Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

Archive for November 2011

မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ

with one comment

မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ

ဆောင်းပါး ရေးဖြစ်သွားတဲ့ အကြောင်းရင်း

လက်ရှိနိုင်ငံရေးမှာ ရှေ့တိုးလုပ်ဆောင်ဖို့ အခက်အခဲဖြစ်အောင် ဆန့်ကျင် လှုံ့ဆော်ပေးတယ်လို့ ထင်ရတဲ့ ကာတွန်းတပုံကို Facebook မှာ တွေ့မိပါတယ်။ ဘယ်သူမဆို လွတ်လပ်ခြင်းနဲ့ သဘောထား ကွဲလွဲခြင်း ဆိုတဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကျင့်သုံးနိုင်ပါတယ်။ ထိခိုက်စေနိုင်တာ ရှိ-မရှိ အရင်ဦးစွာ စဉ်းစားဆင်ခြင်ပြီးမှ လွတ်လပ်မှုကို အသုံးချရင် တန်းတူညီမျှမှုရဲ့ အကျိုးတရားကို ဖြစ်ပေါ်စေတာကြောင့် အားပေးရပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို အထူးသဖြင့် နိုင်ငံရေးမှာ တလွဲဆံပင်ကောင်း အသုံးချရင် တိုင်းပြည်မှာ နစ်နာဆုံးရှုံးမှု ဖြစ်ရပြီး ခံလိုက်ရသူကတော့ ပြည်သူတွေပဲ ဖြစ်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေး နိုင်ငံရေးကိစ္စ ၃ မျိုး

(၁) တရားဥပဒေ စိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊(၃) အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီ ၃ မျိုးကို နည်းနည်းလေး အကျယ်ချဲ့ပြီး စဉ်းစားကြည့်ပါမယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွတ်မြောက်ရေး အပါအဝင် ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စတွေ အားလုံးဟာ တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တာတွေကို ရပ်ဆိုင်းဖို့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ တန်းတူညီမျှမှု ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ ပြည်သူတွေ မနှစ်သက်တဲ့ တရားဥပဒေ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ ဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာ ရှိနေပါတယ်။ ဒါတွေက လတ်တလော လိုအပ်နေတာတွေထဲက အရင်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောင်အစဉ်သဖြင့် ကောင်းစေဖို့ အုတ်မြစ်ချတာလည်း ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေ လုပ်နိုင်ဖို့ ဒီနေ့လို အခြေအနေမျိုးမှာ နိုင်ငံရေး လမ်းကြောင်းသစ်တခုကို ဖန်တီးယူရတာ ဖြစ်ပါတယ်။

အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်း

အရင်တုန်းကတော့ အရင်စစ်အစိုးရ အာဏာရှင်စနစ် လက်အောက်ဖြစ်လို့ တောင်းဆိုချင်တာတောင် ပါးစပ်မဟရဲခဲ့တဲ့ အခြေအနေပါ။ ဒါကြောင့် ကဏ္ဍပေါင်းစုံ ထိုးဆင်း နိမ့်ကျခဲ့ရပါတယ်။ အခုဆိုရင်တော့ တရားဝင် ထုတ်ဖော် ပြောဆို တောင်းဆိုလို့ ရတဲ့အထိ အခြေအနေတွေ တိုးတက်လာနေပါတယ်။ ဒါကြောင့် လမ်းဟောင်းကြီးကို စွန့်ခွာနိုင်ပါပြီ။ လူ့သဘာဝအရ တချို့ကတော့ နှမြောတသ ဖြစ်နေနိုင်ပါတယ်။ မနှမြောပါနဲ့၊ ရှေ့မှာ ဒီ့ထက်မက ကောင်းတာတွေ ရှိနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ မပျက်ပြယ်တဲ့ သမိုင်းဝင်အောင်ပွဲ

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက တခဲနက် မဲပေးထောက်ခံလို့ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်ဟာ မြန်မာ့သမိုင်းမှာ အမြဲတမ်း တည်ရှိနေတဲ့ အမှန်တရားပါ။ တရားဝင် အမိန့်ပြန်တမ်းနဲ့ ထုတ်ပြန်ထားတဲ့ အမှန်တရားပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မီဒီယာကတဆင့် ဒါကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ပျက်ပြယ်တယ်ဆိုတဲ့ စကားက တရားဝင် အမိန့်ပြန်တမ်းတခု ဖြစ်ပေမယ့်လည်း ဥပဒေကြောင်းအရ အကြောင်းပြချက် မခိုင်လုံပါဘူး။ အာဏာရှင်စနစ်ကို လက်မခံသူတွေအနေနဲ့ ဒီလို တရားမဝင် အမိန့်မျိုးကို လက်မခံသင့်ပါဘူး။ မမှန်တာကို လက်ခံစရာလည်း မလိုပါဘူး။ ကြောက်ရွံ့လေးစားလိုက်နာစရာလည်း မလိုတော့ပါဘူး။

ကောင်းသထက်ကောင်းဖို့သာလို

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ ကိစ္စ ၃ ခုမှာ အဲဒါတွေထက် ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိလာရင် ဘယ်သူမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်ယူနိုင်ပါတယ်။ လုပ်နိုင်ခွင့်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ့ကို အကြံပေးချင်တာရှိရင် ပေးကြပါလို့ လမ်းဖွင့်ပေးထားပါတယ်။

တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ

ကျနော့်ရဲ့ တဦးတည်းအမြင်မှာတော့ လက်ရှိ နိုင်ငံရေး လမ်းကြောင်းကို ပိုမိုချောမွေ့သွက်လက်လာအောင် ပြည်သူတဦးချင်းက တနိုင်တပိုင် ဝိုင်းဝန်း ပံ့ပိုးပေးသင့်ပါတယ်။ ဒါဟာ စစ်အာဏာရှင်အစိုးရကို ကူညီပံ့ပိုးတယ်လို့ အဓိပ္ပာယ်  မထွက်ပါဘူး။ စစ်အစိုးရ မရှိတော့ပေမယ့် သူတို့ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကြီးက ရှိနေတာပဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေကို အခုခါမှာ ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းရှိနေပြီး ပိုပြီး ပြင်နိုင်လောက်အောင်လည်း ကြိုးပမ်းနေကြပါပြီ်။ အဲသလိုသာ တစိုက်မတ်မတ် ဆက်လုပ်နိုင်မယ်ဆိုရင် နောင်တချိန်ချိန်မှာ ပြည်သူတွေ တကယ်လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အခိုင်အမာ ရှိလာမှာ မလွဲပါဘူး။

ရန်ဘက်နဲ့ ပြိုင်ဘက် ခွဲခြားနိုင်ရမယ်

နိုင်ငံရေးမှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အယူအဆ၊ လုပ်ပုံလုပ်နည်း ကွဲလွဲတတ်ပါတယ်။ ကွဲလွဲနေတိုင်းလည်း ရန်သူဖြစ်လာစရာအကြောင်း မရှိပါဘူး။ အာဏာရှင်စနစ် ခေတ်လွန်ကာလမှာ မြန်မာ့နိုင်ငံရေးဟာ ရန်ဘက် မရှိတဲ့ အနေအထားကို သိသိသာသာ ကူးပြောင်းနေပါပြီ။ ရန်ဘက် မရှိပေမယ့် ပြိုင်ဘက်ကတော့ ရှိနေမှာ ဖြစ်ပါတယ်။ အမြင်သဘောထား လုပ်နည်းကိုင်နည်း မတူကွဲပြား ခြားနားတာကို အသိအမှတ်ပြု လက်ခံတာဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တဲ့အတိုင်း ပြိုင်ဘက်ဆိုတာ ရှိနေပါလိမ့်မယ်။ ပြိုင်ဘက် ရှိနေမှလည်း တဘက်နဲ့တဘက် ယှဉ်ပြိုင်ကြိုးစားကြလို့ တိုးတက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆင်ခြင်တုံတရား အရေးကြီး

ဒီကနေ့လို အချိန်နဲ့ အခြေအနေမှာ ပြည်သူတွေအဖို့ စားဝတ်နေရေးနဲ့ လု့ခြုံရေးမှာ လိုအပ်နေတာတွေ အများကြီး ရှိနေတုန်း ဖြစ်ပါတယ်။ တချိန်တည်းမှာ လိုအပ်တာတွေကို တောင်းဆိုနိုင်ဖို့လည်း လမ်းပွင့်လာနေပါတယ်။ တကယ်လိုအပ်နေတာကို မှန်မှန်ကန်ကန် တောင်းဆိုနိုင်မှလည်း အမှန်တကယ် တန်ဖိုးရှိရှိ ရလာမှာ ဖြစ်ပါတယ်။ အလကားရတာတော့ ဘာမှမရှိပါဘူး။ လူတဦးချင်းမှာ မိမိတို့ လိုအပ်တာတွေကို ရနိုင်ဖို့ တခုခုတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဆိုရင် အနစ်နာခံရပါတယ်။ ပြည်သူတွေ ဆိုရင်တော့ ဆုံးဖြတ် ရွေးချယ်ပေးရပါတယ်။ တောင်းဆိုချင်တာကို ဆုံးဖြတ်ရွေးချယ်လာရတဲ့အခါ မိမိတို့ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်အပေါ် ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့သာ စဉ်းစားချင့်ချိန် လွတ်လပ်စွာ ဆုံးဖြတ်ရပါမယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ ဆုံးဖြတ်ရွေးချယ်ပြီး လုပ်လိုက်တဲ့ကိစ္စကြောင့် အများပြည်သူ ရည်မှန်းတာ၊ အကျိုးဖြစ်ထွန်းတာကို မထိခိုက်စေဖို့ပါပဲ။

ပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်ဖို့လို

လွတ်လပ်မှု၊ တန်းတူညီတူဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေ ဖြည့်ပေးဖို့ အာမခံနိုင်တာက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပြီး အောင်မြင်ရင် ပြည်သူတွေမှာ လုံခြုံမှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ မအောင်မြင်ရင် အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာပြီး ကျနော်တို့ရော နောင်မျိုးဆက်သစ်တွေရော အာဏာရှင်ရဲ့သားကောင်ဘဝမှာ အချိန်တိုင်း လည်စင်းခံရဖို့ ဖြစ်သွားနိုင်ပါတယ်။

လွင်အောင်စိုး

၂၁-၁၁-၂ဝ၁၁

Download Word – here

Download PDF – here

Written by Lwin Aung Soe

November 22, 2011 at 4:37 am

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်

leave a comment »

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်

 

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ ဆိုတာ ရှိကိုမရှိသင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့် မထားဘဲ မြို့နယ်အဆင့်သာ ထားရတဲ့ အစဉ်အလာကို ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးပါတယ်။ မြို့နယ် အုပ်ချုပ်ရေးရုံးတွေဟာ မြို့နယ်အတွင်း ပြည်သူတွေ နေအိမ်ပြောင်းရွေ့နေထိုင်တဲ့ကိစ္စ၊ အခွန်ကောက်တဲ့ကိစ္စ၊ စည်ပင်သာယာရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်နဲ့ အခြားဘေးဒုက္ခမှ ကယ်ဆယ်ရေးကိစ္စ၊ လူမှုရေးအကူအညီကိစ္စတွေကို အဓိက ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဘဏ္ဍာကျခံပြီး ဒီမိုကရေစီနည်းကျ ထားရှိဖွဲ့စည်းထားရတာ ဖြစ်ပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ထားတဲ့စနစ်က မရိုးမသားနည်းနဲ့ ပြည်သူတဦးချင်းကို ဖိနှိပ်ဖို့နဲ့ အာဏာပိုင်တွေ ကောင်းစားဖို့ ဖန်တီးယူထားတဲ့ စနစ်ပဲ ဖြစ်တယ်။ ဒီအချက်ကို လက်မခံရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းလက်ထက်ကတည်းက တရုတ်၊ ရုရှား ကွန်ုမြူနစ်နိုင်ငံတွေဆီက ပုံတူခိုးချလာတဲ့ ဒီစနစ်ကျင့်သုံးပုံတွေကို ပြန်စဉ်းစားကြည့်ပါ။

ပြည်သူတွေကို စည်းကမ်းသေဝပ်အောင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းအောင်၊ လုံခြုံရေး ဘာညာ အကြောင်းပြပြီး အုပ်ချုပ်စရာ မလိုပါဘူး။ ပြည်သူတွေမှာ လိုက်နာရမယ့် တရားဥပဒေတွေ ရှိထားပြီးသားပါ။ ပြည်သူတွေ စည်းကမ်းပျက်ရင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းမှုကို ထိခိုက်စေရင် အရေးယူစရာ အတိုင်းမသိ ပိုလျှံနေတဲ့ တရားဥပဒေတွေ ရှိနေလို့ ထပ်ဆင့် ဖိအားပေး ခြိမ်းခြောက်ထားစရာ မလိုတော့ပါဘူး။ ရပ်ကွက် ကျေးရွာ လုံခြုံရေးကိုလည်း နိုင်ငံတော်ဘဏ္ဍာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်း တွေက တာဝန်ယူထားရတာပါ။ နောက်ထပ် အပိုလုပ်ပေးစရာ မလိုအပ်တော့ပါဘူး။

ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးကို ပြည်သူတွေကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူရပါတယ်။ မြို့နယ်ရဲစခန်းတွေက သက်ဆိုင်ရာမြို့နယ်အတွင်းက ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်။ ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတွေက ကျင့်သုံးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတခုမှာ လက်တွေ့ကျကျ ခံစားရတာဖြစ်လို့ အတုယူကျင့်သုံးစရာ ကောင်းတယ်လို့ ကျနော် ယုံကြည်ပါတယ်။

ပြည်သူတွေအပေါ် အုပ်ချုပ်တဲ့စနစ်ကို ပြည်သူတွေကသာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရပါမယ်။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက ဆုံးဖြတ်လို့ မသင့်တော်၊ လူကြားမကောင်းတဲ့ ကိစ္စပါ။ လွှတ်တော်မှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ် ဆိုပေမယ့်လည်း လွတ်လပ်မှုမရှိ၊ သမာသမတ်မကျတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက အရွေးခံရသူတွေဖြစ်လို့ အမှန်တကယ် ပြည်သူတွေကို ကိုယ်စား ပြုနိုင်ဖို့ဆိုတာ သံသယဖြစ်စရာပါ။ ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်အတည်ပြုရင်လည်း မှန်ကန်တာပဲလို့ စိတ်ချလက်ချ မယုံစားနိုင်သေးပါဘူး။ ဒါ့ပြင်တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်သွားနိုင်ပါတယ်။

“တိုင်းပြည်ဂုဏ်ရောင်” ဆိုတဲ့စကားကို ဘာလို့ သုံးရသလဲဆိုတာကို နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လက်တွေ့ကျကျ လုပ်ငန်းသဘော ပြောဆိုဆက်ဆံနေရတဲ့ အစိုးရအရာရှိကြီးတွေ ကောင်းကောင်း သိနိုင်ပါလိမ့်မယ်။ ပြည်သူတွေအတွက်မှာတော့ တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်ရုံတင် မဟုတ်ဘဲ အာဏာပိုင်တွေနဲ့ မဆက်ဆံလိုသူတွေ၊ ကင်းဝေးအောင် နေချင်သူတွေအတွက် ဒုက္ခတွေ့ဖို့သာ ရှိပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ အထူးအရေးကြီးတဲ့အချက်တခုကတော့ ပြည်သူတွေဟာ ဘာကြောင့် အာဏာပိုင်တွေကို မဆက်ဆံချင်တာလဲ၊ ကင်းဝေးအောင် ရှောင်ရှားချင်တာလဲ ဆိုတဲ့ ပြည်သူ့ဆန္ဒကို တိုင်းပြည်ခေါင်းဆောင်တွေ၊ လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက အလေးအနက် ထားသင့်ပါတယ်။

အာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်း ဆက်ဆံပြီ ဆိုကတည်းက အဂတိလိုက်စားမှုတွေ ဖြစ်လာစေပါတယ်။ အဂတိလိုက်စားမှု ရှိနေသရွေ့ တိုင်းပြည် ဘယ်တော့မှ မတိုးတက်သလို တိုင်းပြည်ဆင်းရဲ၊ ပြည်သူတွေ ဆင်းရဲ ဖြစ်နေဦးမှာပါပဲ။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးတခုကို ဖွင့်လှစ်ပြီး တာဝန်ရှိတယ်ဆိုသူတွေကို ခန့်ထားရတဲ့အတွက် စရိတ်စက ကုန်ကျမှု ရှိကိုရှိရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းမှာတင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်းမှာ ၁၃ဝ၅ ခု ရှိနေတာဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်လောက်ထိ ကုန်ကျမလဲ ဆိုတာကို တွက်ကြည့်နိုင်ပါတယ်။ ကုန်ကျစရိတ်တွေဟာ နိုင်ငံတော်ဘဏ္ဍာက မျှပေးရတာ ဖြစ်ပါတယ်။ အခုလို ကုန်ကျမယ့် စရိတ်တွေကို မြို့နယ် အုပ်ချုပ်ရေးရုံးတွေကနေတဆင့် လူထုကောင်းကျိုးတွေကို လုပ်ပေးလိုက်ရင် ဘယ်လောက်ထိ ကောင်းသွားနိုင်မလဲ ဆိုတာ လူတိုင်းတွက်ဆလို့ ရနိုင်ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေး အမြော်အမြင် ထားသင့်ပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ မလိုလားအပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို အရင်လိုပဲ ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ သမ္မတဦးသိန်းစိန်တို့ ထိပ်ဆုံးကနေ ဘာလုပ်လုပ် အရင်စစ်အစိုးရလိုပဲ လုံးလည်ချာလည်နဲ့ နောက်ပြန်ဆုတ်သွားမှာဖြစ်ပါတယ်။ သင်ခန်းစာယူပြီး ပြုပြင်သင့်တာကို အမြန်ဆုံး ပြုပြင်နိုင်ဖို့၊ ဖယ်ရှားသင့်တာကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့၊ လုပ်သင့်တာတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတုန်းပါ။

လွင်အောင်စိုး

၁၆-၁၁-၂ဝ၁၁

Download Word – here

Download PDF – here

Written by Lwin Aung Soe

November 22, 2011 at 4:27 am

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

leave a comment »

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်း ပီသစွာ ဥပဒေ မှန်သမျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။ (ကိုဇော်ဝင်း)

“ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ စကားလုံး၊ ဝေါဟာရမှာ ကွာခြားသလို အဓိပ္ပာယ်နဲ့ အဲဒီ အဓိပ္ပာယ်ရဲ့ အကျိုးသက်ရောက်ပုံ၊ အကျိုးသက်ရောက်အောင် လုပ်ယူရပုံတွေမှာလည်း ကွာခြားပါတယ်။

လေးစားလိုက်နာ

ဥပဒေကို လေးစားလိုက်နာရတဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိပါတယ်။ အခြားနိုင်ငံတခုကို ခေတ္တ အလည်အပတ် သွားရင်တောင် အဲဒီနိုင်ငံရဲ့ ဥပဒေမှန်သမျှ လေးစားလိုက်နာရပါတယ်။ လူတိုင်းက ဥပဒေကို လေးစားလိုက်နာ ရသလို ဥပဒေကို ထုတ်ပြန်သူ (သို့) အဖွဲ့အစည်းကိုယ်တိုင်ကလည်း လေးစားလိုက်နာရပါတယ်။ ဒါကြောင့် “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရ” လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လမ်းဆုံက ယာဉ်သွားလာမှု ထိန်းကျောင်းတဲ့ အချက်ပြမီးတိုင်မှာ ညွှန်ပြတာကို ယာဉ်တိုင်းက လေးစား လိုက်နာရပါတယ်။ ဒါဟာ ယာဉ်စည်းကမ်း ဖြစ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ကြေညာချက်၊ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်း အစရှိတာတွေဟာ အဆင့်နဲ့ နေရာဒေသ  ဘယ်လိုပဲ ကွာခြားပေမယ့်လည်း လိုက်နာပေးရတဲ့ သဘောကတော့ အတူတူပါပဲ။ ကျောင်းမှာ ကျောင်းစည်းကမ်း ရှိလို့ ကျောင်းသူကျောင်းသားတွေဟာ သူ့အချိန်နဲ့သူ ကျောင်းကိုလာ စာသင်ယူပြီး အိမ်ပြန်ကြရပါတယ်။ လူနေမှု အသိုင်းအဝိုင်းမှာ အများစုက သဘောတူညီထားတဲ့ ကျင့်ဝတ်၊ စည်းကမ်း စသဖြင့် သတ်မှတ်ပြီး အတတ်နိုင်ဆုံး လေးစားလိုက်နာကြရပါတယ်။

ထိန်းသိမ်းစောင့်ရှောက်

ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာကတော့ ဥပဒေဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်-တိရိစ္ဆာန်ဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ်၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဖြစ်ဖြစ်၊ သမိုင်းကြောင်းဖြစ်ဖြစ် အစရှိတာတွေဟာ တန်ဖိုးထားအပ်တဲ့အတွက် မပျက်စီး မချွတ်ယွင်းရအောင်၊ အခုရော နောင်ရော သုံးလို့ရအောင် တာဝန်ယူသူတို့က အကာအကွယ်ပြုထားတာ ဖြစ်ပါတယ်။

ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ယာဉ်စည်းကမ်းတွေ တိကျမှန်ကန်အောင် ယာဉ်ထိန်းရဲတွေက တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ယာဉ်မောင်းသူက ယာဉ်စည်းကမ်းကို လိုက်နာပေးရပါတယ်။ သီးခြားစီ အဓိပ္ပာယ်ရှိပြီး လုပ်ဆောင်ပုံချင်းလည်း မတူကြပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သုံးနေသမျှ ကာလပတ်လုံး အကျိုးသက်ရောက်နေပြီး မသုံးဘဲထားရင် စက္ကူစုတ်ပါပဲ။ သုံးတာဟာလည်း လူတစုကောင်းကျိုးအတွက် သုံးတာလား၊ လူထုတရပ်လုံးရဲ့ ကောင်းကျိုးအတွက် သုံးတာလား ခွဲခြားနိုင်ရပါမယ်။ ၁၉၇၄ အခြေခံဥပဒေဟာ အာဏာရှင် ဦးနေဝင်းအတွက်၊ တခုတည်းသော သူ့ရဲ့ မဆလ နိုင်ငံရေးပါတီအတွက် သုံးတာဖြစ်လို့ ဦးနေဝင်းနဲ့ အပေါင်းပါတွေကတော့ တန်ဖိုးထား ထိန်းသိမ်းကာကွယ်ပေမယ့် လူထုကောင်းကျိုး မပါတဲ့အတွက် လူထုက အဲဒါကို တန်ဖိုးမထားတာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပါတယ်။

တန်ဖိုးထားအပ်စရာ မရှိရင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ဖို့ မလိုပါဘူး။ ဒါကြောင့် “ထိန်းသိမ်း စောင့်ရှောက်တယ်” ဆိုတဲ့စကားရပ်ကို “လေးစားလိုက်နာတယ်” ဆိုတဲ့စကားနဲ့ ပြန်ပြင်ယူရတာဟာ တနည်းအားဖြင့် နက်ရှိုင်းကျယ်ပြန့်တဲ့ နိုင်ငံရေး အမြော်အမြင်တခုရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတယ်လို့ ကျနော် ယူဆပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေရပါတယ်။ သူတို့အတွက်ကတော့ ၂ မျိုးစလုံး ဖြစ်ပါတယ်။ သူတို့ကိုလည်း ဥပဒေအောက်မှာ ရှိနေရမယ်လို့ အခြေခံဥပဒေက အာဏာကန့်သတ်ထားရပါတယ်။

တရားတဲ့ ဥပဒေ၊ မတရားတဲ့ ဥပဒေ

“အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာ ထာဝရ အမှန်တရားပါ။ အခုလက်ရှိအချိန်မှာလည်း ဒီအတိုင်း ပြုမူနိုင်ပါတယ်။ နောင်ဘယ်အချိန်မဆို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံသားကောင်း ပီသစွာ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားကောင်း ဆိုတာ တရားတဲ့ ဥပဒေကို လိုက်နာရုံသာမကဘဲ မတရားတဲ့ ဥပဒေတွေကိုပါ ရှိလာခဲ့ရင်  ဆန့်ကျင် တိုက်ဖျက် ဖယ်ရှားနိုင်မှလည်း နိုင်ငံသားကောင်း ပီသပါတယ်။

မတရားတဲ့ ဥပဒေကို ဆန့်ကျင်ရာမှာ ဥပမာအားဖြင့် ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ထည့်သုံးဖို့၊ မလျော်ညီတာတွေကို ပြန်လည် ပြင်ဆင် ဖြည့်စွက် နှုတ်ပယ် ဖယ်ရှားဖို့ ဥပဒေပြု လွှတ်တော်အတွင်းကနေ လုပ်နေကြတာ ရှိပါတယ်။၊ မတရားတဲ့ တည်ဆဲဥပဒေတွေ ရှိနေသမျှ လုထုကိုသာ ဒုက္ခရောက်စေတာဖြစ်လို့  ပြန်လည် ပြင်ဆင်/ဖျက်သိမ်းဖို့ကို ကြိုးပမ်းကြရပါတယ်။ ဥပဒေပြု လွှတ်တော်အတွင်းကနေ ဒီလိုနည်းလမ်းရှိသလို လက်နက်ကိုင် တော်လှန်ရေး၊ အကြမ်းမဖက် လူထုလှုပ်ရှားမှု စတဲ့ အခြားဗျူဟာတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သင့်တော်ရာ အခြေအနေမှာ သင့်တော်ရာနည်းလမ်းနဲ့ လုပ်ရတာပါပဲ။ အရေးကြီးတာက လက်တွေ့ကျကျ လုပ်နေဖို့ပါ။

အသွင်ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အလမ်း

အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာနေပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေးကာလ (Transitional period) ပါ။ အမှန်တော့ အသွင်ကူးပြောင်းရေးကာလလို့ အတိအလင်း ကြေညာပြီး ပြုပြင်ပြောင်းလဲရေး (Reforms) တွေကို တဆင့်ချင်း လုပ်ဆောင်သွားရင် အတော်အတန် ရှင်းမယ့်သဘော ရှိနိုင်ပါတယ်။ ဒါပေမယ့် မတတ်သာတဲ့ အနေအထားကနေ ရနိုင်သလောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အသွင်ကူးပြောင်းနေရတာကို တွေ့မိပါတယ်။ ပြုပြင်ပြောင်းလဲနိုင်ခွင့် ရနေတာကိုက အင်မတန် ကောင်းနေတဲ့ နိုင်ငံရေးအခြေအနေဖြစ်ပြီး ရှားရှားပါးပါး ရနေတဲ့ အခွင့်အလမ်းလို့လည်း ကျနော် မြင်မိပါတယ်။

ဒီအခွင့်အလမ်းကို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အသွင်ကူးပြောင်းတာ ပိုမြန်လာမှာ ဖြစ်ပါတယ်။ နည်းလမ်းက မမှန်ကန်၊ မှန်ကန်သည့်တိုင်အောင် မထိရောက်၊ လုပ်တဲ့သူတွေမှာလည်း မညီမညွတ်၊ ညီညွတ်သည့်တိုင်အောင်မှ အာဏာရှင်အရိပ်အောက်က မလွတ်သေးဘဲ ဖြစ်နေရင်တော့ အသွင်ကူးပြောင်းဖို့တောင် ပြန်ပျက်သွားနိုင်ပါတယ်။  

ပြုပြင်ပြောင်းလဲရေးတွေမှာ အရေးကြီးဆုံးက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့ အမျှ ပြည်သူတွေ ပိုမို အကျိုးခံစားရဖို့ ရှိလာနိုင်တဲ့ကိစ္စပါ။ တတ်နိုင်သမျှ ထဲထဲဝင်ဝင် ရှိနေလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပြည်သူ့အသံကို အမှန်တကယ် နားထောင်ပေးတာ၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ဦးတည်ပေးတာဟာ တကယ်တော့ လုပ်ရပ်ကောင်းတွေ ဖြစ်ပါတယ်။ မကောင်းရင်လည်း ကောင်းလာအောင် နိုင်ငံရေးပါတီတွေ၊ စတုတ္ထမဏ္ဍိုင် မီဒီယာနဲ့ ပြည်သူတွေကပဲ ထိန်းမတ်ပေးနေရမှာ ဖြစ်ပါတယ်။

ဥပဒေ ပြင်ဆင် / ဖျက်သိမ်း

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း နဝတနဲ့ နအဖ စစ်အာဏာရှင် ခေါင်းဆောင်တို့က တွင်တွင်ကျယ်ကျယ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေတွေကို အဆင့်ဆင့်တက်ပြီး ထုတ်ပြန်တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီ ဥပဒေ၊ အမိန့်တွေဟာ မတရားမှန်း သိကြပေမယ့် ပြည်သူလူထုအနေနဲ့ လည်စင်းခေါင်းခံပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့နဲ့ ပတ်သက်ပြီး ဥပမာပြပါမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ အခြေအနေ ၃ ရပ်ကို အခြေခံပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိတယ် လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၄၁၂(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အရ အရေးပေါ်အခြေအနေ ကြေညာနိုင်တာလည်း ရှိပါသေးတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။

တကယ်လို့ ဒီလိုမျိုး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မဖြစ်စေဘူး (သို့) ပြည်သူလူထုကို ခြိမ်းခြောက်နေတယ် (သို့) နှစ်ခုစလုံး (သို့) အခြားတခုခု ရှိနေတယ်ဆိုရင် ဒါကို ဥပဒေပြု လွှတ်တော်ထဲကနေ ပြန်လည် ပြင်ဆင် ဖြည့်ဆင် ပယ်ဖျက်ဖို့ ကြိုးပမ်းရပါမယ်။ နိုင်ငံသားတိုင်းမှာ အဲဒီလို ကြိုးပမ်းပိုင်ခွင့် ရှိပါတယ်။ စောစောက ပြောတဲ့အတိုင်း ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အောင်မြင်မှာပါပဲ။ အောင်မြင်နိုင်ဖို့အတွက် လိုအပ်မယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုတင်ဖန်တီး ယူနိုင်ရပါမယ်။ ဒီလိုပဲ အခြားဥပဒေဆိုင်ရာကိစ္စတွေကိုလည်း လူထုအလိုကျ ဖန်တီးယူရဖို့ ရှိပါဦးမယ်။ 

အစိုးရက ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနိုင်မလား

အစိုးရဟာ အခြေခံဥပဒေဘောင်နဲ့ ကင်းလွတ်တဲ့ (သို့) အခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံနဲ့ လူထု အကျိုးစီးပွားကို မဖော်ဆောင်နိုင်တဲ့ ဥပဒေ တရပ်ရပ်ကို ထုတ်ပြန်လာပြီဆိုရင် ဝိုင်းဝန်းတားဆီးရပါမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ ၂၅% တပ်မတော်သား လွှတ်တော်အမတ်တွေ လွှမ်းမိုးထားလို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ စောဒကတက်နိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အားလုံးဟာ အရင်က စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ဖြစ်ကြလို့ ဥပဒေပြုရေးဟာ သူတို့လက်ထဲမှာ ရှိနေတာပဲ လို့လည်း ပြောနိုင်ပါတယ်။ ဒီအနေအထားအရ အစိုးရဟာ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနေနိုင်ပါတယ်။

အဲဒါမျိုး မဖြစ်စေချင်ရင် ကျနော်တို့ အနေနဲ့  တခုခုတော့ လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲလို့ အရင်စဉ်းစားရပါမယ်။ ဒီနေရာမှာ Concept တခုကို ကျနော် ဖော်ပြချင်ပါတယ်။ နိုင်ငံအတွက် အရေးတကြီး လိုအပ်လာတဲ့အချိန်မှာ နိုင်ငံသားတိုင်းဟာ အမျိုးသားရေးဘက်ကို ရှေ့ရှုကြပါတယ်။ ဘယ်အချိန်ဟာ နိုင်ငံအတွက် အရေးကြီးလာတဲ့ အချိန်၊ ဘာအတွက် အရေးကြီးလာရတယ် ဆိုတာကို မှန်မှန်ကန်ကန် သတ်မှတ်နိုင်ရပါမယ်။ အရေးကြီးလာတာကို အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ သဘောပေါက် လက်ခံလာတာနဲ့အမျှ အားလုံးဟာ မိမိတို့ရဲ့ခံယူချက်အစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အသင်းအဖွဲ့စွဲတွေကို ခေတ္တခန ဘေးချိတ်ပြီး အချင်းချင်း ပူးပေါင်းကူညီ လုပ်ဆောင်ကြတာဟာ အမျိုးသားရေးဘက်ကို ရှေ့ရှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ လိုအပ်ရင်  ဖြစ်အောင် လုပ်ယူကြရမှာပါ။ လုပ်ရတာ လွယ်ရင်လည်း လွယ်သွားနိုင်ပါတယ်။ ခက်ရင်လည်း ခက်နိုင်ပါတယ်။ စိတ်ပျက်စရာ မလိုပါဘူး။ ဘာမှမလုပ်ဘဲ လက်မှိုင်ချပြီး စိတ်ညစ်ခံနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးတနေ့ လုပ်ယူနိုင်တဲ့အခြေအနေမှာ ဘယ်အစိုးရမှ သူကြိုက်တဲ့ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ မရနိုင်သလို ထုတ်လိုက်တဲ့ ဥပဒေတိုင်းဟာလည်း ပြည်သူတွေအတွက် အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်လာရပါလိမ့်မယ်။

ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာ Team work ရှိစပြုလာနေပါပြီ။ အသွင်ကူးပြောင်းရေးကာလမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရင်ထက်ပိုပြီး အရည်အချင်းရှိရှိ ထက်ထက်မြက်မြက် လုပ်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီလိုမျိုး ဖြစ်လာအောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ နစ်နာဆုံးရှုံးမှုတွေ အများကြီးနဲ့ နှစ်ပေါင်းဘယ်လောက် ကြာအောင် ကြိုးပမ်းနေခဲ့ကြရပါသလဲ။ တွေးကြည့်ကြပါ။ အခုဆိုရင် ရှိလာတဲ့ Team work ကို ပိုမိုအားကောင်းအောင် တဦးချင်းက တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့သာ လိုအပ်နေပါတော့တယ်။

လွင်အောင်စိုး

၁၂-၁၁-၂ဝ၁၁

Download PDF – Elephant

Download Word – Elephant

Written by Lwin Aung Soe

November 12, 2011 at 7:58 pm

ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ

leave a comment »

ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ

မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ခေတ်သစ်နိုင်ငံတခုကို တည်ဆောက်မယ်လို့ ရည်မှန်းခဲ့သမျှ၊ ကြိုးပမ်းခဲ့သမျှ၊ ကြွေးကြော်ခဲ့သမျှ အခုအချိန်ရောက်မှ အမှန်တကယ် လက်တွေ့ကျကျ စတင် လုပ်ဆောင်လာနိုင်တော့တယ်လို့ ဆိုချင်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူ အများစု ကြုံတွေ့နေရတဲ့ကိစ္စကတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကို သမ္မတဦးသိန်းစိန်က အထူးကိုင်တွယ် ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း အတိအလင်းထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်တယ် ဆိုပေမယ့် အခြားဆက်နွယ်မှုရှိတဲ့ ကိစ္စပေါင်းများစွာကိုလည်း တပြိုင်တည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိသားစုဆိုင်ရာ ငွေကြေးအထောက်အပံ့၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ မိဘမဲ့နှင့် လေလွင့် ကလေးသူငယ်များ ထိန်းသိမ်းပြုစု ပျိုးထောင်ရေး၊ အလုပ်အကိုင်သစ် ရှာဖွေရေး၊ အခမဲ့ ကျန်းမာရေး အစရှိတာတွေအပြင် အဂတိ မလိုက်စားရအောင် ထိန်းချုပ်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆိုပြီး ဝိုင်းဝန်းကျားကန်ပေးရမယ့် ကိစ္စတွေဟာလည်း တကယ့်ကို အများကြီး ရှိနေပါတယ်။ အစိုးရတဖွဲ့တည်းနဲ့ လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။

အခုဆိုရင် အမေရိကန်နိုင်ငံက အသေးစားလုပ်ငန်းချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းချေးငွေတွေ ကိစ္စအတွက် ဝင်ကူညီပေးဖို့ ရှိလာတာဟာ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်ဖို့ အထောက်အကူ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဂျပန်၊ သြစတြေလျ၊ ကနေဒါနဲ့ ဥရောပက ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ အစရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေကလည်း အမေရိကန်ရဲ့ ခြေလှမ်းအတိုင်း နိုင်ငံတကာ စုပေါင်းရည်မှန်းချက် (International collective objective) ပုံစံနဲ့ လိုက်လာနိုင်စရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနောက်နိုင်ငံတွေဟာ မြန်မာပြည်သူတွေအပေါ်မှာ လူသားချင်း စာနာ ထောက်ထားမှုအရ နှောင်ကြိုးမဲ့ အကူအညီတွေကို ဂုဏ်သိက္ခာရှိရှိ ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြလို့ပါပဲ။

ဒီလို နိုင်ငံတကာ အကူအညီတွေ ရနေချိန်မှာ မြန်မာအစိုးရအနေနဲ့ အခြားကိစ္စတွေမှာ ပိုမိုအာရုံစိုက်လာနိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို အမြန်ဆုံး တိုက်ဖျက်အောင်မြင်နိုင်ဖို့ ရှိပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်က သူ့အကူအညီမှာ စိုက်ပျိုးရေးလုပ်ငန်း ချေးငွေတွေကိစ္စကို ထည့်သွင်းထားတာလည်း အင်မတန် လျော်ကန်လှပါတယ်။ ဆင်းရဲသား အများစုဟာ လယ်သမား မိသားစုအသိုင်းအဝိုင်းဖြစ်လို့ ကျနော်တို့ရဲ့ထမင်းရှင်ဖြစ်တဲ့ လယ်သမားကြီးတွေရဲ့ ဘဝအခြေခံ ခိုင်မာနေမှသာ လယ်ယာစိုက်ပျိုးရေးဘက်က တိုးတက်ပြီး တိုင်းပြည်ဝမ်းစာ ဖူလုံလာမှာလည်း ဖြစ်ပါတယ်။

အမေရိကန်ချေးငွေတွေကို တိုင်းရင်းသားလူမျိုးစုဒေသတွေနဲ့ အခြားဒေသတွေမှာ ဒေသခံများ ဖွံ့ဖြိုးရေးအတွက် အသုံးချမှာဖြစ်လို့လည်း အင်မတန် ဝမ်းသာရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကနေ့ထိ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အထူးသဖြင့် တိုင်းရင်းသားဒေသက ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ရတာဖြစ်လို့ အစစအရာရာ နိမ့်ကျနေရတဲ့ ဘဝကနေ စတင် ရုန်းထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်ဆောင်နိုင်ဖို့ဆိုရင် စစ်မက်ဖြစ်ပွားတာတွေ မရှိစေတော့ဘဲ ထာဝရငြိမ်းချမ်းရေး ရှိနေမှသာ ဖြစ်နိုင်ပါမယ်။ ဒီတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိလာပါပြီ။ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအနေအထားက ကောင်းရင် ကောင်းသလို ဒေသတွင်း ငြိမ်းချမ်းရေးကလည်း မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာနိုင်စရာ ရှိပါလိမ့်မယ်။

စစ်မက်ဖြစ်ပွားခြင်း မရှိပေမယ့် ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ဒေသတွေမှာလည်း အမေရိကန်က အကူအညီပေးဖို့ ကမ်းလှမ်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ တော်တော်ကြီးကို လျော့နည်းသွားနိုင်လို့ အခြားဘက်မှာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးလာနိုင်ဖို့ ရှိပါမယ်။ ဒီအခါမှာ နိုင်ငံတွင်း ဘက်စုံ တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစတွေဟာ အချိန်ပိုစောပြီး ပွင့်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို တိုးတက်ဖွံ့ဖြိုးလာမယ့် အနာဂတ်မျှော်လင့်ချက်တွေကို ဖော်ဆောင်ရာမှာ မြန်မာဘက်ကရော၊ နိုင်ငံတကာဘက်ကပါ ပူးပေါင်းလုပ်ဆောင်တဲ့ အနေအထား ရှိလာတာကို တွေ့ရပါတယ်။ အရင်ထက်စာရင် ပိုပြီး တာဝန်ခံနိုင်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတကာလမ်းကြောင်းကဆိုရင် စတင် လမ်းထွင်လာတာကတော့ အမေရိကန်ပါပဲ။  လမ်းထွင်ပေးလိုက်ရုံနဲ့ ပြီးသွားတာတော့ မဟုတ်ပါဘူး။ လျောလျောရှူရှူ ခရီးပေါက်နိုင်ဖို့ကိုပါ လုပ်ရပါမယ်။ ဒီအတွက် အမေရိကန်ဟာ အရင်မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှု (Economic Sanctions) ကို တချိန်တည်းမှာ ဖယ်ရှားမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအခါမှာ အရင်မြန်မာစစ်အစိုးရက ကျူးလွန်ဖောက်ဖျက် မလိုက်နာနိုင်ခဲ့တဲ့ကိစ္စတွေကို မြန်မာနိုင်ငံဘက်က တာဝန်ယူ ဖြေရှင်းပေးလိုက်မှသာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့အတူ ဥရောပနဲ့ အခြားနိုင်ငံတွေက ပိတ်ဆို့ထားတာတွေလည်း အလိုအလျောက် ပြန်လည် ရုပ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘက်ကရော၊ မြန်မာနိုင်ငံဘက်ကပါ ဘက်ပေါင်းစုံကနေ ဘယ်သူမဆို မိမိတို့ တာဝန်ရှိတဲ့ကိစ္စတွေကို တပြေးညီ ကျေပွန်အောင် လုပ်ဆောင်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း မြန်မာဘက်ခြမ်းမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီစတဲ့ တာဝန်ရှိသူတွေအသီးသီးက တာဝန်ရှိတဲ့အလျောက် ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါပြီ။

အစိုးရဘက်ခြမ်းမှာဆိုရင် အာဏာရှင်စနစ်အောက်မှာ အမြစ်တွယ်ခဲ့တဲ့ အစိုးရလုပ်ထုံးလုပ်နည်း စနစ် (Governmental mechanism) ဟာ အပြောင်းအလဲကာလမှာ အသားမကျတတ်လို့ ချွတ်ယွင်းချက်တွေ ရှိနေတတ်ပါတယ်။ ဒါကို နားလည် တုန့်ပြန်ပေးနိုင်ဖို့ လိုအပ်သလို အပြုသဘောနဲ့ လမ်းညွန်ထောက်ပြ ဝေဖန်ပေးနိုင်တဲ့ နိုင်ငံရေး ပါတီတွေ၊ ပြည်သူနဲ့ မီဒီယာတို့ကိုလည်း လွှတ်တော်နဲ့ အစိုးရဘက်က ပြန်လည် နားလည် တုန့်ပြန်ပေးဖို့ လိုပါမယ်။ လွှတ်တော်ဘက်ခြမ်းမှာ ဆိုရင် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းနိုင်ဖို့ မြော်မြင်ပြီး ခက်ခက်ခဲခဲ လုပ်ဆောင်နေကြတာကို အပြုသဘောနဲ့ ရှုမြင်မိပါတယ်။ အတွေ့အကြံ ရင့်ကျက်မှုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရင် ဥပဒေပြုလုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ မြန်ဆန်လာနိုင်စရာ ရှိပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရေးအဆင့် ဖြေရှင်းလုပ်ဆောင်ရမယ့် ကိစ္စတွေဟာ တခုနဲ့တခု ထိထိမိမိ ချိတ်ဆက်ထားတဲ့ သဘော ရှိနေတယ်လို့ မြင်မိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေး၊ လက်နက်ကိုင် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပါတီများနှင့် အခြေခံဥပဒေ အခန်းကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေး၊ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးများ ချိုးဖောက်မှုကို တိုက်ဖျက်ရေး စတဲ့ကိစ္စတွေဟာ အမျိုးသားရေးအဆင့် (National level) နဲ့  ဖြေရှင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ တခုနဲ့တခုဟာလည်း ချိတ်ဆက်နေကြပါတယ်။ ဒီလိုကိစ္စတွေမှာ ပြဿနာတွေ ရှိလာရတာဟာ ခေတ်အဆက်ဆက်၊ စနစ်အမျိုးမျိုးမှာ ပြည်သူ့ဆန္ဒကို ဦးစားမပေးနိုင်ခြင်းရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်တာကိုပဲ ဥပမာပေးမယ်ဆိုရင် အဂတိလိုက်စားတာကို မတိုက်ဖျက် နိုင်ဘဲနဲ့ ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ တခါ အဂတိလိုက်စားတာကို တိုက်ဖျက်ရာမှာလည်း တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အစရှိတာတွေကလည်း ဝန်းရံထားနိုင်မှ ထိရောက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘက်မှာလည်း ဒီသဘောမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကွင်းဆက်သဏ္ဍာန် ပြဿနာကြီးတွေကို အမျိုးသားရေးအဆင့်နဲ့ ဖြေရှင်းနိုင်ဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာနဲ့ ပြည်သူတွေရဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မရှိမဖြစ် အရေးပါလှပါတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့အတွက် မြန်မာ့အရေးမှာ မြန်မာတွေက သာလျှင် အဓိက ကာယကံရှင်အဖြစ် တာဝန်ခံပြီး ညီညီညွတ်ညွတ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ဝမ်းသာစရာကတော့ လက်ရှိအချိန်မှာ အပြန်အလှန် ယုံကြည်မှုကို အပြည့်အဝ မဟုတ်သေးတာတောင် အတော်အတန် တည်ဆောက်လာနိုင်တာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုရှိမှလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို အရင် စစ်အစိုးရလက်ထက် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တဖက်သပ် လုပ်ဆောင်ခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ထုတ်ပြန်ခြင်း၊ ဧရာဝတီမြစ်ဆုံဆည် ကဲ့သို့စီမံကိန်းများ ချမှတ်လုပ်ဆောင်ခြင်း အစရှိတာတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ပြည်သူတွေဟာ အမြဲလိုလို အားမလို အားမရဖြစ်တတ်ကြပါတယ်။ ဒါဟာလူ့သဘာဝ ဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးစားစားနဲ့ တုန့်ပြန်ပေးနိုင်ရင် နိုင်ငံရေးက ပိုမိုရှင်သန် တိုးတက်နေမှာ ဖြစ်ပါတယ်။ ဒီအချက်ကို လစ်လျူရှုလိုက်ရင် နိုင်ငံရေး တည်ငြိမ်မှုကို စတင်ထိုးနှက်ဖို့ အခွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတာဟာ အရင် စစ်အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တဲ့ “အထက်ကပေးတဲ့ အမိန့်”  စနစ်ကို ချေဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေဟာ အထက်ကပေးတဲ့အမိန့် မဟုတ်ရတော့ ပါဘူး။ အခြေခံဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်အာဏာရဲ့ လမ်းညွှန်ချက်အဖြစ်နဲ့သာ ရှိနေရမှာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေမှာ အခုဆိုရင် မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတဲ့ စိတ်ဓါတ်တွေဟာ တိုးပွားလာနေတာ တွေ့ရတော့ ကျေနပ်အားရမိပါတယ်။ မီဒီယာကတဆင့် ပြည်သူလူထုတရပ်လုံး သိလာအောင် ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ စိတ်ဓါတ်တွေလည်း ရှိလာပါတယ်။ မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် တွေလည်း အရင်ထက်စာရင် အများကြီး တိုးတက်ကောင်းမွန်လာပါတယ်။ ဝန်ကြီးဌာနတချို့မှာလည်း သူ့လူကိုယ့်လူ ဦးစားပေးတာတွေ လျော့နည်းလာပြီး တန်းတူညီမျှမှုစနစ်ကို အကောင်အထည် စဖော်လာတာ တွေ့ရပါတယ်။

အဲဒါတွေဟာ တာဝန်ခံခြင်း (Accountability)၊ ပွင့်လင်းမြင်သာခြင်း (Transparency)၊ တန်းတူညီမျှခြင်း (Equality)နဲ့ လွတ်လပ်ခြင်း (Freedom of speech, Freedom of expression, Freedom of assembly, Freedom of press & Media freedom, etc.) ဆိုတဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ် အခြေခံစံနှုန်းတွေပါပဲ။ ပြည်သူတွေကိုယ်တိုင်မှာလည်း ဒီလိုမျိုး အလေ့အထတွေ တစတစ တိုးပွားလာတာ မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင် စိန်ခေါ်နိုင်ကြပါပြီ။

စတင် စိန်ခေါ်နိုင်ပြီ ဆိုပေမယ့်လည်း အခုလောလောဆယ်တော့ မြန်မာနိုင်ငံမှာ ဒီစံနှုန်းတွေဟာ စတယ်ဆိုရုံပဲ ရှိသေးတယ်လို့ ပြောရပါဦးမယ်။ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်းခြေ ၅% လောက်ပဲ ရှိဦးမယ်ဆိုရင် လွှတ်တော်အမတ်များ အပါအဝင် အစိုးရတာဝန်ရှိသူများ စိတ်မရှိကြပါနဲ့။ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတို့ကလည်း စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ တချို့ကဏ္ဍမှာတော့ မှန်းတာထက် ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။ တချို့မှာတော့ လျော့နေနိုင်ပြီး တချို့မှာတော့ လုံးဝကို မစတင်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။

ဘယ်ကဏ္ဍမှာ သုညလဲ လို့မေးရင် ကျနော် ပွင့်ပွင့်လင်းလင်း ဖြေပါမယ်။ တရားစီရင်ရေး ကဏ္ဍပါ။ ဒီကဏ္ဍဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကြီး သုံးရပ်ထဲမှာ ပါနေလို့ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီ နိုင်ငံတခုရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဂုဏ်သိက္ခာရှိရှိ ဖြစ်နေအောင် ကျနော်တို့ ဇွဲရှိရှိ အများကြီး ကြိုးစားရပါဦးမယ်။ နိုင်ငံရေးမှာ အစိုးရတဖွဲ့တည်း လုပ်ရတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရော ပြည်သူတွေပါ စုပေါင်းဝိုင်းဝန်း ဖေးကူလက်တွဲ လုပ်ဆောင်ကြရတာဖြစ်လို့ လူတိုင်း အဖွဲ့တိုင်းမှာ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးပါတယ်။

ဝေဖန်သံတွေကြားက မဆုတ်မနစ် ကြိုးပမ်းနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်ကတော့ ကျေနပ်အားရပါတယ်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အခုလို အသွင်ကူးပြောင်းကာလမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ဝိုင်းဝန်း တည်ဆောက် အားပေးနေကြသူ အားလုံးအပေါ်မှာလည်း ကျေနပ်အားရမိပါတယ်။ တကယ်တော့ ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်အရ ဒီမိုကရေစီကို အခြေခံထားတဲ့ ခေတ်သစ်တခုကို တည်ဆောက်နေကြသူတွေပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး

၆-၁၁-၂ဝ၁၁

မှတ်ချက်။  လက်ရှိအနေအထားအရ လိုရင်းမျှကိုသာ အကျဉ်းချုပ် ရေးသားထားခြင်းကြောင့် ခေတ်သစ်တည်ဆောက်ရေး အတွက် လိုအပ်သည့် ကဏ္ဍများစွာကို ရေးသားဖော်ပြရန် ကျန်ရှိနေသေးကြောင်း ဝန်ခံပါသည်။

Download Word – When we build new Burma

Download PDF – When we build new Burma

Written by Lwin Aung Soe

November 7, 2011 at 5:20 am