ငံသား ၃၄ ဦးလုံးမှာ လွတ်လပ်ရေး တိုက်ပွဲဝင် တော်လှန်ရေးသမား အစစ်အမှန်များဖြစ်ကြောင်း သူက ရုံးတော်သို့ ထွက်ဆိုသည်။ သူသည် ဘရပ်ဆဲလ်တွင် ဌာနချုပ်ရှိသော ယူရိုဘားမားရုံး (EBO) ၏ အမှုဆောင် ညွှန်ကြားရေးမှူးတဦး ဖြစ်ကြောင်း၊ သူတို့ရုံးမှ ဤအမှုအတွက် ကုန်ကျစရိတ်များကို ထုတ်ပေးနေခဲ့ကြောင်း၊ အကယ်၍ ဤတရားခံ ၃၄ ဦးသည် အိန္ဒိယနိုင်ငံ လုံခြုံရေး အကျိုးစီးပွားများကို ဖောက်ဖျက်ခဲ့သည့် လက်နက်မှောင်ခိုသမားများ ဖြစ်သည်ဟု သံသယရှိခဲ့လျှင် ဤသို့ငွေကြေးများ ထောက်ပံ့ပေးကမ်းရန် လုံးဝ အကြောင်းမရှိပါဟု သူက ရုံးရှေ့တွင် ထွက်ဆိုပြောကြားခဲ့သည်။

သူသက်သေထွက်ပြီးသောအခါ သက်သေခုံမှဆင်း၍ နောက်သက်သေတဦးကို ခေါ်သည်။ ဒုတိယ တရားခံပြသက်သေမှာ ဒေါက်တာတင့်ဆွေ ဖြစ်သည်။ ဒေါက်တာတင့်ဆွေက သူသည် ဆရာဝန်တဦး ဖြစ်ကြောင်း၊ အလုပ်မှ မနုတ်ထွက်မီအထိ ဆေးကုသခြင်း လုပ်ငန်းကို ၁၅ နှစ်ကြာ မျှလုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် ထင်ရှားလှသည့် ခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆိုသွားသည်။ သူသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ သို့သော် စစ်အစိုးရက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များကို အာဏာလွှဲပြောင်း မပေးခဲ့ပါ။ ထိုသို့ လွှဲမပေးသည့်အပြင် ဒေါက်တာတင့်ဆွေမှာ စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် အိမ်မှထွက်ခွာလာခဲ့ရရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အရောက် ၅ ညအိပ်၊ ၆ ရက်ခရီးကို ခြေလျင်လျှောက်ခဲ့ရသည်။

ဒေါက်တာတင့်ဆွေကလည်း ဤမြန်မာနိုင်ငံသား စွပ်စွဲခံရသူ ၃၄ ဦးမှာ အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိ ဒု-ဗိုလ်မှူးကြီး ဂရေးဝါးလ်၏ အမှုဆင်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းကို သူသိကြောင်း ရုံးတော်ကို ထွက်ဆိုသည်။ သူ ဂရေးဝါးလ်ကို လူကိုယ်တိုင်သိကြောင်း၊ ၁၉၉၆ ခုနှစ်က အခြား မြန်မာလူမျိုး ၁၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ရာတွင် သူသည် အဓိကအခန်းမှ ပါဝင်ခဲ့သူတဦး ဖြစ်ကြောင်း သူက ရုံးတွင် ထွက်ဆိုသည်။ အဝေးရောက် မြန်မာနိုင်ငံအစိုးရ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB) ၏ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကိုယ်တိုင် ရုံးရှေ့သို့ လာရောက်ထွက်ဆိုလိုသော်လည်း ဗီဇာမရ၍ မလာနိုင်ကြောင်းကိုလည်း သူက ရုံးတော်သို့ အသိပေးပြောပြခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းက ဦးဟန်ညောင်ရွှေနှင့် ဒေါက်တာတင့်ဆွေတို့ ၂ ဦးလုံးကို လှောင်အိမ်တွင်းမှ အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။ ရခိုင်နှင့် ကရင်လူမျိုး လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား ၃၄ ဦးလုံးနှင့် သူတို့ ၂ ဦးက တဦးချင်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်မှာ တရားရုံးအတွင်းသို့ သက်ဆင်းကျရောက်လာသလို ရှိသည်။ မြန်မာနိုင်ငံသား လွတ်လပ်ရေးတိုက်ပွဲဝင်သူများ လွတ်မြောက်ရေးအတွက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသား လူမျိုးများ၏ ခေါင်းဆောင်များက အတူတကွ လက်တွဲကြိုးပမ်းနေကြသည်။ ထိုမြန်မာနိုင်ငံသား ၃၄ ဦးမှာ တိုင်းရင်းသား ရခိုင်နှင့် ကရင် လူမျိုးများ ဖြစ်ကြသည်။ ဦးဟန်ညောင်ရွှေမှာ တိုင်းရင်းသားလူမျိုးများ ကောင်စီ (ENC) ကို ကိုယ်စားပြုနေသည့် ဂုဏ်သိက္ခာကြီးမားသည့် ရှမ်းအမျိုးသားတဦးဖြစ်ပြီး၊ ဒေါက်တာတင့်ဆွေမှာ မြန်မာလူမျိုးတဦးဖြစ်ပြီး အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ကို ကိုယ်စားပြုလာရောက်ခဲ့ခြင်း ဖြစ်သည်။ ဒါ ကာလကတ္တား တရားရုံးအတွင်း ပင်လုံစိတ်ဓာတ် ပြန်လည်ရှင်သန်နေခြင်း မဟုတ်ပေဘူးလား။

