Save Burma

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ

with one comment

မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ

ဆောင်းပါး ရေးဖြစ်သွားတဲ့ အကြောင်းရင်း

လက်ရှိနိုင်ငံရေးမှာ ရှေ့တိုးလုပ်ဆောင်ဖို့ အခက်အခဲဖြစ်အောင် ဆန့်ကျင် လှုံ့ဆော်ပေးတယ်လို့ ထင်ရတဲ့ ကာတွန်းတပုံကို Facebook မှာ တွေ့မိပါတယ်။ ဘယ်သူမဆို လွတ်လပ်ခြင်းနဲ့ သဘောထား ကွဲလွဲခြင်း ဆိုတဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကျင့်သုံးနိုင်ပါတယ်။ ထိခိုက်စေနိုင်တာ ရှိ-မရှိ အရင်ဦးစွာ စဉ်းစားဆင်ခြင်ပြီးမှ လွတ်လပ်မှုကို အသုံးချရင် တန်းတူညီမျှမှုရဲ့ အကျိုးတရားကို ဖြစ်ပေါ်စေတာကြောင့် အားပေးရပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို အထူးသဖြင့် နိုင်ငံရေးမှာ တလွဲဆံပင်ကောင်း အသုံးချရင် တိုင်းပြည်မှာ နစ်နာဆုံးရှုံးမှု ဖြစ်ရပြီး ခံလိုက်ရသူကတော့ ပြည်သူတွေပဲ ဖြစ်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေး နိုင်ငံရေးကိစ္စ ၃ မျိုး

(၁) တရားဥပဒေ စိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊(၃) အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီ ၃ မျိုးကို နည်းနည်းလေး အကျယ်ချဲ့ပြီး စဉ်းစားကြည့်ပါမယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွတ်မြောက်ရေး အပါအဝင် ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စတွေ အားလုံးဟာ တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တာတွေကို ရပ်ဆိုင်းဖို့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ တန်းတူညီမျှမှု ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ ပြည်သူတွေ မနှစ်သက်တဲ့ တရားဥပဒေ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ ဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာ ရှိနေပါတယ်။ ဒါတွေက လတ်တလော လိုအပ်နေတာတွေထဲက အရင်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောင်အစဉ်သဖြင့် ကောင်းစေဖို့ အုတ်မြစ်ချတာလည်း ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေ လုပ်နိုင်ဖို့ ဒီနေ့လို အခြေအနေမျိုးမှာ နိုင်ငံရေး လမ်းကြောင်းသစ်တခုကို ဖန်တီးယူရတာ ဖြစ်ပါတယ်။

အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်း

အရင်တုန်းကတော့ အရင်စစ်အစိုးရ အာဏာရှင်စနစ် လက်အောက်ဖြစ်လို့ တောင်းဆိုချင်တာတောင် ပါးစပ်မဟရဲခဲ့တဲ့ အခြေအနေပါ။ ဒါကြောင့် ကဏ္ဍပေါင်းစုံ ထိုးဆင်း နိမ့်ကျခဲ့ရပါတယ်။ အခုဆိုရင်တော့ တရားဝင် ထုတ်ဖော် ပြောဆို တောင်းဆိုလို့ ရတဲ့အထိ အခြေအနေတွေ တိုးတက်လာနေပါတယ်။ ဒါကြောင့် လမ်းဟောင်းကြီးကို စွန့်ခွာနိုင်ပါပြီ။ လူ့သဘာဝအရ တချို့ကတော့ နှမြောတသ ဖြစ်နေနိုင်ပါတယ်။ မနှမြောပါနဲ့၊ ရှေ့မှာ ဒီ့ထက်မက ကောင်းတာတွေ ရှိနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ မပျက်ပြယ်တဲ့ သမိုင်းဝင်အောင်ပွဲ

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက တခဲနက် မဲပေးထောက်ခံလို့ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်ဟာ မြန်မာ့သမိုင်းမှာ အမြဲတမ်း တည်ရှိနေတဲ့ အမှန်တရားပါ။ တရားဝင် အမိန့်ပြန်တမ်းနဲ့ ထုတ်ပြန်ထားတဲ့ အမှန်တရားပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မီဒီယာကတဆင့် ဒါကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ပျက်ပြယ်တယ်ဆိုတဲ့ စကားက တရားဝင် အမိန့်ပြန်တမ်းတခု ဖြစ်ပေမယ့်လည်း ဥပဒေကြောင်းအရ အကြောင်းပြချက် မခိုင်လုံပါဘူး။ အာဏာရှင်စနစ်ကို လက်မခံသူတွေအနေနဲ့ ဒီလို တရားမဝင် အမိန့်မျိုးကို လက်မခံသင့်ပါဘူး။ မမှန်တာကို လက်ခံစရာလည်း မလိုပါဘူး။ ကြောက်ရွံ့လေးစားလိုက်နာစရာလည်း မလိုတော့ပါဘူး။

ကောင်းသထက်ကောင်းဖို့သာလို

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ ကိစ္စ ၃ ခုမှာ အဲဒါတွေထက် ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိလာရင် ဘယ်သူမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်ယူနိုင်ပါတယ်။ လုပ်နိုင်ခွင့်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ့ကို အကြံပေးချင်တာရှိရင် ပေးကြပါလို့ လမ်းဖွင့်ပေးထားပါတယ်။

တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ

ကျနော့်ရဲ့ တဦးတည်းအမြင်မှာတော့ လက်ရှိ နိုင်ငံရေး လမ်းကြောင်းကို ပိုမိုချောမွေ့သွက်လက်လာအောင် ပြည်သူတဦးချင်းက တနိုင်တပိုင် ဝိုင်းဝန်း ပံ့ပိုးပေးသင့်ပါတယ်။ ဒါဟာ စစ်အာဏာရှင်အစိုးရကို ကူညီပံ့ပိုးတယ်လို့ အဓိပ္ပာယ်  မထွက်ပါဘူး။ စစ်အစိုးရ မရှိတော့ပေမယ့် သူတို့ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကြီးက ရှိနေတာပဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေကို အခုခါမှာ ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းရှိနေပြီး ပိုပြီး ပြင်နိုင်လောက်အောင်လည်း ကြိုးပမ်းနေကြပါပြီ်။ အဲသလိုသာ တစိုက်မတ်မတ် ဆက်လုပ်နိုင်မယ်ဆိုရင် နောင်တချိန်ချိန်မှာ ပြည်သူတွေ တကယ်လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အခိုင်အမာ ရှိလာမှာ မလွဲပါဘူး။

ရန်ဘက်နဲ့ ပြိုင်ဘက် ခွဲခြားနိုင်ရမယ်

နိုင်ငံရေးမှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အယူအဆ၊ လုပ်ပုံလုပ်နည်း ကွဲလွဲတတ်ပါတယ်။ ကွဲလွဲနေတိုင်းလည်း ရန်သူဖြစ်လာစရာအကြောင်း မရှိပါဘူး။ အာဏာရှင်စနစ် ခေတ်လွန်ကာလမှာ မြန်မာ့နိုင်ငံရေးဟာ ရန်ဘက် မရှိတဲ့ အနေအထားကို သိသိသာသာ ကူးပြောင်းနေပါပြီ။ ရန်ဘက် မရှိပေမယ့် ပြိုင်ဘက်ကတော့ ရှိနေမှာ ဖြစ်ပါတယ်။ အမြင်သဘောထား လုပ်နည်းကိုင်နည်း မတူကွဲပြား ခြားနားတာကို အသိအမှတ်ပြု လက်ခံတာဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တဲ့အတိုင်း ပြိုင်ဘက်ဆိုတာ ရှိနေပါလိမ့်မယ်။ ပြိုင်ဘက် ရှိနေမှလည်း တဘက်နဲ့တဘက် ယှဉ်ပြိုင်ကြိုးစားကြလို့ တိုးတက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆင်ခြင်တုံတရား အရေးကြီး

ဒီကနေ့လို အချိန်နဲ့ အခြေအနေမှာ ပြည်သူတွေအဖို့ စားဝတ်နေရေးနဲ့ လု့ခြုံရေးမှာ လိုအပ်နေတာတွေ အများကြီး ရှိနေတုန်း ဖြစ်ပါတယ်။ တချိန်တည်းမှာ လိုအပ်တာတွေကို တောင်းဆိုနိုင်ဖို့လည်း လမ်းပွင့်လာနေပါတယ်။ တကယ်လိုအပ်နေတာကို မှန်မှန်ကန်ကန် တောင်းဆိုနိုင်မှလည်း အမှန်တကယ် တန်ဖိုးရှိရှိ ရလာမှာ ဖြစ်ပါတယ်။ အလကားရတာတော့ ဘာမှမရှိပါဘူး။ လူတဦးချင်းမှာ မိမိတို့ လိုအပ်တာတွေကို ရနိုင်ဖို့ တခုခုတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဆိုရင် အနစ်နာခံရပါတယ်။ ပြည်သူတွေ ဆိုရင်တော့ ဆုံးဖြတ် ရွေးချယ်ပေးရပါတယ်။ တောင်းဆိုချင်တာကို ဆုံးဖြတ်ရွေးချယ်လာရတဲ့အခါ မိမိတို့ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်အပေါ် ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့သာ စဉ်းစားချင့်ချိန် လွတ်လပ်စွာ ဆုံးဖြတ်ရပါမယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ ဆုံးဖြတ်ရွေးချယ်ပြီး လုပ်လိုက်တဲ့ကိစ္စကြောင့် အများပြည်သူ ရည်မှန်းတာ၊ အကျိုးဖြစ်ထွန်းတာကို မထိခိုက်စေဖို့ပါပဲ။

ပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်ဖို့လို

လွတ်လပ်မှု၊ တန်းတူညီတူဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေ ဖြည့်ပေးဖို့ အာမခံနိုင်တာက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပြီး အောင်မြင်ရင် ပြည်သူတွေမှာ လုံခြုံမှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ မအောင်မြင်ရင် အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာပြီး ကျနော်တို့ရော နောင်မျိုးဆက်သစ်တွေရော အာဏာရှင်ရဲ့သားကောင်ဘဝမှာ အချိန်တိုင်း လည်စင်းခံရဖို့ ဖြစ်သွားနိုင်ပါတယ်။

လွင်အောင်စိုး

၂၁-၁၁-၂ဝ၁၁

Download Word – here

Download PDF – here

Written by Lwin Aung Soe

November 22, 2011 at 4:37 am

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်

leave a comment »

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မရှိသင့်

 

ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ ဆိုတာ ရှိကိုမရှိသင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့် မထားဘဲ မြို့နယ်အဆင့်သာ ထားရတဲ့ အစဉ်အလာကို ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးပါတယ်။ မြို့နယ် အုပ်ချုပ်ရေးရုံးတွေဟာ မြို့နယ်အတွင်း ပြည်သူတွေ နေအိမ်ပြောင်းရွေ့နေထိုင်တဲ့ကိစ္စ၊ အခွန်ကောက်တဲ့ကိစ္စ၊ စည်ပင်သာယာရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်နဲ့ အခြားဘေးဒုက္ခမှ ကယ်ဆယ်ရေးကိစ္စ၊ လူမှုရေးအကူအညီကိစ္စတွေကို အဓိက ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဘဏ္ဍာကျခံပြီး ဒီမိုကရေစီနည်းကျ ထားရှိဖွဲ့စည်းထားရတာ ဖြစ်ပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ထားတဲ့စနစ်က မရိုးမသားနည်းနဲ့ ပြည်သူတဦးချင်းကို ဖိနှိပ်ဖို့နဲ့ အာဏာပိုင်တွေ ကောင်းစားဖို့ ဖန်တီးယူထားတဲ့ စနစ်ပဲ ဖြစ်တယ်။ ဒီအချက်ကို လက်မခံရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းလက်ထက်ကတည်းက တရုတ်၊ ရုရှား ကွန်ုမြူနစ်နိုင်ငံတွေဆီက ပုံတူခိုးချလာတဲ့ ဒီစနစ်ကျင့်သုံးပုံတွေကို ပြန်စဉ်းစားကြည့်ပါ။

ပြည်သူတွေကို စည်းကမ်းသေဝပ်အောင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းအောင်၊ လုံခြုံရေး ဘာညာ အကြောင်းပြပြီး အုပ်ချုပ်စရာ မလိုပါဘူး။ ပြည်သူတွေမှာ လိုက်နာရမယ့် တရားဥပဒေတွေ ရှိထားပြီးသားပါ။ ပြည်သူတွေ စည်းကမ်းပျက်ရင်၊ ရပ်ကွက်ကျေးရွာ အေးချမ်းမှုကို ထိခိုက်စေရင် အရေးယူစရာ အတိုင်းမသိ ပိုလျှံနေတဲ့ တရားဥပဒေတွေ ရှိနေလို့ ထပ်ဆင့် ဖိအားပေး ခြိမ်းခြောက်ထားစရာ မလိုတော့ပါဘူး။ ရပ်ကွက် ကျေးရွာ လုံခြုံရေးကိုလည်း နိုင်ငံတော်ဘဏ္ဍာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သက်ဆိုင်ရာ အပိုင်ရဲစခန်း တွေက တာဝန်ယူထားရတာပါ။ နောက်ထပ် အပိုလုပ်ပေးစရာ မလိုအပ်တော့ပါဘူး။

ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးကို ပြည်သူတွေကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူရပါတယ်။ မြို့နယ်ရဲစခန်းတွေက သက်ဆိုင်ရာမြို့နယ်အတွင်းက ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရပါတယ်။ ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတွေက ကျင့်သုံးတဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတခုမှာ လက်တွေ့ကျကျ ခံစားရတာဖြစ်လို့ အတုယူကျင့်သုံးစရာ ကောင်းတယ်လို့ ကျနော် ယုံကြည်ပါတယ်။

ပြည်သူတွေအပေါ် အုပ်ချုပ်တဲ့စနစ်ကို ပြည်သူတွေကသာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိရပါမယ်။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက ဆုံးဖြတ်လို့ မသင့်တော်၊ လူကြားမကောင်းတဲ့ ကိစ္စပါ။ လွှတ်တော်မှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ် ဆိုပေမယ့်လည်း လွတ်လပ်မှုမရှိ၊ သမာသမတ်မကျတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက အရွေးခံရသူတွေဖြစ်လို့ အမှန်တကယ် ပြည်သူတွေကို ကိုယ်စား ပြုနိုင်ဖို့ဆိုတာ သံသယဖြစ်စရာပါ။ ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်အတည်ပြုရင်လည်း မှန်ကန်တာပဲလို့ စိတ်ချလက်ချ မယုံစားနိုင်သေးပါဘူး။ ဒါ့ပြင်တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်သွားနိုင်ပါတယ်။

“တိုင်းပြည်ဂုဏ်ရောင်” ဆိုတဲ့စကားကို ဘာလို့ သုံးရသလဲဆိုတာကို နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင်တွေနဲ့ လက်တွေ့ကျကျ လုပ်ငန်းသဘော ပြောဆိုဆက်ဆံနေရတဲ့ အစိုးရအရာရှိကြီးတွေ ကောင်းကောင်း သိနိုင်ပါလိမ့်မယ်။ ပြည်သူတွေအတွက်မှာတော့ တိုင်းပြည်ဂုဏ်ရောင်တောင် မှေးမှိန်ရုံတင် မဟုတ်ဘဲ အာဏာပိုင်တွေနဲ့ မဆက်ဆံလိုသူတွေ၊ ကင်းဝေးအောင် နေချင်သူတွေအတွက် ဒုက္ခတွေ့ဖို့သာ ရှိပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ အထူးအရေးကြီးတဲ့အချက်တခုကတော့ ပြည်သူတွေဟာ ဘာကြောင့် အာဏာပိုင်တွေကို မဆက်ဆံချင်တာလဲ၊ ကင်းဝေးအောင် ရှောင်ရှားချင်တာလဲ ဆိုတဲ့ ပြည်သူ့ဆန္ဒကို တိုင်းပြည်ခေါင်းဆောင်တွေ၊ လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက အလေးအနက် ထားသင့်ပါတယ်။

အာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်း ဆက်ဆံပြီ ဆိုကတည်းက အဂတိလိုက်စားမှုတွေ ဖြစ်လာစေပါတယ်။ အဂတိလိုက်စားမှု ရှိနေသရွေ့ တိုင်းပြည် ဘယ်တော့မှ မတိုးတက်သလို တိုင်းပြည်ဆင်းရဲ၊ ပြည်သူတွေ ဆင်းရဲ ဖြစ်နေဦးမှာပါပဲ။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးရုံးတခုကို ဖွင့်လှစ်ပြီး တာဝန်ရှိတယ်ဆိုသူတွေကို ခန့်ထားရတဲ့အတွက် စရိတ်စက ကုန်ကျမှု ရှိကိုရှိရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းမှာတင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်းမှာ ၁၃ဝ၅ ခု ရှိနေတာဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်လောက်ထိ ကုန်ကျမလဲ ဆိုတာကို တွက်ကြည့်နိုင်ပါတယ်။ ကုန်ကျစရိတ်တွေဟာ နိုင်ငံတော်ဘဏ္ဍာက မျှပေးရတာ ဖြစ်ပါတယ်။ အခုလို ကုန်ကျမယ့် စရိတ်တွေကို မြို့နယ် အုပ်ချုပ်ရေးရုံးတွေကနေတဆင့် လူထုကောင်းကျိုးတွေကို လုပ်ပေးလိုက်ရင် ဘယ်လောက်ထိ ကောင်းသွားနိုင်မလဲ ဆိုတာ လူတိုင်းတွက်ဆလို့ ရနိုင်ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေး အမြော်အမြင် ထားသင့်ပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ မလိုလားအပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို အရင်လိုပဲ ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ သမ္မတဦးသိန်းစိန်တို့ ထိပ်ဆုံးကနေ ဘာလုပ်လုပ် အရင်စစ်အစိုးရလိုပဲ လုံးလည်ချာလည်နဲ့ နောက်ပြန်ဆုတ်သွားမှာဖြစ်ပါတယ်။ သင်ခန်းစာယူပြီး ပြုပြင်သင့်တာကို အမြန်ဆုံး ပြုပြင်နိုင်ဖို့၊ ဖယ်ရှားသင့်တာကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့၊ လုပ်သင့်တာတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်နေတုန်းပါ။

လွင်အောင်စိုး

၁၆-၁၁-၂ဝ၁၁

Download Word – here

Download PDF – here

Written by Lwin Aung Soe

November 22, 2011 at 4:27 am

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

leave a comment »

ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင်

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်း ပီသစွာ ဥပဒေ မှန်သမျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။ (ကိုဇော်ဝင်း)

“ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ စကားလုံး၊ ဝေါဟာရမှာ ကွာခြားသလို အဓိပ္ပာယ်နဲ့ အဲဒီ အဓိပ္ပာယ်ရဲ့ အကျိုးသက်ရောက်ပုံ၊ အကျိုးသက်ရောက်အောင် လုပ်ယူရပုံတွေမှာလည်း ကွာခြားပါတယ်။

လေးစားလိုက်နာ

ဥပဒေကို လေးစားလိုက်နာရတဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိပါတယ်။ အခြားနိုင်ငံတခုကို ခေတ္တ အလည်အပတ် သွားရင်တောင် အဲဒီနိုင်ငံရဲ့ ဥပဒေမှန်သမျှ လေးစားလိုက်နာရပါတယ်။ လူတိုင်းက ဥပဒေကို လေးစားလိုက်နာ ရသလို ဥပဒေကို ထုတ်ပြန်သူ (သို့) အဖွဲ့အစည်းကိုယ်တိုင်ကလည်း လေးစားလိုက်နာရပါတယ်။ ဒါကြောင့် “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရ” လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လမ်းဆုံက ယာဉ်သွားလာမှု ထိန်းကျောင်းတဲ့ အချက်ပြမီးတိုင်မှာ ညွှန်ပြတာကို ယာဉ်တိုင်းက လေးစား လိုက်နာရပါတယ်။ ဒါဟာ ယာဉ်စည်းကမ်း ဖြစ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ကြေညာချက်၊ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်း အစရှိတာတွေဟာ အဆင့်နဲ့ နေရာဒေသ  ဘယ်လိုပဲ ကွာခြားပေမယ့်လည်း လိုက်နာပေးရတဲ့ သဘောကတော့ အတူတူပါပဲ။ ကျောင်းမှာ ကျောင်းစည်းကမ်း ရှိလို့ ကျောင်းသူကျောင်းသားတွေဟာ သူ့အချိန်နဲ့သူ ကျောင်းကိုလာ စာသင်ယူပြီး အိမ်ပြန်ကြရပါတယ်။ လူနေမှု အသိုင်းအဝိုင်းမှာ အများစုက သဘောတူညီထားတဲ့ ကျင့်ဝတ်၊ စည်းကမ်း စသဖြင့် သတ်မှတ်ပြီး အတတ်နိုင်ဆုံး လေးစားလိုက်နာကြရပါတယ်။

ထိန်းသိမ်းစောင့်ရှောက်

ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာကတော့ ဥပဒေဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်-တိရိစ္ဆာန်ဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ်၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဖြစ်ဖြစ်၊ သမိုင်းကြောင်းဖြစ်ဖြစ် အစရှိတာတွေဟာ တန်ဖိုးထားအပ်တဲ့အတွက် မပျက်စီး မချွတ်ယွင်းရအောင်၊ အခုရော နောင်ရော သုံးလို့ရအောင် တာဝန်ယူသူတို့က အကာအကွယ်ပြုထားတာ ဖြစ်ပါတယ်။

ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ယာဉ်စည်းကမ်းတွေ တိကျမှန်ကန်အောင် ယာဉ်ထိန်းရဲတွေက တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ယာဉ်မောင်းသူက ယာဉ်စည်းကမ်းကို လိုက်နာပေးရပါတယ်။ သီးခြားစီ အဓိပ္ပာယ်ရှိပြီး လုပ်ဆောင်ပုံချင်းလည်း မတူကြပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သုံးနေသမျှ ကာလပတ်လုံး အကျိုးသက်ရောက်နေပြီး မသုံးဘဲထားရင် စက္ကူစုတ်ပါပဲ။ သုံးတာဟာလည်း လူတစုကောင်းကျိုးအတွက် သုံးတာလား၊ လူထုတရပ်လုံးရဲ့ ကောင်းကျိုးအတွက် သုံးတာလား ခွဲခြားနိုင်ရပါမယ်။ ၁၉၇၄ အခြေခံဥပဒေဟာ အာဏာရှင် ဦးနေဝင်းအတွက်၊ တခုတည်းသော သူ့ရဲ့ မဆလ နိုင်ငံရေးပါတီအတွက် သုံးတာဖြစ်လို့ ဦးနေဝင်းနဲ့ အပေါင်းပါတွေကတော့ တန်ဖိုးထား ထိန်းသိမ်းကာကွယ်ပေမယ့် လူထုကောင်းကျိုး မပါတဲ့အတွက် လူထုက အဲဒါကို တန်ဖိုးမထားတာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပါတယ်။

တန်ဖိုးထားအပ်စရာ မရှိရင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ဖို့ မလိုပါဘူး။ ဒါကြောင့် “ထိန်းသိမ်း စောင့်ရှောက်တယ်” ဆိုတဲ့စကားရပ်ကို “လေးစားလိုက်နာတယ်” ဆိုတဲ့စကားနဲ့ ပြန်ပြင်ယူရတာဟာ တနည်းအားဖြင့် နက်ရှိုင်းကျယ်ပြန့်တဲ့ နိုင်ငံရေး အမြော်အမြင်တခုရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတယ်လို့ ကျနော် ယူဆပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေရပါတယ်။ သူတို့အတွက်ကတော့ ၂ မျိုးစလုံး ဖြစ်ပါတယ်။ သူတို့ကိုလည်း ဥပဒေအောက်မှာ ရှိနေရမယ်လို့ အခြေခံဥပဒေက အာဏာကန့်သတ်ထားရပါတယ်။

တရားတဲ့ ဥပဒေ၊ မတရားတဲ့ ဥပဒေ

“အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာ ထာဝရ အမှန်တရားပါ။ အခုလက်ရှိအချိန်မှာလည်း ဒီအတိုင်း ပြုမူနိုင်ပါတယ်။ နောင်ဘယ်အချိန်မဆို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံသားကောင်း ပီသစွာ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားကောင်း ဆိုတာ တရားတဲ့ ဥပဒေကို လိုက်နာရုံသာမကဘဲ မတရားတဲ့ ဥပဒေတွေကိုပါ ရှိလာခဲ့ရင်  ဆန့်ကျင် တိုက်ဖျက် ဖယ်ရှားနိုင်မှလည်း နိုင်ငံသားကောင်း ပီသပါတယ်။

မတရားတဲ့ ဥပဒေကို ဆန့်ကျင်ရာမှာ ဥပမာအားဖြင့် ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ထည့်သုံးဖို့၊ မလျော်ညီတာတွေကို ပြန်လည် ပြင်ဆင် ဖြည့်စွက် နှုတ်ပယ် ဖယ်ရှားဖို့ ဥပဒေပြု လွှတ်တော်အတွင်းကနေ လုပ်နေကြတာ ရှိပါတယ်။၊ မတရားတဲ့ တည်ဆဲဥပဒေတွေ ရှိနေသမျှ လုထုကိုသာ ဒုက္ခရောက်စေတာဖြစ်လို့  ပြန်လည် ပြင်ဆင်/ဖျက်သိမ်းဖို့ကို ကြိုးပမ်းကြရပါတယ်။ ဥပဒေပြု လွှတ်တော်အတွင်းကနေ ဒီလိုနည်းလမ်းရှိသလို လက်နက်ကိုင် တော်လှန်ရေး၊ အကြမ်းမဖက် လူထုလှုပ်ရှားမှု စတဲ့ အခြားဗျူဟာတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သင့်တော်ရာ အခြေအနေမှာ သင့်တော်ရာနည်းလမ်းနဲ့ လုပ်ရတာပါပဲ။ အရေးကြီးတာက လက်တွေ့ကျကျ လုပ်နေဖို့ပါ။

အသွင်ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အလမ်း

အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာနေပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေးကာလ (Transitional period) ပါ။ အမှန်တော့ အသွင်ကူးပြောင်းရေးကာလလို့ အတိအလင်း ကြေညာပြီး ပြုပြင်ပြောင်းလဲရေး (Reforms) တွေကို တဆင့်ချင်း လုပ်ဆောင်သွားရင် အတော်အတန် ရှင်းမယ့်သဘော ရှိနိုင်ပါတယ်။ ဒါပေမယ့် မတတ်သာတဲ့ အနေအထားကနေ ရနိုင်သလောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အသွင်ကူးပြောင်းနေရတာကို တွေ့မိပါတယ်။ ပြုပြင်ပြောင်းလဲနိုင်ခွင့် ရနေတာကိုက အင်မတန် ကောင်းနေတဲ့ နိုင်ငံရေးအခြေအနေဖြစ်ပြီး ရှားရှားပါးပါး ရနေတဲ့ အခွင့်အလမ်းလို့လည်း ကျနော် မြင်မိပါတယ်။

ဒီအခွင့်အလမ်းကို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အသွင်ကူးပြောင်းတာ ပိုမြန်လာမှာ ဖြစ်ပါတယ်။ နည်းလမ်းက မမှန်ကန်၊ မှန်ကန်သည့်တိုင်အောင် မထိရောက်၊ လုပ်တဲ့သူတွေမှာလည်း မညီမညွတ်၊ ညီညွတ်သည့်တိုင်အောင်မှ အာဏာရှင်အရိပ်အောက်က မလွတ်သေးဘဲ ဖြစ်နေရင်တော့ အသွင်ကူးပြောင်းဖို့တောင် ပြန်ပျက်သွားနိုင်ပါတယ်။  

ပြုပြင်ပြောင်းလဲရေးတွေမှာ အရေးကြီးဆုံးက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့ အမျှ ပြည်သူတွေ ပိုမို အကျိုးခံစားရဖို့ ရှိလာနိုင်တဲ့ကိစ္စပါ။ တတ်နိုင်သမျှ ထဲထဲဝင်ဝင် ရှိနေလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပြည်သူ့အသံကို အမှန်တကယ် နားထောင်ပေးတာ၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ဦးတည်ပေးတာဟာ တကယ်တော့ လုပ်ရပ်ကောင်းတွေ ဖြစ်ပါတယ်။ မကောင်းရင်လည်း ကောင်းလာအောင် နိုင်ငံရေးပါတီတွေ၊ စတုတ္ထမဏ္ဍိုင် မီဒီယာနဲ့ ပြည်သူတွေကပဲ ထိန်းမတ်ပေးနေရမှာ ဖြစ်ပါတယ်။

ဥပဒေ ပြင်ဆင် / ဖျက်သိမ်း

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း နဝတနဲ့ နအဖ စစ်အာဏာရှင် ခေါင်းဆောင်တို့က တွင်တွင်ကျယ်ကျယ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေတွေကို အဆင့်ဆင့်တက်ပြီး ထုတ်ပြန်တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီ ဥပဒေ၊ အမိန့်တွေဟာ မတရားမှန်း သိကြပေမယ့် ပြည်သူလူထုအနေနဲ့ လည်စင်းခေါင်းခံပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့နဲ့ ပတ်သက်ပြီး ဥပမာပြပါမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ အခြေအနေ ၃ ရပ်ကို အခြေခံပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိတယ် လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၄၁၂(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အရ အရေးပေါ်အခြေအနေ ကြေညာနိုင်တာလည်း ရှိပါသေးတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။

တကယ်လို့ ဒီလိုမျိုး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မဖြစ်စေဘူး (သို့) ပြည်သူလူထုကို ခြိမ်းခြောက်နေတယ် (သို့) နှစ်ခုစလုံး (သို့) အခြားတခုခု ရှိနေတယ်ဆိုရင် ဒါကို ဥပဒေပြု လွှတ်တော်ထဲကနေ ပြန်လည် ပြင်ဆင် ဖြည့်ဆင် ပယ်ဖျက်ဖို့ ကြိုးပမ်းရပါမယ်။ နိုင်ငံသားတိုင်းမှာ အဲဒီလို ကြိုးပမ်းပိုင်ခွင့် ရှိပါတယ်။ စောစောက ပြောတဲ့အတိုင်း ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အောင်မြင်မှာပါပဲ။ အောင်မြင်နိုင်ဖို့အတွက် လိုအပ်မယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုတင်ဖန်တီး ယူနိုင်ရပါမယ်။ ဒီလိုပဲ အခြားဥပဒေဆိုင်ရာကိစ္စတွေကိုလည်း လူထုအလိုကျ ဖန်တီးယူရဖို့ ရှိပါဦးမယ်။ 

အစိုးရက ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနိုင်မလား

အစိုးရဟာ အခြေခံဥပဒေဘောင်နဲ့ ကင်းလွတ်တဲ့ (သို့) အခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံနဲ့ လူထု အကျိုးစီးပွားကို မဖော်ဆောင်နိုင်တဲ့ ဥပဒေ တရပ်ရပ်ကို ထုတ်ပြန်လာပြီဆိုရင် ဝိုင်းဝန်းတားဆီးရပါမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ ၂၅% တပ်မတော်သား လွှတ်တော်အမတ်တွေ လွှမ်းမိုးထားလို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ စောဒကတက်နိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အားလုံးဟာ အရင်က စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ဖြစ်ကြလို့ ဥပဒေပြုရေးဟာ သူတို့လက်ထဲမှာ ရှိနေတာပဲ လို့လည်း ပြောနိုင်ပါတယ်။ ဒီအနေအထားအရ အစိုးရဟာ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနေနိုင်ပါတယ်။

အဲဒါမျိုး မဖြစ်စေချင်ရင် ကျနော်တို့ အနေနဲ့  တခုခုတော့ လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲလို့ အရင်စဉ်းစားရပါမယ်။ ဒီနေရာမှာ Concept တခုကို ကျနော် ဖော်ပြချင်ပါတယ်။ နိုင်ငံအတွက် အရေးတကြီး လိုအပ်လာတဲ့အချိန်မှာ နိုင်ငံသားတိုင်းဟာ အမျိုးသားရေးဘက်ကို ရှေ့ရှုကြပါတယ်။ ဘယ်အချိန်ဟာ နိုင်ငံအတွက် အရေးကြီးလာတဲ့ အချိန်၊ ဘာအတွက် အရေးကြီးလာရတယ် ဆိုတာကို မှန်မှန်ကန်ကန် သတ်မှတ်နိုင်ရပါမယ်။ အရေးကြီးလာတာကို အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ သဘောပေါက် လက်ခံလာတာနဲ့အမျှ အားလုံးဟာ မိမိတို့ရဲ့ခံယူချက်အစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အသင်းအဖွဲ့စွဲတွေကို ခေတ္တခန ဘေးချိတ်ပြီး အချင်းချင်း ပူးပေါင်းကူညီ လုပ်ဆောင်ကြတာဟာ အမျိုးသားရေးဘက်ကို ရှေ့ရှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ လိုအပ်ရင်  ဖြစ်အောင် လုပ်ယူကြရမှာပါ။ လုပ်ရတာ လွယ်ရင်လည်း လွယ်သွားနိုင်ပါတယ်။ ခက်ရင်လည်း ခက်နိုင်ပါတယ်။ စိတ်ပျက်စရာ မလိုပါဘူး။ ဘာမှမလုပ်ဘဲ လက်မှိုင်ချပြီး စိတ်ညစ်ခံနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးတနေ့ လုပ်ယူနိုင်တဲ့အခြေအနေမှာ ဘယ်အစိုးရမှ သူကြိုက်တဲ့ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ မရနိုင်သလို ထုတ်လိုက်တဲ့ ဥပဒေတိုင်းဟာလည်း ပြည်သူတွေအတွက် အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်လာရပါလိမ့်မယ်။

ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာ Team work ရှိစပြုလာနေပါပြီ။ အသွင်ကူးပြောင်းရေးကာလမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရင်ထက်ပိုပြီး အရည်အချင်းရှိရှိ ထက်ထက်မြက်မြက် လုပ်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီလိုမျိုး ဖြစ်လာအောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ နစ်နာဆုံးရှုံးမှုတွေ အများကြီးနဲ့ နှစ်ပေါင်းဘယ်လောက် ကြာအောင် ကြိုးပမ်းနေခဲ့ကြရပါသလဲ။ တွေးကြည့်ကြပါ။ အခုဆိုရင် ရှိလာတဲ့ Team work ကို ပိုမိုအားကောင်းအောင် တဦးချင်းက တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့သာ လိုအပ်နေပါတော့တယ်။

လွင်အောင်စိုး

၁၂-၁၁-၂ဝ၁၁

Download PDF – Elephant

Download Word – Elephant

Written by Lwin Aung Soe

November 12, 2011 at 7:58 pm

ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ

leave a comment »

ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ

မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ခေတ်သစ်နိုင်ငံတခုကို တည်ဆောက်မယ်လို့ ရည်မှန်းခဲ့သမျှ၊ ကြိုးပမ်းခဲ့သမျှ၊ ကြွေးကြော်ခဲ့သမျှ အခုအချိန်ရောက်မှ အမှန်တကယ် လက်တွေ့ကျကျ စတင် လုပ်ဆောင်လာနိုင်တော့တယ်လို့ ဆိုချင်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူ အများစု ကြုံတွေ့နေရတဲ့ကိစ္စကတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကို သမ္မတဦးသိန်းစိန်က အထူးကိုင်တွယ် ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း အတိအလင်းထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်တယ် ဆိုပေမယ့် အခြားဆက်နွယ်မှုရှိတဲ့ ကိစ္စပေါင်းများစွာကိုလည်း တပြိုင်တည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိသားစုဆိုင်ရာ ငွေကြေးအထောက်အပံ့၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ မိဘမဲ့နှင့် လေလွင့် ကလေးသူငယ်များ ထိန်းသိမ်းပြုစု ပျိုးထောင်ရေး၊ အလုပ်အကိုင်သစ် ရှာဖွေရေး၊ အခမဲ့ ကျန်းမာရေး အစရှိတာတွေအပြင် အဂတိ မလိုက်စားရအောင် ထိန်းချုပ်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆိုပြီး ဝိုင်းဝန်းကျားကန်ပေးရမယ့် ကိစ္စတွေဟာလည်း တကယ့်ကို အများကြီး ရှိနေပါတယ်။ အစိုးရတဖွဲ့တည်းနဲ့ လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။

အခုဆိုရင် အမေရိကန်နိုင်ငံက အသေးစားလုပ်ငန်းချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းချေးငွေတွေ ကိစ္စအတွက် ဝင်ကူညီပေးဖို့ ရှိလာတာဟာ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်ဖို့ အထောက်အကူ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဂျပန်၊ သြစတြေလျ၊ ကနေဒါနဲ့ ဥရောပက ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ အစရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေကလည်း အမေရိကန်ရဲ့ ခြေလှမ်းအတိုင်း နိုင်ငံတကာ စုပေါင်းရည်မှန်းချက် (International collective objective) ပုံစံနဲ့ လိုက်လာနိုင်စရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနောက်နိုင်ငံတွေဟာ မြန်မာပြည်သူတွေအပေါ်မှာ လူသားချင်း စာနာ ထောက်ထားမှုအရ နှောင်ကြိုးမဲ့ အကူအညီတွေကို ဂုဏ်သိက္ခာရှိရှိ ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြလို့ပါပဲ။

ဒီလို နိုင်ငံတကာ အကူအညီတွေ ရနေချိန်မှာ မြန်မာအစိုးရအနေနဲ့ အခြားကိစ္စတွေမှာ ပိုမိုအာရုံစိုက်လာနိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို အမြန်ဆုံး တိုက်ဖျက်အောင်မြင်နိုင်ဖို့ ရှိပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်က သူ့အကူအညီမှာ စိုက်ပျိုးရေးလုပ်ငန်း ချေးငွေတွေကိစ္စကို ထည့်သွင်းထားတာလည်း အင်မတန် လျော်ကန်လှပါတယ်။ ဆင်းရဲသား အများစုဟာ လယ်သမား မိသားစုအသိုင်းအဝိုင်းဖြစ်လို့ ကျနော်တို့ရဲ့ထမင်းရှင်ဖြစ်တဲ့ လယ်သမားကြီးတွေရဲ့ ဘဝအခြေခံ ခိုင်မာနေမှသာ လယ်ယာစိုက်ပျိုးရေးဘက်က တိုးတက်ပြီး တိုင်းပြည်ဝမ်းစာ ဖူလုံလာမှာလည်း ဖြစ်ပါတယ်။

အမေရိကန်ချေးငွေတွေကို တိုင်းရင်းသားလူမျိုးစုဒေသတွေနဲ့ အခြားဒေသတွေမှာ ဒေသခံများ ဖွံ့ဖြိုးရေးအတွက် အသုံးချမှာဖြစ်လို့လည်း အင်မတန် ဝမ်းသာရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကနေ့ထိ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အထူးသဖြင့် တိုင်းရင်းသားဒေသက ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ရတာဖြစ်လို့ အစစအရာရာ နိမ့်ကျနေရတဲ့ ဘဝကနေ စတင် ရုန်းထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်ဆောင်နိုင်ဖို့ဆိုရင် စစ်မက်ဖြစ်ပွားတာတွေ မရှိစေတော့ဘဲ ထာဝရငြိမ်းချမ်းရေး ရှိနေမှသာ ဖြစ်နိုင်ပါမယ်။ ဒီတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိလာပါပြီ။ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအနေအထားက ကောင်းရင် ကောင်းသလို ဒေသတွင်း ငြိမ်းချမ်းရေးကလည်း မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာနိုင်စရာ ရှိပါလိမ့်မယ်။

စစ်မက်ဖြစ်ပွားခြင်း မရှိပေမယ့် ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ဒေသတွေမှာလည်း အမေရိကန်က အကူအညီပေးဖို့ ကမ်းလှမ်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ တော်တော်ကြီးကို လျော့နည်းသွားနိုင်လို့ အခြားဘက်မှာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးလာနိုင်ဖို့ ရှိပါမယ်။ ဒီအခါမှာ နိုင်ငံတွင်း ဘက်စုံ တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစတွေဟာ အချိန်ပိုစောပြီး ပွင့်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို တိုးတက်ဖွံ့ဖြိုးလာမယ့် အနာဂတ်မျှော်လင့်ချက်တွေကို ဖော်ဆောင်ရာမှာ မြန်မာဘက်ကရော၊ နိုင်ငံတကာဘက်ကပါ ပူးပေါင်းလုပ်ဆောင်တဲ့ အနေအထား ရှိလာတာကို တွေ့ရပါတယ်။ အရင်ထက်စာရင် ပိုပြီး တာဝန်ခံနိုင်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတကာလမ်းကြောင်းကဆိုရင် စတင် လမ်းထွင်လာတာကတော့ အမေရိကန်ပါပဲ။  လမ်းထွင်ပေးလိုက်ရုံနဲ့ ပြီးသွားတာတော့ မဟုတ်ပါဘူး။ လျောလျောရှူရှူ ခရီးပေါက်နိုင်ဖို့ကိုပါ လုပ်ရပါမယ်။ ဒီအတွက် အမေရိကန်ဟာ အရင်မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှု (Economic Sanctions) ကို တချိန်တည်းမှာ ဖယ်ရှားမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအခါမှာ အရင်မြန်မာစစ်အစိုးရက ကျူးလွန်ဖောက်ဖျက် မလိုက်နာနိုင်ခဲ့တဲ့ကိစ္စတွေကို မြန်မာနိုင်ငံဘက်က တာဝန်ယူ ဖြေရှင်းပေးလိုက်မှသာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့အတူ ဥရောပနဲ့ အခြားနိုင်ငံတွေက ပိတ်ဆို့ထားတာတွေလည်း အလိုအလျောက် ပြန်လည် ရုပ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘက်ကရော၊ မြန်မာနိုင်ငံဘက်ကပါ ဘက်ပေါင်းစုံကနေ ဘယ်သူမဆို မိမိတို့ တာဝန်ရှိတဲ့ကိစ္စတွေကို တပြေးညီ ကျေပွန်အောင် လုပ်ဆောင်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း မြန်မာဘက်ခြမ်းမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီစတဲ့ တာဝန်ရှိသူတွေအသီးသီးက တာဝန်ရှိတဲ့အလျောက် ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါပြီ။

အစိုးရဘက်ခြမ်းမှာဆိုရင် အာဏာရှင်စနစ်အောက်မှာ အမြစ်တွယ်ခဲ့တဲ့ အစိုးရလုပ်ထုံးလုပ်နည်း စနစ် (Governmental mechanism) ဟာ အပြောင်းအလဲကာလမှာ အသားမကျတတ်လို့ ချွတ်ယွင်းချက်တွေ ရှိနေတတ်ပါတယ်။ ဒါကို နားလည် တုန့်ပြန်ပေးနိုင်ဖို့ လိုအပ်သလို အပြုသဘောနဲ့ လမ်းညွန်ထောက်ပြ ဝေဖန်ပေးနိုင်တဲ့ နိုင်ငံရေး ပါတီတွေ၊ ပြည်သူနဲ့ မီဒီယာတို့ကိုလည်း လွှတ်တော်နဲ့ အစိုးရဘက်က ပြန်လည် နားလည် တုန့်ပြန်ပေးဖို့ လိုပါမယ်။ လွှတ်တော်ဘက်ခြမ်းမှာ ဆိုရင် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းနိုင်ဖို့ မြော်မြင်ပြီး ခက်ခက်ခဲခဲ လုပ်ဆောင်နေကြတာကို အပြုသဘောနဲ့ ရှုမြင်မိပါတယ်။ အတွေ့အကြံ ရင့်ကျက်မှုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရင် ဥပဒေပြုလုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ မြန်ဆန်လာနိုင်စရာ ရှိပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရေးအဆင့် ဖြေရှင်းလုပ်ဆောင်ရမယ့် ကိစ္စတွေဟာ တခုနဲ့တခု ထိထိမိမိ ချိတ်ဆက်ထားတဲ့ သဘော ရှိနေတယ်လို့ မြင်မိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေး၊ လက်နက်ကိုင် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပါတီများနှင့် အခြေခံဥပဒေ အခန်းကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေး၊ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးများ ချိုးဖောက်မှုကို တိုက်ဖျက်ရေး စတဲ့ကိစ္စတွေဟာ အမျိုးသားရေးအဆင့် (National level) နဲ့  ဖြေရှင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ တခုနဲ့တခုဟာလည်း ချိတ်ဆက်နေကြပါတယ်။ ဒီလိုကိစ္စတွေမှာ ပြဿနာတွေ ရှိလာရတာဟာ ခေတ်အဆက်ဆက်၊ စနစ်အမျိုးမျိုးမှာ ပြည်သူ့ဆန္ဒကို ဦးစားမပေးနိုင်ခြင်းရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်တာကိုပဲ ဥပမာပေးမယ်ဆိုရင် အဂတိလိုက်စားတာကို မတိုက်ဖျက် နိုင်ဘဲနဲ့ ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ တခါ အဂတိလိုက်စားတာကို တိုက်ဖျက်ရာမှာလည်း တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အစရှိတာတွေကလည်း ဝန်းရံထားနိုင်မှ ထိရောက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘက်မှာလည်း ဒီသဘောမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကွင်းဆက်သဏ္ဍာန် ပြဿနာကြီးတွေကို အမျိုးသားရေးအဆင့်နဲ့ ဖြေရှင်းနိုင်ဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာနဲ့ ပြည်သူတွေရဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မရှိမဖြစ် အရေးပါလှပါတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့အတွက် မြန်မာ့အရေးမှာ မြန်မာတွေက သာလျှင် အဓိက ကာယကံရှင်အဖြစ် တာဝန်ခံပြီး ညီညီညွတ်ညွတ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ဝမ်းသာစရာကတော့ လက်ရှိအချိန်မှာ အပြန်အလှန် ယုံကြည်မှုကို အပြည့်အဝ မဟုတ်သေးတာတောင် အတော်အတန် တည်ဆောက်လာနိုင်တာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုရှိမှလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို အရင် စစ်အစိုးရလက်ထက် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တဖက်သပ် လုပ်ဆောင်ခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ထုတ်ပြန်ခြင်း၊ ဧရာဝတီမြစ်ဆုံဆည် ကဲ့သို့စီမံကိန်းများ ချမှတ်လုပ်ဆောင်ခြင်း အစရှိတာတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ပြည်သူတွေဟာ အမြဲလိုလို အားမလို အားမရဖြစ်တတ်ကြပါတယ်။ ဒါဟာလူ့သဘာဝ ဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးစားစားနဲ့ တုန့်ပြန်ပေးနိုင်ရင် နိုင်ငံရေးက ပိုမိုရှင်သန် တိုးတက်နေမှာ ဖြစ်ပါတယ်။ ဒီအချက်ကို လစ်လျူရှုလိုက်ရင် နိုင်ငံရေး တည်ငြိမ်မှုကို စတင်ထိုးနှက်ဖို့ အခွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတာဟာ အရင် စစ်အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တဲ့ “အထက်ကပေးတဲ့ အမိန့်”  စနစ်ကို ချေဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေဟာ အထက်ကပေးတဲ့အမိန့် မဟုတ်ရတော့ ပါဘူး။ အခြေခံဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်အာဏာရဲ့ လမ်းညွှန်ချက်အဖြစ်နဲ့သာ ရှိနေရမှာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေမှာ အခုဆိုရင် မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတဲ့ စိတ်ဓါတ်တွေဟာ တိုးပွားလာနေတာ တွေ့ရတော့ ကျေနပ်အားရမိပါတယ်။ မီဒီယာကတဆင့် ပြည်သူလူထုတရပ်လုံး သိလာအောင် ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ စိတ်ဓါတ်တွေလည်း ရှိလာပါတယ်။ မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် တွေလည်း အရင်ထက်စာရင် အများကြီး တိုးတက်ကောင်းမွန်လာပါတယ်။ ဝန်ကြီးဌာနတချို့မှာလည်း သူ့လူကိုယ့်လူ ဦးစားပေးတာတွေ လျော့နည်းလာပြီး တန်းတူညီမျှမှုစနစ်ကို အကောင်အထည် စဖော်လာတာ တွေ့ရပါတယ်။

အဲဒါတွေဟာ တာဝန်ခံခြင်း (Accountability)၊ ပွင့်လင်းမြင်သာခြင်း (Transparency)၊ တန်းတူညီမျှခြင်း (Equality)နဲ့ လွတ်လပ်ခြင်း (Freedom of speech, Freedom of expression, Freedom of assembly, Freedom of press & Media freedom, etc.) ဆိုတဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ် အခြေခံစံနှုန်းတွေပါပဲ။ ပြည်သူတွေကိုယ်တိုင်မှာလည်း ဒီလိုမျိုး အလေ့အထတွေ တစတစ တိုးပွားလာတာ မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင် စိန်ခေါ်နိုင်ကြပါပြီ။

စတင် စိန်ခေါ်နိုင်ပြီ ဆိုပေမယ့်လည်း အခုလောလောဆယ်တော့ မြန်မာနိုင်ငံမှာ ဒီစံနှုန်းတွေဟာ စတယ်ဆိုရုံပဲ ရှိသေးတယ်လို့ ပြောရပါဦးမယ်။ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်းခြေ ၅% လောက်ပဲ ရှိဦးမယ်ဆိုရင် လွှတ်တော်အမတ်များ အပါအဝင် အစိုးရတာဝန်ရှိသူများ စိတ်မရှိကြပါနဲ့။ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတို့ကလည်း စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ တချို့ကဏ္ဍမှာတော့ မှန်းတာထက် ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။ တချို့မှာတော့ လျော့နေနိုင်ပြီး တချို့မှာတော့ လုံးဝကို မစတင်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။

ဘယ်ကဏ္ဍမှာ သုညလဲ လို့မေးရင် ကျနော် ပွင့်ပွင့်လင်းလင်း ဖြေပါမယ်။ တရားစီရင်ရေး ကဏ္ဍပါ။ ဒီကဏ္ဍဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကြီး သုံးရပ်ထဲမှာ ပါနေလို့ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီ နိုင်ငံတခုရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဂုဏ်သိက္ခာရှိရှိ ဖြစ်နေအောင် ကျနော်တို့ ဇွဲရှိရှိ အများကြီး ကြိုးစားရပါဦးမယ်။ နိုင်ငံရေးမှာ အစိုးရတဖွဲ့တည်း လုပ်ရတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရော ပြည်သူတွေပါ စုပေါင်းဝိုင်းဝန်း ဖေးကူလက်တွဲ လုပ်ဆောင်ကြရတာဖြစ်လို့ လူတိုင်း အဖွဲ့တိုင်းမှာ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးပါတယ်။

ဝေဖန်သံတွေကြားက မဆုတ်မနစ် ကြိုးပမ်းနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်ကတော့ ကျေနပ်အားရပါတယ်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အခုလို အသွင်ကူးပြောင်းကာလမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ဝိုင်းဝန်း တည်ဆောက် အားပေးနေကြသူ အားလုံးအပေါ်မှာလည်း ကျေနပ်အားရမိပါတယ်။ တကယ်တော့ ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်အရ ဒီမိုကရေစီကို အခြေခံထားတဲ့ ခေတ်သစ်တခုကို တည်ဆောက်နေကြသူတွေပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး

၆-၁၁-၂ဝ၁၁

မှတ်ချက်။  လက်ရှိအနေအထားအရ လိုရင်းမျှကိုသာ အကျဉ်းချုပ် ရေးသားထားခြင်းကြောင့် ခေတ်သစ်တည်ဆောက်ရေး အတွက် လိုအပ်သည့် ကဏ္ဍများစွာကို ရေးသားဖော်ပြရန် ကျန်ရှိနေသေးကြောင်း ဝန်ခံပါသည်။

Download Word – When we build new Burma

Download PDF – When we build new Burma

Written by Lwin Aung Soe

November 7, 2011 at 5:20 am

အစိုးရဆိုတာ လွှတ်တော်ကို အခြေခံထားရတာဖြစ်လို့ ဘာလုပ်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ လုပ်ပါ။

leave a comment »

အစိုးရဆိုတာ လွှတ်တော်ကို အခြေခံထားရတာဖြစ်လို့ ဘာလုပ်လုပ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ လုပ်ပါ။

 

အစိုးရပိုင်လို့ အတင်း နာမည်တပ်တာကိုက အစိုးရက ပြည်သူတွေကို အနိုင်ကျင့်တာ ဖြစ်တယ်။

ဒါတွေက နိုင်ငံပိုင်၊ ပြည်သူပိုင်တွေ ဖြစ်တယ်။ အစိုးရပိုင်တာ မဟုတ်ဘူး။ အကြမ်းဖျဉ်းဆိုရင် အစိုးရဆိုတာ ခု ဖွဲ့စည်းပုံအရ ၅ နှစ် တကြိမ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အနိုင်ရ ပါတီက ဖွဲ့စည်းလိုက်တဲ့ အုပ်စုပဲ။ ဒါကြောင့် သူတို့က ကြိုက်သလို ပိုင်ဆိုင်ခွင့် လုပ်ပိုင်ခွင့် ပေးလို့ မဖြစ်ဘူး။

ဒီလိုသာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အဦတွေကို အာဏာရပါတီရဲ့ အစိုးရက အလိုအလျောက် ပိုင်ကြေးဆိုရင် အခုရော၊ နောက်နောင် အစိုးရသစ် တက်လာတိုင်းရော ပြဿနာတွေက ရှုပ်ထွေး ကြီးထွားလာမှာ ဖြစ်တယ်။

ဥပမာ- ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာရေး အစွန်းရောက် နိုင်ငံရေးပါတီက အာဏာရပြီး အစိုးရ ဖြစ်လာမယ် ဆိုပါတော့။ ဒါဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဘုရား ပုထိုး ကျောင်းကန်၊ ဇရပ်တွေအားလုံး  အစိုးရပိုင်ဖြစ်သွားပြီး ဖျက်ဆီးခံရမှာပေါ့။

လတ်တလော ငွေရဖို့တခုတည်းကိုသာ မကြည့်ပါနဲ့။ ရေရှည် တိုင်းပြည်တည်တံ့ကောင်းစားရေးကိုသာ ကြည့်ပါ။ ဒါဟာ လူထုဆန္ဒအစစ်အမှန်လို့ ကျနော် ယုံကြည်ပါတယ်။

နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အဦတွေကို အစိုးရက သုံးချင်ရင် ဖြစ်သင့်တာက ခုလောလောဆယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းအတည်ပြုထားတာ မရှိသေးလို့ ဥပဒေနဲ့အညီဖြစ်အောင် လွှတ်တော်ကို ခွင့်တောင်းရမယ်။

ဥပဒေ ပြဌာန်းထားတာ မရှိသေးဘဲ အစိုးရသဘောနဲ့ စိတ်ကြိုက် လုပ်နေရင် ဒါဟာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဥပဒေသစ်ကို စောင့်ပါ။ လွှတ်တော်က အတည်ပြုတာကို စောင့်ပါ။ လူထုသဘောတူတာကို စောင့်ပါ။

လွှတ်တော်ဆိုတာ လူထုဆန္ဒအရ ဥပဒေပြုရမှာဖြစ်လို့ ဥပဒေအဖြစ် အတည်ပြုရင် ယေဘူယျအားဖြင့် လူထုက လက်ခံတဲ့သဘော သက်ရောက်တယ်။

နောက်တချက်က သမိုင်း အမွေအနှစ်ကို တန်ဖိုးထား ဆုံးဖြတ်ပေးနေတဲ့ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးတို့နဲ့ ကင်းလွတ်တဲ့ နိုင်ငံပိုင် အဆောက်အဦဟောင်းတွေ၊ အားကစားကွင်း မဟုတ်တဲ့နေရာတွေကိုသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သုံးဖို့ စဉ်းစားပါ။

နောက်ဆုံး လွှတ်တော်က သဘောတူသည့်တိုင်အောင် လူထုဆန္ဒ မဟုတ်သေးဘူးဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး စိန်ခေါ်လိုက်ပါ။

ဒီလိုမျိုးတွေ လုပ်နိုင်မှ နိုင်ငံနဲ့ပြည်သူကို လေးစားချစ်ခင် တန်ဖိုးထားတဲ့ အစိုးရ၊ ပြည်သူက ယုံကြည် အားကိုးတဲ့ အစိုးရ ဖြစ်လာနိုင်ပါမယ်။

နိုင်ငံရေးပါတီတွေမှာလည်း တာဝန်ကြီးကြီးမားမား ရှိနေပြီ ဆိုတာကို ဒီနေရာကနေ အသိပေးလိုက်ပါတယ်။

လွင်အောင်စိုး

၁၈-၁ဝ-၂ဝ၁၁

မြန်မာကျုပစ်ဖိုရမ်မှ

Download PDF – here

Written by Lwin Aung Soe

October 18, 2011 at 12:38 pm

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်

with one comment

Download Word – here

Download PDF – here

မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ

leave a comment »

မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၌မဆို အဓမ္မကျင့်သုံးသည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို ပြည်သူလူထုက မလိုလားပါ။ မလိုလားသည့်အတိုင်း ဆန့်ကျင်နေမည်သာ ဖြစ်သည်။

သို့သော်..

ပြည်သူလူထုက ထိုသို့ဆန့်ကျင်ခြင်းကို ကာကွယ်တားဆီးနိုင်ရန် အဓမ္မဝါဒီ အစိုးရတို့က ဥပဒေများ ထုတ်ပြန်ကာ အရေးယူသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော မတရားသည့် ဥပဒေများသည် ခေတ်စနစ်နှင့် မလျော်ညီ တော့သည့်တိုင်အောင် ဖျက်သိမ်းခြင်း မပြုသေးဘဲ တည်ဆဲဥပဒေများအဖြစ် ယနေ့တိုင် ကျင့်သုံးကာ အရေးယူနေဆဲဖြစ်သည်။

မတရားသော တည်ဆဲဥပဒေများကို မဖျက်သိမ်းသရွေ့ မည်သူမဆို တနေ့နေ့တွင် မတရား ဖမ်းဆီးခံရသော အကျဉ်းသား ဖြစ်သွားနိုင်သည်။ မိမိကိုယ်တိုင်မဖြစ်နိုင်ခဲ့သည့်တိုင် မိမိ၏သားသမီး၊ မြေးမြစ်များက အကျဉ်းသား ဖြစ်သွားနိုင်သည်။ ကိုယ်နှင့်မဆိုင်ဟုလည်း သဘောထား၍မဖြစ်။ လူတိုင်းအား အပြစ်ပေးလိုက ပေးနိုင်အောင် လည်ပင်း ကြိုးကွင်းစွပ်ထားပြီး ဖြစ်သည်။ စစ်အစိုးရခေတ်တွင် အာဏာရှင်စနစ် သက်ဝင်တည်တံ့နိုင်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ဓနဥစ္စာများ ပေးကမ်းထောက်ပံ့ခဲ့ရသူတချို့ပင်လျှင် အာဏာရှင် အလိုမကျသည်နှင့် ချက်ချင်းဘဝပြောင်းကာ အကျဉ်းသားပြန်ဖြစ်ရသည်များ ရှိနေခဲ့သည်။ ကျန်သူတို့အဖို့ကား ဆိုဖွယ်ရာမရှိတော့ပြီ။

သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ယုံကြည်ပါသလော။

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ကျနော့်တဦးတည်း၏သဘောမှာ မယုံတဝက်-ယုံတဝက် ဖြစ်နေသေးသည်ဟု ပွင့်လင်းစွာ ဆိုပါမည်။

သမ္မတဦးသိန်းစိန်သည် သန့်ရှင်းကောင်းမွန်သော အစိုးရတရပ် ဖြစ်အောင် ကြိုးပမ်းသည့်အနေဖြင့် ပြည်သူတို့၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားရေး၊ မီဒီယာလွတ်လပ်ခွင့်၊ လွှတ်တော်အတွင်း ပွင့်လင်း လွတ်လပ်စွာ ဆွေးနွေးခွင့်များ၊ ခေတ်စနစ်နှင့် လျော်ညီသောဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်း အစရှိသည့် ဒီမိုကရေစီအပေါ် စိန်ခေါ်ရဲမှုများကို စတင် လမ်းဖွင့်ပေးလာပြီဖြစ်၍ တဝက်ယုံခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် အထက်တွင် ရေးသားခဲ့သည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို  ဆန့်ကျင်သူတို့အား ကာကွယ်တားဆီးရန် နယ်ချဲ့ဗြိတိသျှခေတ်ကစ၍ စစ်အစိုးရခေတ်အထိ (စုစုပေါင်း နှစ် ၁၅ဝ တိုင်အောင်) ကျင့်သုံးနေခဲ့သည့် တည်ဆဲဥပဒေများကို သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်၌လည်း ဖျက်သိမ်းခြင်း မပြုဘဲ ကျင့်သုံးနေသေးသောကြောင့် တဝက်မယုံခြင်း ဖြစ်သည်။

ကျနော်ကဲ့သို့ မယုံတဝက်-ယုံတဝက် ဖြစ်နေသူများ ရှိနေနိုင်သည်။ လုံးဝ မယုံသူများလည်း ရှိနိုင်သည်။ လုံးဝ ယုံကြည်နေသူလည်း ရှိနိုင်ပါသည်။

ကျနော်တဦးတည်း၏ ယုံခြင်း-မယုံခြင်းကို သမ္မတက အလေးအနက် ထားမည် မဟုတ်ပါ။

သို့သော်..

သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ပြည်သူတရပ်လုံး မဟုတ်သည့်တိုင် အများစုက မယုံကြည်လျှင် ဒီမိုကရေစီကို တန်ဖိုးထားသော သမ္မတ တဦးအနေဖြင့် အလေးအနက် ထားလာနိုင် ပါသည်။

လူထုတောင်းဆိုမှုကြောင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့သော ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ယာယီရပ်ဆိုင်း လိုက်သည့်ကိစ္စမှာ လူထုဆန္ဒအပေါ် သမ္မတဦးသိန်းစိန်၏အစိုးရက အလေးအနက်ထားမှုကြောင့် ဖြစ်ပေါ်လာ ရသည့် သာဓကကောင်းဖြစ်သည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ အခြားသာဓကကောင်းတခုမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် တစိုက်မတ်မတ်တောင်းဆိုလာခဲ့ပြီးနောက် ယခုအချိန် စတင်လမ်းပွင့်လုနီးပါးဖြစ်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိစ္စ ဖြစ်သည်။

“ပြည်တင်းလျှင် မင်းမခံနိုင်” ဆိုသည့် ဆိုရိုးစကား မှန်ကြောင်း သက်သေထူလျက်ရှိသည်။ အကျိုးအကြောင်း ပြည့်ဝမှန်ကန်သည့် လူထုဆန္ဒဖြစ်လျှင် မင်းနှင့်ပြည်သူ ကြည်ဖြူသောကာလ၌ ဤဆိုရိုးစကား အမြဲမှန်နေကြောင်း သမ္မတက သက်သေပြလိုက်ပြီဟု ယူဆနိုင်သည်။ တချိန်တည်းမှာပင် လူထုဆန္ဒကို ဦးထိပ်ပန်ဆင်ရမည့် အချိန် ကာလကလည်း အမှန်တကယ် ရောက်ရှိနေပြီဖြစ်ရာ လူထုအနေဖြင့် အမြော်အမြင်ကြီးစွာ ညီညွတ်သော ခြေလှမ်းများဖြင့် ပန်းတိုင်သို့ ချီတက်ရမည့် အချိန်အခါကောင်း ဖြစ်သည်။

မတရားသော တည်ဆဲဥပဒေများကြောင့် ပြည်သူတို့ အကျဉ်းကျခံရခြင်း၊ အာဏာရှင်အလိုကျ ကျင့်သုံးခဲ့သော တည်ဆဲဥပဒေ ကြိုးကွင်းစွပ်ထားသည့်ဘဝတွင် ထာဝစဉ် စိုးရိမ် ပူပင်နေရခြင်းနှင့် မလိုလားအပ်ဘဲ အခက်အခဲ ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရခြင်း အစရှိသည်တို့သည် အာဏာရှင်ခေတ်မှ လက်ဆင့်ကမ်း အမွေအနှစ်ဆိုးများ ဖြစ်ပြီး ဒီမိုကရေစီ၏ အနုတ်လက္ခဏာတရပ် ဖြစ်သည်။ ဤသို့ပြောနိုင်သည်မှာ ဒီမိုကရေစီ အခြေပြု နိုင်ငံရေး စနစ်သည် အာဏာရှင်စနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်သို့ ဦးတည်သွားနေခြင်းကြောင့် ဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားတို့အနေဖြင့် အာဏာရှင်စနစ်ဘက်သို့ တလှမ်းလှမ်းတိုင်း အနုတ်လက္ခဏာ တခုစီ ပြသနေမည် ဖြစ်သည်။

လူထုဆန္ဒအရ ဒီမိုကရေစီအရေးများကို စတင်လုပ်ဆောင်ပေးမှုကြောင့် သမ္မတ ဦးသိန်းစိန်အား ဝိုင်းဝန်း ချီးကျူး နေကြသူများစွာ ရှိလာသည်ကို မငြင်းနိုင်ပါ။ အစိုးရတရပ်အနေဖြင့် မတူကြွဲပားကြသော ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရယူရန် အမှန်ပင် ခက်ခဲလှသောကိစ္စဖြစ်သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံရေးအလားအလာများ ကောင်းမွန်လာနိုင်စရာ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်နှင့်တကွ ဒီမိုကရေစီ ဘက်တော်သား ဥပဒေပြုလွှတ်တော် အမတ်များနှင့် အစိုးရဝန်ကြီးများအဖွဲ့အားလုံးတို့အနေဖြင့် ဒီမိုကရေစီ၏ အနုတ်လက္ခဏာများကို ဆက်လက်၍ သော်၎င်း၊ ထပ်မံ၍သော်၎င်း အလိုရှိနေဦးမည်ဟု မထင်ပါ။

ဒီမိုကရေစီ၏အနုတ်လက္ခဏာများကို ပယ်ရေးအတွက် အရေးတကြီး လိုအပ်နေသည်မှာ မတရားသော တည်ဆဲ ဥပဒေများကို အရင်ဦးဆုံး ပယ်ဖျက်ပေးဖို့ ဖြစ်သည်။ ဧရာဝတီမြစ်ဆုံအရေးတွင် သွေးစည်းညီညွတ်မှုကို ပြသနိုင် ခဲ့ကြသည့် ပြည်သူနှင့်အစိုးရတို့၏ အမြော်အမြင်ကြီးမားသော နိုင်ငံရေးအဖြေထွက်မှုသည် မတရားသော တည်ဆဲ ဥပဒေများအားလုံးကို အကြွင်းမဲ့ ဖျက်သိမ်းနိုင်ရေးအတွက် နိဒါန်းအစပျိုးလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်နိုင်စရာ ရှိနေပါသည်။

လွင်အောင်စိုး

၁-၁ဝ-၂ဝ၁၁

Download Word – Unfair existing law is a minus for democracy

Download PDF – Unfair existing law is a minus for democracy

Written by Lwin Aung Soe

October 2, 2011 at 12:42 pm

ဒီမိုကရေစီနိုင်ငံတွင် လူထုဆန္ဒပြခြင်းသည် မဆန်းပါ။

leave a comment »

ဒီမိုကရေစီနိုင်ငံတွင် လူထုဆန္ဒပြခြင်းသည် မဆန်းပါ။

Pic – 7 Days News Journal

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် အကြမ်းဖက်မှုကင်းစွာ တုန့်ပြန်ခြင်းသည် ဒီမိုကရေစီနိုင်ငံအတွက် ထူးဆန်းသောကိစ္စ မဟုတ်ပါ။ ထိုနိုင်ငံသည် ဒီမိုကရေစီ အစစ်အမှန် ဖြစ်ကြောင်းကိုပင် သက်သေပြရာရောက်သည်။ ဆန္ဒမပြရ ဟူ၍ တားမြစ်ခြင်းသည်သာလျှင် ဒီမိုကရေစီကို ဆန့်ကျင်ခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူတို့က လူစုလူဝေးဖြင့် အများသူငါ မြင်ကွင်း၌ ဆန္ဒပြခြင်းသည် နိုင်ငံရေးလုပ်ငန်းစဉ်တခု ဖြစ်သည်။ ပြုပြင်ရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေသည်။ မီးမောင်းထိုး မခံချင်လျှင် အစကတည်းကပင် အချိန်ရပါလျက် ဘာကြောင့် မလုပ်ခဲ့သနည်းဟုသာ မေးရပါလိမ့်မည်။

အချိန်မသင့်သေး (သို့) ပြုပြင်ပေးရန်အတွက် အစပြုတော့မည် ဆိုသော အကြောင်းပြချက်မျိုးသည် ယုတ္တိတန်ပါ သလားဟုလည်း မေးရပါမည်။

ဤမေးခွန်းများကို ဆန္ဒစော၍ မေးနေခြင်း မဟုတ်ပါ။ ဆယ်စုနှစ် (၅) ခုနီးပါး ဖြစ်လာသည်အထိ ဘဝနစ်မွန်း၍ အထိနာကာ လူ့အခွင့်အရေးများဆုံးရှုံးလျက် လူဖြစ်ရှုံးနေရသော နစ်-နာ-ဆုံး-ရှုံးနေရသူများအပေါ် သူတို့လောက် မခံစားရသူတိုင်းက အမှန်ပင် စာနာငဲ့ညှာပေးရန်၊ ယိုင်းပင်းကူညီပေးရန် လိုအပ်နေပါသည်။ တမိနစ်-တရက်-တပါတ်-တလ အချိန်စောလျှင်စောသလို ထိုသူတို့အား အထိုက်အလျောက် ပိုမို သက်သာစေနိုင် သဖြင့် မေးရခြင်းဖြစ်သည်။

လူတိုင်း မဆင်းရဲဖူးသော်လည်း မိမိပတ်ဝန်းကျင်ရှိ ဆင်းရဲသားတို့၏ ဘဝကို တွေ့မြင်နိုင်သည်။ ထောင်မကျဖူး သော်လည်း ထောင်တွင်းငရဲ ခံစားရပုံများကို လေ့လာကြားသိနိုင်သည်။ ယနေ့ နိုင်ငံရေးအခြေအနေတွင် မဆင်းရဲသော်လည်း၊ ထောင်မကျသော်လည်း နောင်တချိန် ကိုယ့်အလှည့်ရောက်လာနိုင်သည်ကိုလည်း ကြိုတင် တွေးထားအပ်သည်။ မေတ္တာနှင့် ဂရုဏာထားခြင်းသည် နိုင်ငံရေးသမားကောင်းတို့နှင့် တက်ကြွလှုပ်ရှားသူတို့၏ အခြေခံကျင့်ဝတ် ဖြစ်သည်။ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီနေသူတိုင်း၏ အခြေခံကျင့်ဝတ်လည်း ဖြစ်သည်။

နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အဓိကအကျဆုံးမှာ ပြည်သူလူထုတရပ်လုံး၏ ပကတိလိုအပ်ချက်ဆန္ဒများကို ဖြည့်ဆည်းရန်မှလွဲ၍ အခြားမရှိပါ။ ယခုအခါ ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရန် သမ္မတမှအစ လူထုတရပ်လုံးက စိတ်အားထက်သန်နေကြသည်။ အဓိကအကျဆုံးကို မမြင်ဘဲ၊ မြင်သည့်တိုင်အောင် ဆန္ဒမရှိဘဲ၊ ဆန္ဒရှိသည့် တိုင်အောင် အခြားကိစ္စများကို ဦးစားပေးရန် ဆုံးဖြတ်စီစဉ်နေလျှင် နိုင်ငံရေးလုပ်နေသည်ဟု မဆိုထိုက်တော့ပါ။

ယနေ့ ၂၆-၉-၂ဝ၁၁ နေ့တွင် ရန်ကုန်မြို့၌ တက်ကြွလှုပ်ရှားသူတို့က ဆန္ဒပြခြင်းသည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးနေ့ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည်မှာ အမှန်ဖြစ်သည်။ လူထုလိုလားချက် မပြည့်ဝသော အကြောင်းရင်းခံက ယခုတိုင် ဆက်စပ်မှုရှိနေသောကြောင့် တက်ကြွလှုပ်ရှားသူတို့၏ အစဉ်အလာ အရ ဤနေ့ကို ရွေးချယ်လှုပ်ရှားခြင်းသည် အပြစ်ဆိုစရာ မရှိပါ။ တက်ကြွလှုပ်ရှားသူတို့၏ သဘာဝနှင့် လှုပ်ရှားမှု သဘောကို နိုင်ငံရေးရှုထောင့်မှနေ၍ ကြိုတင် နားလည်ထားပါက အပြစ်တင်ရန် စိတ်စောမိကြမည် မဟုတ်ပါ။

ပို၍ရှင်းအောင် ဆိုရလျှင် နိုင်ငံရေးနှင့်ဆိုင်သော နေ့ကြီးရက်ကြီးများသည် အများသူငါ အာရုံစိုက်တတ်သည်ဖြစ်၍ အဆိုပါနေ့မျိုးကိုမှ ရွေးချယ်လှုပ်ရှားခြင်းသည် နိုင်ငံရေး အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်သည်။

ဒီမိုကရေစီတွင် မတူကွဲပြားသော လူပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးပေါင်းစုံ ပါဝင်နေကြသည်။ မိမိသဘော၊ မိမိကဲ့သို့ မဟုတ်လျှင် စိုးရိမ်ပူပင်စွာဖြင့် ပြစ်တင်ဝေဖန်ခြင်းကို ဒီမိုကရေစီ ရပိုင်ခွင့်အနေဖြင့် နားလည်ပေးနိုင်ပါသည်။ သို့သော် လူထုလှုပ်ရှားမှုတခုအပေါ် အကြောင်းပြုလျက် နိုင်ငံရေး အခွင့်သာမှုများဖြစ်စေနိုင်မည့် နည်းလမ်းများ ရှာဖွေကာ အားပေးထောက်ခံခြင်းက မိမိတို့မျှော်မှန်း စီစဉ်နေသော နိုင်ငံရေးလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စွာ အောင်မြင်စေတတ်သည်ဖြစ်၍ ချင့်ချင့်ချိန်ချိန်ဖြင့် ပြုမူအပ်ပါသည်။

ဒီမိုကရေစီခေါင်းဆောင်ကောင်းတို့သည် ထိုသို့မတူကွဲပြားသည်များကို စုစည်း၍ အင်အားတခု ဖန်တီးယူနိုင်ကြမြဲ ဖြစ်သည်။ ယခုပင်လျှင် မတူကွဲပြားမှုများကို ပြေလည်အောင် စုစည်းနိုင်မည့် အခွင့်ကောင်းကြီး ပေါ်လျက်ရှိ နေသည်။ ယနေ့မြန်မာနိုင်ငံကြီးသည် လူထုအင်အား လိုအပ်နေပြီ မဟုတ်ပါလော။

လွင်အောင်စိုး

၂၆-၉-၂ဝ၁၁

Download Word – here

Download PDF – here

Written by Lwin Aung Soe

September 26, 2011 at 11:24 am

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရမှ ၀န်ကြီးဌာနလေးခုနှင့် ပြည်သူ့လွှတ်တော်မှ ကော်မတီလေးရပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြား

leave a comment »

Eleven Media Group မှ ကူးယူဖော်ပြသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရမှ ၀န်ကြီးဌာနလေးခုနှင့် ပြည်သူ့လွှတ်တော်မှ ကော်မတီလေးရပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြား

Wednesday, 14 September 2011 11:25  

နှစ်စဉ် သောင်ခုံများပေါ်ထွန်းနေသည့် ဧရာဝတီမြစ်အား တွေ့ရစဉ်

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်တိုးတက်ရေး ဦးစီးဌာန၏ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ ဆောင်ရွက်ရန်မဟုတ်ဘဲ မြစ်ကြောင်းများ ထိန်းသိမ်းရေး လုပ်ငန်းစဉ်နှင့်  ပတ်သက် ဆက်နွယ် နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားပြီးဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ ပူးတွဲ၍ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့အစီအစဉ်တွင် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေတင်သွင်းသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများအား စီမံချက်ချမှတ် ဆောင်ရွက်ပေးပါရန်အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုနှင့်ပတ်သက်၍ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြည်လည်ရှင်းလင်း ဆွေးနွေးခဲ့မှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ် တလျှောက်တွင် ရေသယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲနေမှု၊ စည်းကမ်းမဲ့ တရားမ၀င် သစ်အလွန်အကျွံ ထုတ်ယူနေမှု၊ ရွှေနှင့်ကျောက်စိမ်းအပါအ၀င် သဘာဝ သယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲမှုစသည့် လူတို့၏ ပယောဂကြောင့် နွေအခါတွင် ရေခမ်းခြောက်မှု စံချိန်တင်ဖြစ်ပေါ်ကာ မိုးကာလတွင် စံချိန်တင်ရေကြီးမှုများ ဖြစ်ပေါ်နေမှု၊ မြစ်ကြောင်းများ တစ်လျှောက်တွင် သောင်ခုံကြီးများ နှစ်စဉ်ပေါ်ထွန်းနေမှု၊ မြစ်ကမ်းပါးများပြိုကြမှုကြောင့် မြို့ရွာများ နှစ်စဉ်ပြောင်းရွှေ့နေရမှု၊ ရေလမ်းကြောင်းများ ပြတ်တောက်ပြောင်းလဲနေမှုများအတွက် မြစ်ကြောင်းထိန်းသိမ်းမှု လုပ်ငန်းများကို ပြည်ထောင်စုအစိုးရက စီမံချက်ချဆောင်ရွက်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

ဟုမ္မလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးက ပြည်သူ့လွှတ်တော်အနေဖြင့် ယင်းအဆိုကို မှတ်တမ်းတင်ထားရန်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်နေမှုများကို လွှတ်တော်က စောင့်ကြည့် ညှိနှိုင်း ပူးတွဲဆောင်ရွက်သင့်ကြောင်း ပန်ကြားခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဧရာဝတီနှင့်ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ၁၉၈၆ ခုနှစ်မှစတင်ကာ ယူအင်ဒီပီအဖွဲ့အစည်းနှင့် ပူးတွဲဆောင်ရွက်ကာ အဓိကထား ထိန်းသိမ်းမှု ဆောင်ရွက်ရမည့်နေရာများကို ရွေးချယ်ကာ စီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့ကာ ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုပါသည်။ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြောင်းထိန်းသိမ်းမှု အဓိကဆောင်ရွက်ရမည့် နေရာ ၄၆ နေရာနှင့် ချင်းတွင်း မြစ်တစ်လျှောက်တွင် ၃၇ နေရာရှိပြီး လက်ရှိတွင် ရေကြောင်းလုပ်ငန်းနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၆၆ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ယင်းအတွက် ပြည်ပနိုင်ငံများမှ အကူအညီများရယူနိုင်ရန်လည်း ဆောင်ရွက်နေဆဲဖြစ်ပြီး အဆိုပါလုပ်ငန်းများသည် ပြည်ထောင်စုအစိုးရအနေဖြင့် စီမံချက်ချဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများအား စီမံချက်ချမှတ် ဆောင်ရွက်ပေးပါရန် အဆိုကို ပြည်သူ့လွှတ်တော်က မဲခွဲရန် မလိုသည့် အဆိုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လွှတ်တော် ကော်မတီများက စောင့်ကြည့်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားရန်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။

http://weeklyeleven.com/index.php?option=com_content&view=article&id=10151:2011-09-14-23-33-18&catid=42:2009-11-10-07-36-59&Itemid=112

My comment

ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းအပေါ် လူထုကန့်ကွက်သံတွေ ကျယ်လောင်လာတာရဲ့ လတ်တလော အကျိုးကျေးဇူးတွေထဲက တခုအနေနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးဘက်ကို အာရုံစိုက်လာတယ်လို့ ထင်ပါတယ်။ အမျိုးသားနိုင်ငံရေးအဆင့်မှာ ရှိနေကြတဲ့ လူထုကိုယ်စားပြုသူတွေက လူထုအသံကို အလေးအနက် ထားလာတာဟာ လူထုအကျိုးကို အရင်ခေတ်ကာလတွေထက် ပိုပြီး လက်တွေ့ကျကျ ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းလာနေပြီလို့ အကောင်းဘက်က မြင်မိပါတယ်။

တချိန်တည်းမှာပဲ လူထုဟာ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ဖို့၊ မြှင့်တင်ပေးဖို့ အမြင်ကျယ်လာတာနဲ့အမျှ တစုတစည်း တညီတညွတ်တည်းနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ကြတဲ့ စိတ်ဓါတ်တွေ ပိုမိုခိုင်မာလာတာလည်း အထင်အရှား ဖြစ်ပါတယ်။

“ဧရာဝတီမြစ်ကို ကယ်တင်ကြမယ် ဟေ့” လို့ စတင်နှိုးဆော်ချိန်ကစပြီး ဒီနေ့အချိန်ထိ သန္နိဌာန် ခိုင်မာနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာတို့ကို အထူးကျေးဇူးတင်ပါတယ်။ ရည်မှန်းချက် ပေါက်မြောက်တဲ့အထိ ဆက်လက် လှုပ်ရှားကြပါစို့။

ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးမှာ လူထုဟာ အရေးပါဆုံးဖြစ်သလို လူထုအသံကလည်း အစွမ်းထက် လက်နက်တခုပါ။ တို့မြန်မာတွေ ချော့တိုင်း မပျော့၊ ခြောက်တိုင်း မကြောက်တော့ပြီ။  

………………..

Written by Lwin Aung Soe

September 15, 2011 at 10:42 am

မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

leave a comment »

Eleven Media Group မှ ကူးယူဖော်ပြသည်။

မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

Sunday, 11 September 2011 06:08

မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း  အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။  စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။

ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။

ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်”ဟု ၎င်းက ပြောကြားခဲ့ပါသည်။

“ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။  သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။

သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။

အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။

ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။

Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို”ဟု ၎င်းက ပြောကြားခဲ့ပါသည်။

“ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈ဝ  ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။

ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ Reservoir ဆိုတာ ဖြစ်သွားပါတယ်။ Reservoir ဖြစ်သွားလို့ရှိရင် Reservoir အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။

environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့  မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။

ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။

ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။  အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။

ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။

မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀  ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။

“မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ  မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။

သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။

အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။  တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။

ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။

ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက်  ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။

နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။

လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။  ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။


ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။


“လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။  ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။

အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။

ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ  ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။

BANCA နဲ့ပတ်သက်ရင်လည်း  BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ်။ ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက  trade secret ဖြစ်တယ်။ ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret  ဖြစ်တယ်။  ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။

လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့်  ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။

သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။  ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။  ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။

ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။

ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။

ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။

အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊  ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။

—————————————————


မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ

ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ်က နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ၀န်ကြီး ဖြေရှင်းသင့်တယ်။  မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။ အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

“စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။  အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။”

ဆရာမောင်ဝံသ

ပြည်သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုလာတာတွေ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြစ်ဆုံကိစ္စ ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လို့အဆိုအနေနဲ့ လွှတ်တော်မှာ တင်ထားတာရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း

ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)

“ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို ဖတ်ရှုလေ့လာပြီး ရေးနေကြတာ  ဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး”

လူထုစိန်ဝင်း

“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။ (၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်”

ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

“ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့ ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့ အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး။

ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)

ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။ လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင် လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။

ဒေါက်တာဒေါ်မြင့်မြင့်ခင်

တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး။

ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်။

ဆရာမ ဂျူး

ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်းဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်

“ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလိုလုပ်လို့မရပါဘူး။ နိုင်ငံသားတိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြီးမီဒီယာတွေက တစ်ဆင့်ပြောရမှာပါ။ အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆက်ပြီးလုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင် သူတို့ရဲ့ Three Gorges Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးပါဘူး။ ပြန်ပြီးပြုပြင်လို့ ရပါတယ်။ နောက်ဆုံးမဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင် လျှော့ချလို့ရပါသေးတယ်။ စွမ်းအင်တစ်ခုတည်း ရဖို့အတွက် ဧရာဝတီမှာ စီမံကိန်းလုပ်ဖို့မလိုသေးပါဘူး။ သဘာဝဓာတ်ငွေ့လို တခြား ရွေးစရာနည်းတွေ ရှိပါသေးတယ်။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားတိုင်းပြည်တွေဆီ မရောင်းဘဲ ကိုယ့်နိုင်ငံတွင်း သုံးမယ်ဆိုရင်တောင် နှစ်ပေါင်း ၁၀၀လောက် သုံးလို့ရတယ်လို့ ကျွန်တော်သိရပါတယ်။ ကျွန်တော် ဧရာဝတီမြစ်ဆုံကို KIA နဲ့ ငြိမ်းချမ်းရေး မရသေးခင် ၁၉၉၃ ခုနှစ်က ရောက်ခဲ့ဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံတော်ဧည့်သည်အဖြစ် လာရောက်တဲ့ နိုင်ငံခြားသတင်းထောက်တွေရဲ့ ဆက်သွယ်ရေး တာဝန်ခံအနေနဲ့ ရောက်ခဲ့တာပါ။ အဲဒီတုန်းကမြင်ရတဲ့မြင်ကွင်းတွေနဲ့ အခုတွေ့ရတဲ့ အခြေအနေတွေကို မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ အချိန်တုန်းက ဧရာဝတီဆိုတာ သဘာဝအတိုင်းပဲရှိပါသေးတယ်။ အခုတော့ ရွှေတူးတာတွေနဲ့ ရေထုညစ်ညမ်းနေပြီး ဆောက်လုပ်ရေးအကြီးကြီးတွေ လုပ်နေတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီစီမံကိန်း ဆက်လုပ်ဖို့ စဉ်းစားစေချင်တယ်။ ပွင့်လင်းမှုရှိရှိ ချပြစေချင်ပါတယ်။ အခုလွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော်က တစ်ဆင့် ချပြစေချင်ပါတယ်”

ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ပြောရရင် ဧရာဝတီဆိုတာ မြန်မာ နိုင်ငံရဲ့အသက်သွေးကြော၊ သမိုင်းအနေနဲ့ထင်ရှားတဲ့အရာတစ်ခု၊ မြန်မာ တွေတန်ဖိုးထားရတဲ့ ရင်းမြစ်တစ်ခုလို့ပြောရမယ်။ ဧရာဝတီမြစ်ကြီးရဲ့ထိပ်မှာ တစ်နည်းပြောရရင် ဧရာဝတီကို စတင်ဖြစ်တည်စေတဲ့နေရာမှာပိတ်ပြီးရေကာတာ ကိုတည်ဆောက်နေကြတယ်ပေါ့လေ။ အဲဒီအခါမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေက မဆောက်သင့်ဘူးလို့ သူတို့သိထားတဲ့အချက်အလက်တွေ အရထောက်ပြလာကြတယ်။ ဒီအချိန်မှာ သတင်းစာထဲမှာ လျှပ်စစ်ဝန်ထမ်း တစ်ဦးဆိုတဲ့ ဘယ်သူမှန်းမသိတဲ့ သူတစ်ယောက်က ဒီရေကာတာကို ဆောက်လို့ရ ပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူးလို့ရေးလာတဲ့အခါမှာ ဒီရေကာတာစီမံကိန်း နဲ့ ပတ်သက်တဲ့အသံတွေက ပိုပြီးကျယ်ကျယ်လောင်လောင် ဖြစ်လာကြတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးကလည်း လက်မှတ်ထိုးပြီးတင်လာကြ တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း စောင့်ကြည့်နေကြတယ်။ ဒီစီမံကိန်း ကိုဆက်ဆောက်မယ်ဆိုရင်တော့ အစိုးရတစ်ရပ်အနေနဲ့ လုပ်ချင်တာကို လုပ် ပိုင်ခွင့်ရှိခြင်း မရှိခြင်းကတော့ တစ်ပိုင်းပေါ့။ သဘာဝသယံဇာတဆိုတာက တကယ်တမ်းပြောရရင် ပြည်သူလူထုက ပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့ အတွက်ပြည်သူလူထုက ပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရတယ်။ ဒါကြောင့်ဒီကိစ္စကဘယ်သူမှ ပိုင်တယ်လို့ ပြောလို့မရဘူး။ အများစုရဲ့ ဆန္ဒသဘောထားနဲ့ ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်ဆိုပြီး လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလို သမိုင်းရဲ့တရားခံတွေတော့ ဖြစ်လာမှာပဲ လေ။ ဒါကြောင့် ဆက်လုပ်မယ်ဆိုရင်တော့ တစ်ပြည်လုံးရဲ့ သဘောဆန္ဒကိုခံယူ တာမျိုးလုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ် သီးခြားလွတ်လပ်ပြီး တတ်သိနားလည်တဲ့ပညာရှင်တွေရဲ့အကြံဥာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး အားလုံးကတော့ စိုးရိမ်တကြီးဖြစ်နေကြပြီ။ အဓိကတော့ ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့ တတ်သိနားလည်သော ပညာရှင်တွေဆီက အကြံဥာဏ်တွေရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ ဆိုရင်တော့ ဒီရေကာတာဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး။

ဒါရိုက်တာမင်းထင်ကိုကိုကြီး

အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ၏ အသံဖိုင်အား Download ရယူရန် http://www.mediafire.com/?05jrovj0h9phxkl

Original Link – http://www.news-eleven.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112

……………………………..