မြန်မာမီဒီယာအများစုက ဤတဒင်္ဂတွင် ဤသို့ ဆက်စပ်နေပုံကို မမြင်လိုက်ကြ၊ လက်ဆွဲနှုတ်ဆက်နေကြပုံ၏ ဆွတ်ပျံ့ဖွယ်အဖြစ်ကို သတိမမူမိလိုက်ကြ။ မြန်မာစစ်တပ်က ၄၇ နှစ်လုံးလုံး ဗုဒ္ဓဘာသာ မြန်မာလူမျိုးဟု ကြွေးကြော်ပြီး ဝါဒဖြန့် သိမ်းသွင်း အုပ်ချုပ်ခဲ့သည်။ လူထု၏ ဒီမိုကရေစီ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံတော် အမြင်သဘောထားကို ချေဖျက်ရန် ကြိုးစားခဲ့သည်။

မြန်မာစစ်အစိုးရကို အာခံ၍ တိုင်းရင်းသားလူမျိုးများနှင့် လူများစု မြန်မာလူမျိုးများ၏ ကိုယ်စားလှယ်များ ဤနေရာတွင် စုရုံးရောက်ရှိလာကာ မြန်မာနိုင်ငံသား လွတ်မြောက်ရေး တိုက်ပွဲဝင်သူ ၃၄ ဦး၏ ဘဝများကို ကယ်တင်နိုင်ရေးအတွက် အတူတကွ ဆောင်ရွက်နေကြသည်။

ဤတရားခွင်သို့ အိန္ဒိယလူ့အခွင့်အရေး တိုက်ပွဲဝင်သူများနှင့် အိန္ဒိယမီဒီယာလည်း ရောက်မလာခဲ့ပါ။ သူတို့သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံသားများနှင့် သွေးစည်းညီညွတ်မှုကိုလည်း ပြသရန် စိတ်မပါကြ၊ ဤလွတ်လပ်ရေး တိုက်ပွဲဝင်သူများကို ဒီမိုကရက်တစ် အိန္ဒိယနိုင်ငံက ၁၂ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားခဲ့သည်ကိုလည်း ဒေါသထွက်ရကောင်းမှန်း မသိကြပါ။ အိန္ဒိယနိုင်ငံသားများသည် ဖက်ဒရယ်စနစ်ပေါ် အခြေခံသည့် အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် လိုအပ်ပုံနှင့် ပင်လုံစိတ်ဓာတ်တို့မှ သင်ခန်းစာများ အများကြီး ရယူနိုင်ပါသည်။

ထိုနေ့က ကျမ တရားရုံးအတွင်းမှ ထွက်ခွာလာချိန်တွင် ပင်လုံစိတ်ဓာတ်က တရားရုံးကို လွှမ်းခြုံနေခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသား တရားခံ ၃၄ ဦးလုံးလည်း မကြာခင် လွတ်မြောက်လာတော့မည့်အကြောင်း ကျမ သိလိုက်သည်။ သို့သော် ကျမစိတ်ထဲတွင် ဝမ်းနည်းစိတ် ပေါ်လာသည်မှာ ကျမတို့ အိန္ဒိယလူမျိုးများနှင့် မြန်မာလူမျိုးများက ကာလကတ္တား တရားရုံးအတွင်း ပင်လုံစိတ်ဓာတ် ပြန်လည်ရှင်သန် နိုးထလာချိန် သမိုင်းသင်ခန်းစာ ကောင်းကောင်းယူနိုင်သည့် တဒင်္ဂလေးကို လက်လွတ်သွားခဲ့ရခြင်းပင်။

စာရေးသူသည် ထင်ရှားသည့် လူ့အခွင့်အရေး ရှေ့နေတဦးနှင့် စာရေးဆရာတဦး ဖြစ်သည်။ သူသည် ဤ မြန်မာနိုင်ငံသား ၃၄ ဦးအမှုကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့သည်။ သူမ၏ နောက်ဆုံးထုတ် စာအုပ်မှာ `သူလျှိုငလိမ် စစ်ထောက်လှမ်းရေး -မြန်မာ့ခုခံဆန့်ကျင်ရေး လှုပ်ရှားမှုကို အိန္ဒိယ စစ်ထောက်လှမ်းရေးက မည်သို့မည်ပုံ သစ္စာဖောက်ခဲ့ပုံအကြောင်း´ ဖြစ်သည်။ ဤစာအုပ်တွင် အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိ ဒုဗိုလ်မှူးကြီး V.S. Grewal မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်သူများကို သစ္စာဖောက်ရန် ဦးဆောင်ကြံစည်ခဲ့ပုံအကြောင်း ဖော်ထုတ်ရေးသားထားသည်။

http://www.mizzimaburmese.com/edop/songpa/4245-2009-11-20-13-33-59.html

မှတ်ချက် – မဇ္ဈိမမှ အပြည့်အစုံ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Written by Lwin Aung Soe

November 27, 2009 at 11:43 am

Posted in မဇ္ဈိမ

Tagged with

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: